မင်းသိင်္ခ

avatar
(Edited)

mtk.png

(၁)
တနေ့သ၌ ရန်ကုန်မြို့ ရပ်ကွက်တစ်ခုတွင် နေထိုင်သော ဆယ်ကျော်သက် လူငယ်လေးတစ်ဦးသည် မိဘများ မသိအောင် အိမ်မှခိုးထွက်ခဲ့လေသည်။ သူသွားလိုသောနေရာမှာ သူ့၏မိဘများနှင့် အတူ သွားဖူးသော ရွှေတိဂုံဘုရားအနီးအနားဖြစ်၍ မည်သည့်ကားကိုစီး၍ မည်သည့်မှတ်တိုင်တွင် ဆင်းရမည်ကို သူကောင်းစွာ သိနေလေသည်။ ထိုလူငယ်လေးသည် ရွှေတိဂုံဘက်ကို ဦးတည်သွားသော အမှတ် ၁၆ ဘတ်စ်ကားကို တက်စီးသည်။ ထို့နောက် အုတ်လမ်းမှတ်တိုင်သို့ ရောက်သောအခါ ကားပေါ်မှ ဆင်းလိုက်လေသည်။

ထိုလူငယ်လေးသည် ဘေးဘီဝဲယာကို လှည့်၍ကြည့်လိုက်ပြီး သူဆင်းခဲ့သောမှတ်တိုင် မှန်မမှန် လေ့လာလိုက်သည်။ သူသွားလိုသော နေရာကို တွေ့ရသောအခါ ခပ်သွက်သွက်လျှောက်သွားလေသည်။ ထိုလူငယ်ဦးတည်ရာလမ်းသည် အုတ်လမ်းဘက်မှ ရွှေတိဂုံဘုရား မြောက်ဘက်မုဒ်ပေါ်သို့တက်သော အာဇာနည်ကုန်းဘေးရှိ တောင်ကုန်းငယ်ပင် ဖြစ်တော့သည်။

သံတိုင်များဖြင့် ဝင်းခတ်ထားသော ထိုတောင်ကုန်းငယ်ပေါ်သို့ လူတစ်ယောက်သာသာ ဝင်ပေါက်မှ တရွေ့ရွေ့ သူတက်သွားသည်။ ထို့နောက် လမ်းဘေးဝဲယာကို ကြည့်၍ကြည့်၍ တစုံတခုကို ရှာဖွေနေလေသည်။ တောင်ကုန်းအလယ်လောက်တွင် သူရှာဖွေနေသော အရာကို တွေ့လိုက်သောအခါ လူငယ်လေးမှာ ပိုမိုစိတ်လှုပ်ရှားလာပြီး ခတ်သွက်သွက်ကလေး ထိုနေရာသို့လျှောက်သွားလေသည်။ လူငယ်လေးသည် ထိုအရာကို မွေးနေ့ပွဲတွင် လက်ဆောင်ရလိုက်သည့် ကစားစရာတခုပမာ တယုတယပွတ်သတ်၍ စူးစမ်းလေ့လာတော့သည်။ ထိုအရာမှာ တောင်တက်လမ်းကလေး၏ ညာဘက်ဘေးတွင် တည်ရှိနေသော တစ်တောင်ခန့်ဘောင်ကလေးဖြင့် ခတ်ထားသည့် ရေတွင်းငယ်ကလေးပင် ဖြစ်တော့သည်။

လူငယ်လေးသည် သူ၏စိတ်မှန်းဖြင့် ရေတွင်းလေးကို နှစ်ပိုင်းခွဲလိုက်လေသည်။ ညာဘက်ခြမ်းထဲမှ ရေကို လက်ခုတ်ကလေးဖြင့်ခတ်၍ သောက်ကြည့်သည်။ ကြည်လင်စိမ်းညို့နေသော ရေသည် အေးမြလတ်ဆတ်မှုသာမက ချိုသောအရသာကိုပါ ပေးစွမ်းနိုင်သည်ကို တွေ့ရသည်။ ဘယ်ဘက်ခြမ်းထဲမှ ရေကို သောက်ကြည့်ပြန်ရာ ချဉ်သောအရသာကို ခံစားလိုက်ရသည်။

