ဘဝဟူသော သင်ခန်းစာ ( Henry Aung )

avatar
(Edited)

111.jpeg

မင်္ဂလာပါ။ ယမန်နေ့က စင်္ကပူရှိ မိတ်ဆွေတယောက်နှင့် စကားပြောဖြစ်ပါသည်။ သာကြောင်း မာကြောင်း သတိရကြောင်း ။ စင်္ကပူ တွင် Covid အခြေအနေဆိုးလာသဖြင့် အိမ်ထဲမှ အလုပ်လုပ်နေရကြောင်း ၊ စားသောက်ဆိုင်များမှ လည်း ထိုင်စားခွင့်မရှိ ပါဆယ်သာ ယူ၍ ရကြောင်း ၊ Covid ကာကွယ်ဆေး ထိုးထားသော်လည်း ထိရောက်စွာ ကာကွယ်နိုင်သည့် လက္ခဏာ မရှိကြောင်း စသည်ဖြင့် ပြောဖြစ်ခဲ့ပါသည်။

တခုထူးခြားသည်မှာ လက်ရှိ အိန္ဒိယ နိုင်ငံတွင် မထိန်းချုပ်နိုင်လောက်အောင် ကူးစက်နေသော Covid တတိယလှိုင်းမှာ စင်္ကပူမှ ပြန်လာသူထံမှ ကူးစက်သည်ဟု သိရသောကြောင့် အန္ဒိယ နိုင်ငံရေးသမားများက စင်္ကပူအား အပြစ်တင်နေကြကြောင်း နှင့် စင်္ကပူ နိုင်ငံသားများကလည်း စင်္ကပူ ရှိ အန္ဒိယ အလုပ်သမားများအား အားလုံးပြန်ခေါ်သွားရန် အစရှိသဖြင့် Facebook တိုက်ပွဲ ဆင်နွဲနေကြကြောင်း ကျွန်တော့မိတ်ဆွေမှ ပြောပြပါသည်။

မှန်ပါသည်။ အိန္ဒိယတွင် Covid ကူးစက်လူနာ သေနှုန်းမှာ ကြောက်ခမန်းလိလိ။ လူသေများ မီးသင်္ဂြိုလ် ရန် မတတ်နိုင်တော့သဖြင့် မြစ်ကမ်းဘေး သဲသောင်များတွင် မြုပ်ထားကြသည်ကို တွေ့ရပါသည်။ ကျွန်တော်တို့ နိုင်ငံတွင်တော့ လွန်ခဲ့သော လေးလလောက်မှ စ၍Covid က ဘယ်ဆီရောက်သွားသည်မသိ။ ဘယ်လောက်ကူးနေမှန်း မသိသလို ဘယ်လောက်သေနေပြီလည်း မသိ။

ယခင်က အပြင်ထွက်၍ ပြန်လာလျင် အရက်ပြန်ဖြင့် ရေချိုးရတော့မလောက် ကြောက်ဒူးတုန်ခဲ့သော Covid သည်လည်း Covid ထက်ဆိုးသော သူ့အဖေ ရောက်လာသဖြင့် ငြိမ်သွားသည်ဟုထင်ပါသည်။ ကျွန်တော်တို့ဘဝကတော့ Covid ကာကွယ်ဆေး အသာထား ရိုးရိုး ဆေးဝါးများပင် တဖြည်းဖြည်း လက်လှမ်း မမှီသော အနေအထားသို့ရောက်လာရပြီ ဖြစ်ပါသည်။

ကုန်ဈေးနှုန်း တက်လျင်တခုတည်း လိုက်တက်သည် မဟုတ်။ သူနှင့် ဆက်စပ်နေသော အရာအားလုံး တက်သွားသည် ဖြစ်ရာ ဆေးဝါး ဈေးနှုန်းများကလည်း ဒီနေ့ ဈေး နှင့် မနက်ဖြန် ဈေး မတူတော့ပါ။ ယခု အချိန် သင့်အား လူချမ်းသာ တယောက် အဖြစ်သိသာစေရန် ရွှေဆွဲကြိုး များ စိန်လက်စွပ်များ ဝတ်ပြရန် မလိုပါ။ ဆေးဝါးများ ဝယ်ကာ လည်ပင်း တွင် သီကုံး ဆွဲထားရုံမျှ ဖြင့် သင်လူချမ်းသာ တယောက်ဖြစ်ကြောင်း သိနိုင်ပြီ ဖြစ်ပါသည်။

