MongNai(6)

img_5931.jpg

လွိုင်မြေဘုရား

လွိုင်မြေ ဘုရားက ကျွန်တော်တို့ အိမ်နဲ့ နီးပါတယ်။ အိမ်ကနေ မနက်ခင်း ပြတင်းတံခါး ဖွင့်တာနဲ့ အရင်ဆုံးတွေ့ပါတယ်။ တောင်ကုန်းလေးပေါ်မှာ တည်ထားတာမို့ ခပ်လှမ်းလှမ်းကနေတောင် တွေ့နိုင်ပါတယ်။ စေတီရဲ့ ဉာဏ်တော်က တအားမမြင့်ပါဘူး။ တောင်ကုန်းကလဲ ခပ်သေးသေးပါပဲ။

အရင်က လွိုင်ဟေ လို့ ရှမ်းနာမည်ရှိတာပါ။ နောက်ပိုင်းမှလွိုင်မြေလို့ ပြောင်းလာတယ်လို့ ပြောတယ်။ လွိုင်ဟေ ဆိုတာက ဖိတ်ကျ ဖိတ်စင်ခဲ့တဲ့ တောင်လို့ ဆိုပါတယ်။ ဟိုးအရင် မိုးနဲမြို့ သမိုင်းမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ဘီလူးမရဲ့ အရိုးတွေ အဲ့ဒီ တောင်နားအရောက်မှာ ဖိတ်စင်ကျခဲ့လို့ အဲ့ဒီ နာမည်တွင်ခဲ့တာပါ။ နောက်ပိုင်းမှာ စေတီ တည်ထားခဲ့ကြပါတယ်။

တောင်ကုန်း အခြေမှာ မုဒ်ဦးနဲ့ အပေါ်ကို တက်သွားတဲ့ စောင်းတန်းလေးရှိပါတယ်။ မုဒ်ဦးရှေ့မှာတော့ ခြေင်္သေ့ရုပ်ကြီး နှစ်ကောင် စောင့်ပါတယ်။ ကျွန်တော်တို့ အိမ်သွားတဲ့လမ်းက အဲ့ဒီရှေ့က ဖြတ်ရပါတယ်။ ငယ်ငယ်က အဲ့နားဖြတ်ပြီဆို ညီအစ်ကို နှစ်ယောက် မတိုင်ပင်ရဘဲ သုတ်ခြေတင်ပြေးပါတယ်။ ဘာရယ်လို့တော့ မဟုတ်ပါဘူး။ စိတ်ထဲမှာ အဲ့ရုပ်ထုကြီးက လိုက်ကြည့်တယ်ပဲ ထင်နေတာနဲ့ တစ်ယောက်နဲ့တစ်ယောက် စနောက်ကြရာက အနောက်မှာ ကျန်မနေရဲတာပါ။ ဘာမှတော့ မဖြစ်ဖူးပါဘူး။

အဲ့ဒီထက် ကျွန်တော်တို့ ကြောက်တာက စောင်းတန်း တဝက်လောက်မှာ ရှိတဲ့ ရုပ်ထုတွေပါ။ ဘာအရုပ်တွေလဲဆိုတော့ နိမိတ်ကြီး လေးပါး သူအိုသူနာ သူသေ ရဟန်း ပါ။ ဘာလို့ကြောက်လဲဆိုတော့ အဲ့ဒီ ရုပ်ထုတွေက လူအရွယ်အစားအတိုင်း လုပ်ထားတဲ့ အပြင် လူသူလေးပါး ဖျက်ဆီးမှာစိုးတော့ သံတိုင်တွေနဲ့ ကာထားတဲ့ အဆောက်အဦးထဲမှာ ထားတာဗျ။

ရဟန်း ရုပ်ထုက လွဲလို့ ကျန်တာက ကြည့်မကောင်းတာရယ် ကလေးမျက်စိထဲမှာ တမျိုးဖြစ်နေတာရယ်ကြောင့် အဲ့ဒီတုန်းက ကြောက်စရာ ထင်ခဲ့တာပါ။ ပြီးတော့ သူသေရုပ်ကို ပိုအသက်ဝင်အောင် ဠင်းတတွေက အူတွေဖောက်စားနေတဲ့ပုံလုပ်ထားတာကိုး။ အသက်ကြီးလာလို့ ပြန်သွားကြည့်တော့ ငါဘာကို ကြောက်ခဲ့ပါလိမ့်လို့ ပြန်တွေးရတယ်။ ဒါပေမယ့် ငယ်ငယ်က ပြေးတက်ပြေးဆင်းလုပ်ရင်း အဲ့ ရုပ်ထုတွေဖက် သိပ်မလှည့်ကြည့်ရဲခဲ့ဘူး။