လူငယ်လေးသည် သူလာရကျိုးနပ်ပြီဟူသော ပီတီဖြင့် ပြုံးနေသော သူ့ မျက်နှာကို ‌ရေထဲတွင် သူပြန်မြင်ရလေသည်။ ထိုရေတွင်းငယ်လေးသည် မြက်ထူထူကြားထဲတွင် ရှိနေလင့်ကစား နယ်နယ်ရရမဟုတ်၊ အညတြမဟုတ်၊ စင်စစ် ထိုရေတွင်းလေးသည်ကား နတ်ရေတွင်းပေတည်း။

ထိုလူငယ်လေးသည် နယ်နယ်ရရမဟုတ်၊ အညတြမဟုတ်။ စင်စစ် ထိုလူငယ်လေးသည် ယခုအခါ ဤစာကိုရေးနေသည့် စာရေးသူပင်တည်း။

(၂)
အဟတ် အဟတ် 😂 ...
ကျွန်တော်ငယ်ငယ်က မနုစာရီကိုဖတ်၍ အဲသည်လို ရူးခဲ့ဖူးသည်။
မနုစာရီဝတ္ထုထဲတွင် အဆိုပါရေတွင်းငယ်သည် နတ်ရေတွင်းဖြစ်၍ တခြမ်းချို တခြမ်းချဉ်သည်၊ ရောဂါဝေဒနာများ ပျောက်ကင်းသက်သာစေသည်ဟု ညွှန်းထား၍ ငယ်ဘဝက နတ်ရေတွင်းရှာပုံတော် ဖွင့်ခဲ့ခြင်းဖြစ်သည်။

စာဖတ်တတ်ခါကအရွယ်၊ ပထမဆုံး ဖတ်ဖူးတဲ့ စာရေးဆရာတွေထဲမှ ဆရာမင်းသိင်္ခ ကိုတော့ အခုထိ စွဲစွဲလမ်းလမ်း ရှိနေသည်။ ဆရာမင်းသိင်္ခသည် ကျနော်တို့အတွက် သူရဲကောင်းများ မွေးထုတ်ပေးခဲ့သည်။ တနည်းဆိုရလျှင် ဆရာမင်းသိင်္ခသည် သူရဲကောင်းတို့၏ ဖခင်ကြီးဟု တင်စားခေါ်ဝေါ်ထိုက်ပေသည်။

ဆားပုလင်းနှင်းမောင် . . .
အကျော်အမော် စုံထောက်ကြီး။
ကိုလိုနီလက်အောက်ခံ ဝန်ထမ်း ဖြစ်သော်လည်း မျိုးချစ်စိတ်ရှိသူ။
အထက်ဖါးအောက်ဖိမလုပ်ပဲ ဥပဒေ မျက်နှာကိုသာကြည့်ပြီး ကိုလိုနီအရာရှိကြီးများကို အာခံဝန့်သူ။
တိုင်းပြည်အရေးနှင့် ပတ်သက်လာသော မျိုးချစ်ရာဇဝတ်သားများအပေါ် မျိုးချစ်စိတ်အပြည့်ဖြင့် ကူညီပံ့ပိုးပေးသူ။
မြန်မာ့လက်ဝှေ့ပညာကို ကျွမ်းကျင်စွာ တတ်မြောက်၍ လက်ရုံးရည်နှင့် ပြည့်စုံသူ။
စွယ်စုံကျမ်းကြီးသဖွယ် မတစ်လုံးကြေ ဉာဏ်ပညာထက်မျက်၍ နှလုံးရည်နှင့် ပြည့်စုံသူ။
အမျိုးသမီးများအပေါ် စွဲဆောင်မှုရှိသလောက် အမျိုးသမီးများနှင့် ကင်းကင်းရှင်းရှင်းနေတတ်သူ။