မည်သို့ပင် ဆိုစေ လူသားများ ဖြစ်သည့် အလျောက် ကြံဖန်၍ အသက်ရှင် နေထိုင်နိုင်ရန် ကြိုးစားရမည်သာ ဖြစ်ပါသည်။ အခက်အခဲတိုင်းသည် လူသားများအတွက် ဗဟုသုတ နှင့် သင်ခန်းစာ များပေးကြသည်သာဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံတွင် လူလာဖြစ်ကြသူများကတော့ မိမိသိရှိထားသော ဘဝသင်ခန်းစာများအား အသုံးချခွင့် မရတော့ပဲ တသက်လုံး သင်ခန်းစာအသစ်များ ယူရင်းသာ ဘဝကုန်ဆုံးကြတော့မည်ဟုထင်ပါသည်။

Henry Aung ( Kachin )

28/05/2021 - Friday - 09;23 Am



0
0
0.000
9 comments
avatar

မလွယ် မလွယ် မလွယ် မလွယ်ရေးချ မလွယ်
မင်းအောင်လှိုင် သေမှ အေးပါမယ်။

ဟုတ်ပါ့ဗျာ။
ဆေး ဈေး က တက်၊
ပြည်သူတွေ ဝင်ငွေက မကောင်းတော့၊
လုပ်စားရတာ မဟန်ပါဘူး။

0
0
0.000
avatar

လက်ချိုးရေနေပြီ...

0
0
0.000
avatar

အလုပ်သမားအခွင့်ရေးတောင် အပြည့်မရတော့ပါဘူး။
အလုပ်ခေါ်လို့ လစာမေးလိုက်ရင် ၈ သောင်း၊ ၉ သောင်းတဲ့ဗျာ။
မအလ လုပ်မှ အခြေခံလူတန်းစားတွေ ခွက်ဆွဲရတော့မယ်။
ကိုဗစ်ကတော့ မသိဘူး။ မအလ ပစ်လို့ လူသေရင် ကိုဗစ်ကြောင့် သေပါတယ်
ဆိုပြီး လက်မှတ်ထိုးပြီးမှ အလောင်းပြန်ပေးသတဲ့ဗျာ။
ယုတ်မာချက် အဇာတသတ် တောင်ရှုံးရလောက်တယ်။

0
0
0.000
avatar

အမှန်တော့ အဲဒီ ၈ သောင်း ၉ သောင်း တောင် လုပြီး လုပ်နေကြရပြီ.... အလုပ်ပေးထားသူတွေကိုပဲ ကျေးဇူးတင်နေရမလို ဖြစ်နေပြီ..... အလွှာ တန်းစားအားလုံး သူ့အပူနဲ့ သူဖြစ်နေပြီ။ ကျားကြီးရင် ခြေရာကြီး လာတဲ့သဘော။

0
0
0.000
avatar

အင်း ဆေးတွေဈေးတက်ဆို ကျုပ်အမေ လေဖြတ်
ထားလို့ ဦးနှောက် အာရုံကြောဆေးတောင်းဝယ်မရတော့ဘူး။
ဗမာဆေးနဲ့သာ နှစ်ပါးသွားရတော့တယ်။

0
0
0.000
avatar

ဆေးတွေက ဒေါ်လာနဲ့ ဝယ်ရ... ဒေါ်လာဈေးကတက်.... မြန်မာပြည်ကို ပိတ်ဆို့တဲ့ နိုင်ငံတွေကများလာ.... ပိုက်ဆံရှိရင်တောင် ဝယ်ချင်တိုင်း ဝယ်မရ....

0
0
0.000
avatar

အရင်ထက်တိုးတက်လာမည့် မြန်မာနိုင်ငံတော်ကြီးကိုတော့ မျော်လင့်မိနေဆဲပါ ။

0
0
0.000
avatar

တနေ့တော့ ရောက်လာမည် မလွဲပါ.... တနေ့ နေ့ပေါ့။

0
0
0.000