ဆိုလာမီး

avatar
(Edited)

img_6074.jpg

အခုတလော မီးက ပျက်ချင်သလိုပျက်နေတော့ ကျွန်တော်လဲအချိန်တောင်မမှတ်နိုင်တော့။ လာရင် ဩ လာနေတယ် ပျက်ရင်လဲ ပျက်သွားပဟ လို့ပဲ
​တွေးလိုက်ပါတယ်။ မီးကမမှန်တော့ ချက်ရပြုတ်ရတဲ့ အဘွားလဲ အဆင်ပြေသလိုသာ ချက်ရပါတော့တယ်။

ဘယ်လိုမှ မရရင်တော့ မီးသွေးနဲ့ချက်ပေါ့လေ။ ပြန်နွေးဖို့ ဘာညာက ဂတ်စ်က အဆင်ပြေပါတယ်။ အဆင်မပြေတာက ညပိုင်းပျက်တဲ့အခါ အလင်းရောင်ရဖို့ပါ။ အိမ်ထဲမှာက အားသွင်းမီးအိမ် ဓာတ်မီးတွေထွန်းထားလို့ ရပေမယ့် ခြံဝင်းအတွင်းက မှောင်နဲ့မည်းမည်းသာ နေပါတော့တယ်။

ပတ်ဝန်းကျင်မှာလဲ မီးပျက် လမ်းမီးတွေလဲ မလင်းနိုင်ကြတော့ အကုန်လုံး ကြင်စိုးကျေးဇူးနဲ့ အမှောင်ထဲမှာ ငုတ်တုတ်သာ။

ညရေးညတာအတွက် မီးမှောင်နေရင် ဒုစရိုက်သမားတွေ အကြိုက်တွေ့နိုင်သလို မြွေပါးကင်းပါး အန္တရာယ်ကလဲ ရှိနိုင်သေးတယ်ဆိုတော့ အဖေက ဆိုလာမီး တပ်ဖို့ ဝယ်လာပေးပါတယ်။ ဟိုးအရင်တုန်းကတည်းက အဖေ့ကို ဆိုလာမီးတပ်ဖို့ ခနခနပြောဖူးသေးတယ်ဗျ။

အဲ့တုန်းက ဈေးကြီးလို့လား ဘာလား မသိပါဘူး။ တခါမှ မတပ်ဖြစ်ခဲ့ပါဘူး။ အရင် မိုးနဲမှာ လျှပ်စစ်မီး မရခင်က ကိုယ်ပိုင် ရေအားလျှပ်စစ် တနိုင်တပိုင်လေး လုပ်ဖူးပါတယ်။ အိမ်သုံးတောင် မီးချောင်းလောက်သာ ဖွင့်လို့ရပါတယ်။

တီဗီဖွင့်ချင်ရင် မီးအကုန်မှိတ်ထားမှ တီဗီတစ်လုံးသာ နိုင်ပါတယ်။ ကြားထဲ ဘက်ထရီ တဆင့်ခံရပါသေးတယ်။ ဘက်ထရီက မကောင်းတော့ရင်လဲ အားက တက်လိုက်ကျလိုက်၊ နွေအခါ ရေအလာနည်းပြန်ရင်လဲ မီးအားက မငြိမ်နဲ့ တိုင်ပတ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အဲ့တုန်းက ဒိုင်နမို အသေးလေးနဲ့ လျှပ်စစ်မီးလေးတော့ ထွန်းခဲ့ဖူးပါတယ်။ ကျွန်တော်က ဆိုလာဆို ပိုကောင်းမယ်ထင်နေတာ အဖေက ဈေးများတယ်လို့ပဲ ပြန်ပြောခဲ့ပါတယ်။

အဲ့ဒီတုန်းက ဆိုလာပြားတွေက ဈေးလဲကြီးပြီး နည်းပညာက အခုလောက် အဆင်မပြေသေးတော့ ကိုယ်တတ်နိုင်တဲ့ ပမာဏနဲ့ဆို မီးသီး တစ်လုံးလောက်သာ ထွန်းနိုင်မယ်ထင်ပါတယ်။