စနေမောင်မောင် . . .
ဆားပုလင်းနှင်းမောင်ကဲ့သို့ ကိုလိုနီလက်အောက်ခံဝန်ထမ်း မဟုတ်ယုံမှတပါး ဆားပုလင်းနှင်းမောင်ကဲ့သို့ ဘက်စုံထူးချွန်သူ။
လှို့ဝှက်နက်နဲသော ဂမ္ဘီရပညာများကို လေ့လာလိုက်စားသူ။
မြန်မာတို့ပိုင် ဂမ္ဘီရပညာများကို စွန့်စားရှာဖွေ၍ အသက်စွန့် ထိမ်းသိမ်းစောင့်ရှောက်သူ။
ထူးခြားထက်မျက်သည့် နှလုံးရည် လက်ရုံးရည် စွမ်းရည်များကို ပိုင်ဆိုင်သူ။
ကိုယ့်အသက်ကို မငဲ့ကွက်ပဲ အများအကျိုးအတွက်ထမ်းဆောင်သူ။
အားနည်းသူဘက်မှ အမြဲတမ်းရပ်တည်၍ ကိုယ်ကျိုးစွန့်ကူညီသူ။

ဖရော်ဖက်ဆာဒေါက်တာဆိတ်ဖွား . . .
ဆားပုလင်းနှင်းမောင်ကဲ့သို့စုံထောက်ကျော်နှင့် ဉာဏ်ရည်ယှဉ်ပြိုင်နိုင်သူ။
ကိုလိုနီစံနစ်ဆိုးကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အာခံတော်လှန်သူ။
ဖရော်ဖက်ဆာဒေါက်တာဘွဲ့ကို ဘဝတက္ကသိုလ်တွင် ရရှိခဲ့သူ။
အားနည်းသူဘက်မှ အမြဲတမ်းရပ်တည်၍ ကိုယ်ကျိုးစွန့်ကူညီသူ။
ကိုယ့်အသက်ကို မငဲ့ကွက်ပဲ အများအကျိုးအတွက်ထမ်းဆောင်သူ။
ရာဇဝင်လူဆိုးကြီးဟု ကိုလိုနီမှတ်တမ်းဝင်သော်လည်း သူ့အတွက် အသက်စွန့်ကူညီသည်အထိ လူဆိုးလူမိုက်အားလုံး၏ ချစ်ခင်လေးစားမှုကို ခံရသူ။

ထို့နောက် . . .
ပုဏ္ဏားဘကွန်း
ဖြစ်ချင်တာဖြစ် မောင်ဘချစ်
မတစ်ထောင်တစ်ကောင်ဘွား
ပျော်ပါတယ် မောင်ပြည်သိမ်း
ပြည်ကြီးမဏ္ဍိုင် မြကြီး
ပြောထုံးဖြစ်အောင် ငနက်ခေါင်
မြေလျှောက်ဝိဇ္ဇာ ရွှေမြသာ
မြိုင်မဟာ မြမလေး
မနုစာရီ
မ တတ်ပါ့
တို့ကဲ့သို့ သူရဲကောင်းများစွာလည်း ရှိနေသေးသည်။

ထို့အပြင် . . .
ကိုလိုနီလက်အောက်ခံဘဝမှ ကိုယ့်ထီးကိုယ့်နန်း ပြန်ရရေး အတွက် လွတ်လပ်ရေးကြိုးပမ်းခဲ့သော မြန်မာ့အင်ပါယာ ၁၂ ဆက်မြောက်ကို ပြန်လည်ထူထောင်လိုသော ဒွာဒဿမဂိုဏ်းကဲ့သို့သော သူရဲကောင်းအဖွဲ့ကို သဘောကျခဲ့ဖူးသည်။ မေတ္တာသုတ်လာ ဧကပုတ္တ မနုရက္ခေဟူသော ဂိုဏ်းသားများ၏ လှို့ဝှက်စကားကို အမှတ်တရ ရှိခဲ့ဖူးသည်။

