ကျွန်တော်နှင့်ဂွဈေး ( အပိုင်း-၂ ) ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ ကျွန်တော်၏ မပြီးပြတ်သေးသော ဂွဈေးသွားသည့် အကြောင်းအား ဆက်ကြပါအုံးစို့။ ယမန်နေ့က ဖေါ်ပြပေးခဲ့ပြီး ဖြစ်သည့် အတိုင်း အပျိုကြီး ၏ အပ်ချုပ်ဆိုင်မှ ကျော်လွန်လာပြီးနောက် ဇကာကုံးများ ဇကောချပ်များရောင်းသည့် ဆိုင်အားတွေ့ရ၏။

ထို ဆိုင်ပိုင်ရှင်မှာ ဈေးဝယ်သူနှင့် မနေ့က ထွက်သွားသော ၂ လုံး ဂဏန်း အကြောင်းပြောနေကြ၏။ အပိုင်ကွက်ရသော်လည်း မထိုးမိလိုက်ကြောင်း လည်းပါ၏။ မယ်တော် အိမ်မက်ပေးသည်လည်းပါ၏။ မယ်တော်အား နွားနို့ တိုက်ရကြောင်းလည်းသိရ၏။ အဘယ်သို့သောမယ်တော်နည်း။ ကျွန်တော်လည်း မသိပါ။

ထို တောင်းပလုံး ဇကာကုံး ဆိုင်၏ မျက်စောင်းထိုးတွင် ဈေးအိမ်သာရှိ၏။ အိမ်သာရှေ့တွင် ညစ်စုတ်စုတ် လူတယောက်ထိုင်နေ၏။ အိမ်သာ ဝင်ခ ကောက်သောသူပေတည်း။ အိမ်သာ တခါဝင်လျင် ၁၀၀ ကျပ်ပေးရ၏။ ထို သူ၏ လက်ထဲတွင် အကြွေအတော်များများကိုင်ထားကာ မကြာခဏ ရေသန့်ဘူးအား မော့သောက်နေ၏။

ရေသန့်ဘူကာ မှန်၏။ သို့သော် အတွင်မှ အရည်ကာ အနည်းငယ်နီညိုရောင်သန်းသော အရည်ဖြစ်၏။ မောနင်းပက် တင်နေခြင်း ဖြစ်တန်ရာ။ ကျွနုပ်လည်း အပေါ့သွားချင်လာသဖြင့် ပိုက်ဆံ ၁၀၀ ပေးကာ အိပ်သာသို့ ဝင်ရလေတော့၏။

ဈေးအိမ်သာ ဆိုသော်လည်း အနံ့အသက်မရှိ။ အတော်အတန် သန့်ရှင်းသော အိမ်သာဖြစ်၏။ လက်ဆေး ဘေစင်တွင် ဆပ်ပြာ လည်းထားပေးထား၏။ ဆပ်ပြာမသုံးလိုသူများအတွက် လက်သန့်ဆေးရည်လည်း ထားပေးထား၏။ ကောင်းလေစွ။ သို့သော် မြန်မာတို့၏ အိမ်သာ ဖြစ်သည့်အလျောက် အိမ်သာ ထောင့်တွင်ကာ ကွမ်းသွေးများဖြင့် ဂျိုးတက်နေ၏။

မြန်မာ လူမျိုးတို့ကာ အတော်ပင် ပါးစပ်စည်းကမ်းမရှိသော လူမျိုးဖြစ်၏။ တိုက်ခန်းလှေကား ထောင့်များ ပလက်ဖောင်းထောင့်များ ဓါတ်တိုင် အောက်ခြေတို့တွင် ကွမ်းသွေးများ ထွေးထားကြ၏။ ပြုပြင်သင့်သော လေ့အထဖြစ်၏။ ရှိစေတော့။

အိမ်သာမှ ထွက်လာပြီးသော် ပိတ်ထားသော ဆိုင်ခန်း များတွေ့ရ၏။ ထိုမှလွန်သော် အုန်းသီး ငှက်ပျောသီးများ ရောင်းသော ဆိုင်တန်းအားတွေ့ရ၏။ အုန်းသီးများအားခွဲကာ စက်ဖြင့် အုန်းသီး ခြစ်နေကြ၏။ အုန်းခွံတို့ကာ တောင်ပုံရာပုံ။