အခု LED တွေပေါ်လာတော့ မီးအား အစားသက်သာပြီး တော်တော်လေးလင်းတာ တွေ့ရပါတယ်။ တပ်ဆင်ရတာလဲ လွယ်ကူပြီး အရင်လို ကြားခံ ဘက်ထရီတွေ မီးကြိုးတွေ ခလုတ်တွေ မလိုတော့ပါဘူး။

ကိုယ်တပ်ချင်တဲ့နေရာ ရွေးပြီး ဆလိုက်မီးကို စကူနဲ့တပ်ထားလိုက်ရုံပါပဲ။ ခြံထဲ ကိုယ်လိုချင်တဲ့နေရာ အလင်းရဖို့တော့ ကိုယ့်ဘာသာ ချိန်ရတာပေါ့လေ။ ပြီးရင် ဆိုလာပြားကို ခေါင်မိုးပေါ်မှာ နေရောင်အများဆုံးရနိုင်မယ့်ဖက်လှည့်ပြီး ထောင်ထားပြီး ကြိုးကို ဆလိုက်မီးနဲ့ ချိတ်လိုက်ရုံနဲ့ သူ့ဟာသူ အလုပ်စလုပ်ပါပြီ။

မီးအဖွင့်အပိတ်ကလဲ သူ့ဟာသူ ညမှောင်တာနဲ့ မီးဖွင့်ပေးပြီး မနက်ကျ ပြန်ပိတ်သွားပါတယ်။ အလုပ်ရှုပ် သက်သာပါပေ့။ ဘယ်နေ့လောက်ထိ ခံမလဲတော့ မသိပေမယ့် အခုထိတော့ အဆင်ပြေနေပါသေးတယ်။

ကြင်စိုးတို့တသိုက်က မီးဖြတ်အမှောင်ချထားတော့လဲ ကိုယ့်ဘာသာ အိမ်ဝင်းထဲတော့ မီးလင်းအောင် ကြံဖန်ရတာပါပဲ။ အိမ်ထဲက အားသွင်းမီးအိမ်ထက်တောင် အပြင်က ဆိုလာမီးက ပိုလင်းနေတော့ မီးပျက်ရင် အပြင် ထွက်ထိုင်ရမလိုလို ဖြစ်နေပါတယ်။

တအိမ်လုံးသုံးနိုင်တဲ့ ဆိုလာမီးတပ်နိုင်ရင်တော့ epc ကို အဖက်လုပ်စရာ မလိုတော့ဘူးပေါ့။ ဒါပေမယ့် အဲ့လောက်ဆို ကုန်ကျစရိတ်က မသက်သာလှပါ။
အခုတော့ ဒီလောက်ဆိုလဲ မဆိုးပါဘူးလေ ဖြေသိမ့်ရင်း မီးမလာတဲ့ ရက်တွေမှာ ဆိုလာမီးကို ငေးကြည့်ရင်းသာ။

Sai Kaung Zaw Thant
17/3/22



0
0
0.000
9 comments
avatar

အတော်ဆိုး ငကြင်စိုး။
!LOL

0
0
0.000
avatar

ဟုတ်ပါ့ ဟုတ်ပါ့ သူ့ပဲ မေတ္တာ ပို့နေရတယ် မအလ ကြင်စိုး

0
0
0.000
avatar

ဘယ်လောက်ပေးရလဲ။
ဆိုလာပြားက နေနဲ့ ကွယ်မနေဘူးလား

0
0
0.000
avatar

ငါးသောင်းလောက်ရှိမလားပဲ အဖေဝယ်လာတာ။ ဆိုလာပြားက ခေါင်မိုးပေါ်မှာတင်ထားတာ ပြီးမှ ကြိုးနဲ့ ပြန်ချိတ်တာ။

0
0
0.000
avatar

Congratulations @saikaungzawthant! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You distributed more than 800 upvotes.
Your next target is to reach 900 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Check out the last post from @hivebuzz:

Hive Power Up Month - Feedback from February day 15
Support the HiveBuzz project. Vote for our proposal!
0
0
0.000