နယ်ချဲ့ကိုဇာတာမဖတ်နဲ့ဟူသော ရိုးရာဗေဒင်ပညာရပ်၏ ပညာစဉ်အပေါ် သစ္စာစောင့်ထိန်းမှုနှင့် အသက်စွန့်၍ ဂိုဏ်း၏ဂုဏ်သိက္ခာကို ကာကွယ်ခဲ့သော ဧကံသဗျာကရဏ ဂိုဏ်းခေါင်းဆောင် ဆရာသိင်္ခကို လေးစားခဲ့ဖူးသည်။ ဆရာသိင်္ခ ကြိုးဒဏ်မခံရမှီ သူ၏နေရာကို ဆက်ခံမည့် နောင်ဂိုဏ်းခေါင်းဆောင်မှာ အဖေအင်္ဂါသား၊ အမေစနေသမီးတို့မှ မွေးဖွားလာမည့် တနင်္ဂနွေသား ဖြစ်လိမ့်မည်ဟု ဂိုဏ်းစဉ်ပညာကို ဆက်ခံရန် ကြိုတင်ဟောကိန်းထုတ်၍ သူ့ကိုယ်သူ သွယ်ဝိုက်ညွှန်းခဲ့သည်မှာ စာရေးဆရာကောင်းတစ်ဦး ပီသခဲ့လေသည်။ (ဧကံသဗျာကရဏဆိုသည်မှာ အမေးပုစ္ဆာကို လက်ညိုးတစ်ချောင်းထောင်၍ တခွန်းတည်းသော အဖြေသာပေးသည့် ပညာရပ်ဖြစ်သည်)

ဆရာမင်းသိင်္ခသည် လက်ရိုးနက္ခတ်ဗေဒင်၊ လက္ခဏာ၊ မြန်မာ့ရိုးရာ လက်ဆန်းဗေဒင်၊ အရှေ့တိုင်း အနောက်တိုင်း ကမ္ဘာအရပ်ရပ်မှ ဂမ္ဘီရပညာရပ်မျိုးစုံကိုပါ စူးစမ်းလေ့လာခဲ့သည်ကို သူရေးခဲ့သော ဝတ္ထု၊ ဆောင်းပါး၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် ကျမ်းများက သက်သေခံ နေပေသည်။

သို့သော် ဆရာမင်းသိင်္ခ လက်ကိုင်ထား၍ သုံးစွဲခဲ့သောပညာရပ်မှာ မြန်မာ့ရိုးရာ လက်ဆန်းဗေဒင်ဖြစ်သည်ဟု ကျွန်တော့် အနေဖြင့် ယူဆလိုသည်။ ဆရာသည် သူ၏တပည့်များစွာကိုလည်း ထို လက်ဆန်းဗေဒင်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ရန် ပညာအမွေ ပေးခဲ့ဟန်ရှိသည်။

မင်းသိင်္ခ၊ မင်းသိန်းခိုင်၊ ဇင်ယော်နီ၊ စောယုနွယ်၊ စသည့် အမည်နာမများမှာ လက်ဆန်းဗေဒင် ပညာတစ်ရပ်ဖြစ်သော အင်္ဂဝိဇ္ဇာ ပညာခန်းလာ ပဉ္စဆတွင် အညွှန့်တင် မှည့်လျှင်နည်းမဟာ ဟူသော အောင်မြင်ကျော်ဇောစေသည့် အမည်ပေးနည်းကို သုံးထားသည်။