ထိုအုန်းသီး ဆိုင်ဘေးတွင် ကုန်စုံဆိုင်များရှိ၏။ ဈေးဝယ်သူတို့ကာ အုံခဲလျက်။ ဈေးဝယ်သူတို့ကာ အချို့က mask တက်လျက် ။ အချို့ကာ Mask မေးချိတ်ထားကြ၏။ အချို့ကာ Mask မပါကြ။ သို့သော် ရောင်းသူဝယ်သူ အသံတူ အဆင်ပြေနေကြ၏။

ထိုကုန်စုံဆိုင်တို့၏ ဘေးတွင်ကာ အဝတ်အထည် များရောင်းချသော ဆိုင်ခန်းများ ဖြစ်၏။ ဘော်လီများ ၊ အတွင်းခံများ ၊ အသင့်ဝတ် ဝမ်းဆက်များ မျိုးစုံ ချိတ်ဆွဲထား၏။ ထိုအချိန်တွင် ဈေးအတွင်းသို့ သီလရှင် ဆရာလေး ၅ ပါးခန့် အလှူခံဝင်လာကြ၏။ " ကိုယ်ရော စိတ်ပါ လန်းလန်းဖြာ ကျန်းမာကြပါစေ ၊ မိမိကောင်းမှုအကြောင်းပြု ကြီးပွားကြပါစေ" အစရှိသော သံပေါက်အား ညီညီညာညာ ရွတ်ဆိုလာကြ၏။

ဆိုင်များမှ ဝတ္ထုများ ကပ်ကြသလို အလှူငွေလည်း လှူကြ၏။ သီလရှင် ဆရာလေးများကာ သံပေါက်ဆိုရာတွင် မယ်လိုဒီလည်းကောင်း ဟာမိုနီလည်း ကောင်းကြ၏။ အဝတ်အထည်တန်းမှ အတန်ငယ်သွားမိသော် တခုသော ပရဆေးဆိုင်ကိုတွေ့ရ၏။ အတော်အတန် စုံလင်သော ပရဆေးဆိုင်ဖြစ်၏။

ဟင်းခတ်အမွေးအကြိုင်အပါအဝင် နီသောဝါသောညိုသော အမှုန့်များ အခဲများလည်းတွေ့ရ၏။ ထောပတ်ထုပ်များလည်း ရှိ၏။ ဒန်ပေါက်မဆလာ ဟူ၍လည်း ရောင်းနေ၏။ စပျစ်သီးခြောက်များ ဖာလာစေ့ များ နာနတ်ပွင့် များလည်း တွေ့ရ၏။ အမျိုးသမီးတယောက်က နနွင်းလုံးများ ဝယ်ယူနေသည်ကိုတွေ့ရ၏။ ထိုပရဆေးဆိုင်ဘေးတွင် အပ်ချုပ်ဆိုင် အတော်များများတွေ့ရ၏။

အမျိုးသမီးငယ်များ အပ်ချုပ်နေကြ၏။ အချို့ကာ လက်ချုပ်လိုက်နေကြ၏။ လက်က အလုပ်လုပ်နေကြသလို ပါးစပ်ကလည်း အလုပ်လုပ်နေကြ၏။ ကိုးရီးယားကား အကြောင်းများဖြစ်မည်ထင်၏။ BTS ဟူ၍လည်းကြားမိ၏။ တယောက်သော အမျိုးသမီးလေးက ချောင်းဦးဦး အားရလျင် သေပျော်ပြီဟုလည်း ကြားမိ၏။ ချောင်းဦးဦး ဟူသည်ကာ အဘယ်သို့သောသူနည်း။ ကျွနုပ်လည်း ညာဏ်မမှီ သဖြင့် ရှေ့ဆက်ကာ သွားရတော့၏။

ထို့နောက် သားငါးများရောင်းသော ဈေးတန်းသို့ ရောက်ရလေတော့၏။ ဈေးသယ်တို့ကာ ယူပါ ဝယ်ပါ ကြည့်ပါ အော်ဟစ်ခေါ်နေကြ၏။ အမဲသားသည် အန်တီကြီးကာ ဘယ်သူ့ကိုမှ မခေါ် ခပ်တည်တည် ဈေးရောင်းနေ၏။ ဘေးတွင် ရှိသော ဆိတ်သားသည် မာမူကြီးကာ ဆိတ်ရိုးများ ခုတ်ထစ်နေ၏။