မိုးနဲက လူကြီးသူမတွေကတော့ လွိုင်မြေဘုရားမှာ ဥစ္စာစောင့် ရှိတယ်ပြောတယ်။ တခြားစေတီ ဘုရားတွေအများကြီးရှိတဲ့ထဲက ဒီဘုရားမှာ ပိုပြီး အစောင့်အရှောက်ရှိတယ်လို့ပြောကြတာပဲ။ ကျွန်တော်တော့ ထူးခြားတာ တခါမှ မတွေ့ဖူးပါဘူး။

img_5930.jpg

နောက်တစ်နေရာက နတ်ရေကန်လို့ခေါ်တဲ့ တစ်မြို့လုံးနီးပါး ရေပေးတဲ့ ကန်ကြီးပါ။ ရှမ်းလိုတော့ နောင်လွန် လို့ခေါ်ကြတယ်။ နောင် ဆိုတာက အင်း ၊ရေကန်၊ လွန် ဆိုတာက ကျွံကျတာ ပေါ့။ ဟိုးအရင်တုန်းက အဲ့ဒီနေရာ ရေကန် မရှိသေးခင်မှာ စော်ဘွားရဲ့ဆင်က မြေကြီးထဲ ခြေကျွံကျပြီး ပြန်နှုတ်တော့ စမ်းရေအိုင် စဖြစ်လာတာလို့ အဖွားက ပြောပြဖူးတယ်။ အဲ့ဒီကနေ ရေထွက်လို ဖြစ်လာပြီး ရေကန်တွေ ဘာတွေတည်ထားပေးတာဗျ။

မြန်မာတို့ ရှမ်းတို့ အယူအရ စိမ့်ရေ စမ်းရေထွက်တွေက နတ်ကြီးတယ်လို့ အယူရှိကြတယ်မလား။ အဲ့တာကြောင့် နတ်ရေကန်လို့ ခေါ်တယ်ထင်တာပဲ။ မြန်မာနာမည်နဲ့ ပတ်သက်လို့တော့ သေချာ မသိရဘူး။ ရေထွက်ရှိတဲ့ နေရာမို့လို့လားတော့ မသိဘူး အဲ့ဒီနားတဝိုက်က တော်တော် သာယာတယ်။ အပင်ကြီးတွေကို ရေထွက် အတွက် မခုတ်ဘဲ ထားပေးလို့ထင်တယ်။ အိုအေစစ်လိုပဲ။

ကျွန်တော်တို့ ကျောင်းနဲ့လဲ သိပ်မဝေးတော့ မနက်ခင်း သူငယ်ချင်းတွေနဲ့ ကျောင်းခန်း အတွက်ရေသွားသွား ခပ်ကြတယ်။ ပြီးရင် ချက်ချင်း မပြန်သေးဘဲ အနီးနားက တောအုပ်လေးထဲ လျောက်သွားကြတယ်။ ငယ်ငယ်တုန်းကတော့ စာသင်ခန်းထဲ မြန်မြန် ပြန်မရောက်လေ ကောင်းလေပဲကိုး။

တခါကထင်တယ် နတ်ရေကန်ထဲမှာ ဝါးဖောင် တွေ့လို့ တက်စီးကြသေးတယ်။ ကျောင်းပြန်ရောက်တော့ ဘယ်ကောင်ဖော်ကောင် လုပ်တယ်မသိဘူး ဆရာမတွေ သိသွားပြီး အတော်လေး အဆူခံလိုက်ရတယ်။