ဆိတ်သားများကာ အတွဲလိုက်ချိတ်ထား၏။ ဆိတ်ကလီစာ အား ဒိန်ချဉ်ဖြင့်နှပ်ထားကာ မဆလာနိုင်နိုင်ဖြင့် ဆိတ်ကလီစာဟင်း ချက်စားရလျင် ဖြင့် ဗိုက်ခွေးနမ်း မည်ဖြစ်၏။ ဘေးတွင်ကာ ငါးခူများ ငါးရံ့များ ရောင်းသော လင်မယားရှိ၏။ မယားက ငါးရောင်း၏။ လင်ဖြစ်သူက ငါးတို့အား ဗိုက်ခွဲ ကြေးခွံချွတ်လုပ်ပေးနေ၏။

ကျွန်တော့အား မြင်လျင် အတင်းခေါ်ကာ ငါးရောင်းနေ၏။ သူ့ငါးခူ ကောင်းကြောင်း အကောင်သေများမဟုတ်ကြောင်း အရှင်များဖြစ်ကြောင်း မသေးလွန်းမကြီးလွန်း အကောင်များဖြစ်ကာ ချက်စားရန်သင့်လျော်ကြောင်းရှင်းပြနေ၏။ ထို့နောက် ငါးခူ ကြော်ပြီးလျင် ရွဲယိုရွက် အုပ်ကာ နှပ်စားလျင် အလွန်ကောင်းကြောင်းဖြင့် ဟင်းချက်နည်းပါ သင်ပေးနေ၏။ ဈေးလည်းရောင်း ဟင်းချက်နည်းပါသင်ပေး ... ကောင်းလေစွ။

ငါးခူ အရှင်များဘေးတွင်ကာ ငါးရံ့ကြီးများကာအားရစရာ ။ လက်ဖျံလောက်ရှိသော အကောင်များ ဖြစ်၏။ ငါးရံ့ များမြင်လျင် ကျွန်တော့ ညီမဖြစ်သူအား သတိရမိ၏။ ညီမလေးကာ ငါးဟူ၍ ငါးကြင်းကလွဲလျင် ဘာငါးမှမစား ။ အထူးသဖြင့် အင်းအိုင်ငါးများဖြစ်သော ငါးခူ ၊ ငါးရံ့ ၊ ငါးကျည်း များ မစားပါ။ သို့သော် ငါးရံ့အူ ဟင်းအား အလွန်ကြိုက်သူဖြစ်၏။ ငါးရံ့မစား ငါးရံ့အူဟင်း စား၏။ ဝက်သားမစားဘူး ဝက်ရည်သောက်တယ် ဟူသော လူစားဖြစ်၏။

ဆက်လက်ဖေါ်ပြပေးပါမည်။

Henry Aung ( Kachin )

01/06/2021 - Tuesday - 11;13 Am



0
0
0.000
7 comments
avatar

ဆိတ်ကလီစာ ဒိန်ချဉ်နဲ့ နှပ်ချက်တာ မစားဖူးသေးဘူး။
နောက်များ ချက်စားကြည့်ရဦးမယ်။

0
0
0.000
avatar

မချက်တတ်ရင် အရမ်း ညှီပါတယ်... သေချာချက်စားပါ။

0
0
0.000
avatar

စေ◌ျးအကြီးအသေး ကွာသွား ပေမဲ့ ကျွန်တော်တို့ဆီလဲ သိပ်တော့ မထူးလှပါဘူးလေ


Posted via proofofbrain.io

0
0
0.000
avatar

ဈေးသွားတောလားပေါ့။

0
0
0.000
avatar

အိမ်ရှင်မကြီး ကိုဟင်ရေ ဆိတ်သားနဲ့ ဒိန်ချဉ်၊ ငါးခူနဲ့ ရဲရိုရွက်ချက်လေး
စားချင်စမ်းပါဘိ အင်း အနိစ္စ ကောင်းလေးစွ။

0
0
0.000
avatar

နောက်မှ ဟင်းချက်နည်းတွေရေးပေးမယ်

0
0
0.000