နတ်ရေကန် ရေထွက်က တစ်နှစ်ပတ်လုံး ရေထွက်နေတာဗျ။ အဲ့ဒီ လျှံကျလာတဲ့ ရေတွေကို ပိုက်လုံးနဲ့ သွယ်ပြီး ရေချိုးဖို့နေရာတွေ လုပ်ထားပေးတယ်ဗျ။ ရဟန်းကိုရင်တွေအတွက် တစ်ခန်း၊ ယောင်္ကျားတွေအတွက် တစ်ခန်း၊ မိန်းမတွေအတွက် တစ်ခန်း နဲ့ သပ်သပ် တစ်ခန်းစီ နံရံတွေခြားပြီး ဆောက်ထားတာ။ အမိုးတွေတော့ မပါဘူးပေါ့လေ။ နွေရာသီကျရင် ရေလာချိုးတဲ့သူများတယ်။ တမြို့လုံးနီးနီး ဒီရေပဲ အားကိုးနေရတာပါပဲ။

အဲ့ဒီနားတဝိုက် ညစ်ညမ်းတာတွေ မပြောရမလုပ်ရဘူးလို့ လူကြီးတွေက ပြောကြတယ်။ မဟုတ်ရင် ရေထွက် ပိတ်သွားမယ်တဲ့။ အပေါ့အလေးလဲ မသွားရဘူးပေါ့။ ညစ်ညမ်းမှုတွေ များလာရင် ရေထွက်က ရေတွေ မသန့်တော့တာ ဒါမှမဟုတ်လဲ ရေထွက် ကန်းသွားတာ နားလည်ပေမယ့် စကားပြောတာကအစ အမှားမခံတာတော့ ကျွန်တော်လဲ နားမလည်ဘူး။ ထုံးစံမလို့ ကျွန်တော်လဲ စောဒက မတက်နေတော့ဘူး။

နတ်ရေကန်အနီးမှာပဲ ကျွန်တော် ရှေ့အပိုင်းမှာ ပြောခဲ့တဲ့ မြို့ကို လျှပ်စစ်မီးပေးတဲ့ မီးစက်ကြီးထားတာပါ။ မီးစက်ကြီးက တော်တော်ကြီးပါတယ်။ ဂိုဒေါင်လိုမျိုး အဆောင်အကြီးကြီးဆောက်ပြီး ထည့်ထားတာ။ ရေကန်အနီးထားတာက မီးစက်က အပူရှိန်လျော့ချဖို့ cooling လုပ်ဖို့ ရေက နတ်ရေကန်ထဲကရေကို အလွယ်တကူ ရယူနိုင်လို့ပါ။ မီးစက်သံကတော့ မခံစားနိုင်လောက်အောင် ကျယ်ပါတယ်။ အခုနောက်ပိုင်း စက်မနိုးရတော့လို့ တော်သေးရဲ့။

နောက်တပိုင်းမှာတွေ့ကြပါမယ်။ အားလုံးပဲ ကျန်းမာရေး ဂရုစိုက်ကြပါ။ ကျေးဇူးတင်ပါတယ်ဗျ။

photos source: Facebook
Sai Kaung Zaw Thant
6/2/22



0
0
0.000
10 comments
avatar

မျှဝေပေးတာ ကျေးဇူးတင်ပါတယ်
ဗဟုသုတလည်း အလွန်ရပါတယ် အကိုရေ့ နောက်အပိုင်းတွေကို မျှော်နေပါ့မယ်ခင်ဗျ !lol

0
0
0.000
avatar

Knock knock...
ERROR: Joke failed.

@johndieo, You need more $LOLZ to use this command. The minimum requirement is 16.0 LOLZ.
You can get more $LOLZ on HE.

0
0
0.000
avatar

မိုးနဲ ချစ်စရာကောင်းမယ့် မြို့လေး မရောက်ဖူးသေးပါ။
!PIZZA

0
0
0.000
avatar

ဟုတ်ကဲ့ လမ်းပန်း ဆက်သွယ်ရေးက အခုဆိုပိုကောင်းလာပါပြီ။ လာလည်ပါဦး။

0
0
0.000
avatar

အဲဒီနတ်ရေကန်မှာ ငါးမျှားလို့ ရသလားဗျ... 😁😁😁 စာဖတ်ကြည့်တာနဲ့ တင် အတော်လေး နေလို့ကောင်းမဲ့ ဒေသလို့ ခံစားရပါတယ်။

0
0
0.000
avatar

တချို့တလေ လာမျှားကြတယ် ကိုဟင်။ ရေချောင်းထဲမှာ သွားမျှားတဲ့သူ ပိုများမယ်ထင်တယ်။ ငါးမိုင်းလဲ ခွဲကြတယ်ဗျ။

0
0
0.000