တနင်္ဂနွေသားကို ခိုင်ခန့်တည်မြဲအောင် ကျားကန်ထောက်ကူနိုင်သည့် နဝင်းတွဲကို အသုံးချကာ မရမ်းတလင်းဟု နေထိုင်ရာအရပ်ကို အမည်ပေးခဲ့သည်၊ မနောမယဟု ဂျာနယ်အမည်ကို ပေးခဲ့သည်၊ မနုစာရီဟု မဂ္ဂဇင်းအမည်ကို ပေးခဲ့သည်။

သူမွေးဖွားရာ ကောဇာသက္ကရာဇ်၏ မဟာဘုတ်၏ အားအကောင်းဆုံး အထွန်းဂြိုလ်လည်းဖြစ်၊ တနင်္ဂနွေသား၏ အောင်မြင်ပြီးစီးရာ နဝင်းဂြိုလ် လည်းဖြစ်သော ကြာသာပတေးနံဖြင့် အစပြု၍ သူ့ဝတ္ထုများစွာ၏ ခေါင်းစဉ်အမည်ကို ပေးခဲ့သည်။

မြန်မာ့ရိုးရာ ဆန်းဗေဒင်ပညာ၏ ဖခင်ကြီး ဦးထွန်းမြတ်၏ ပညာကို ဆန်းဆရာကြီး ဦးသိန်းထွန်းရ၏။ ဦးသိန်းထွန်း၏ပညာကို ဆန်းဆရာကြီးဦးကျော်ရင်ရ၏။ ဆန်းဆရာကြီးဦးကျော်ရင်ထံတွင် ဆရာမင်းသိင်္ခသည် စံနစ်တကျ တပည့်ခံ သင်ကြားခဲ့သူဖြစ်သည်။ ဆန်းဗေဒင်၏ စတုတ္ထမြောက် မျိုးဆက်ဟု ဂုဏ်ယူစွာ ရေးသားခဲ့ဖူးသည်။

ကွယ်လွန်ချိန်အထိ ဟောစာတမ်း၊ ယတြာ၊ တားရော့၊ ဂဏန်းဗေဒင် လက်ဆန်းဗေဒင်၊ လက္ခဏာ စာအုပ်မျိုးစုံ ထုတ်ခဲ့သည်။ သို့သော် ဗေဒင်ပညာကို ကျမ်းစာအုပ်အဖြစ် ထုတ်ဝေခြင်းထက် သူရေးသားရာ ဝတ္ထုဇတ်လမ်းထဲတွင် သင့်တော်သလို ရောမွှေရေးသားခြင်းဖြင့် စာဖတ်သူကို စွဲဆောင်ခဲ့သည်မှာ သူ၏ကိုယ်ပိုင် ဟန်ဟုပင် ပြောရမည်။

သူသည် သူရဲကောင်းတို့၏ ဖခင်ကြီးပီပီ ခေတ်ဆိုး စံနစ်ဆိုးကို ပြုပြင်ပြောင်းလဲရန် လူငယ်များစွာကို သူရဲကောင်းစိတ်ဓါတ် သွတ်သွင်းပေးနိုင်ခဲ့သည်။ ကွယ်လွန်ချိန်ထိ နေထိုင်ရာ မရမ်းတလင်းတွင် မျိုးဆက်သစ် မြန်မာလူငယ်များကို မြန်မာ့ရိုးရာ လက်ဝှေ့ကျော်များ ဖြစ်အောင် မြန်မာပြည်သားလက်ဝှေ့အသင်း (ယခင်အမည် ပွဲကျောင်းသား) တည်ထောင်၍ ရိုးရာအမွေကို ထိမ်းသိမ်းစောင့်ရှောက်ခဲ့သည်။

ထို့ပြင် ရှစ်လေးလုံးအရေးတော်ပုံကြီးတွင်လည်း အဖိနှိပ်ခံ ပြည်သူများဘက်မှ ထောက်ခံ၍ သူ၏နိုင်ငံရေးရပ်တည်ချက်ကို ဖော်ပြခဲ့ဖူးသည်။ အာဏာရှင်အစိုးရအား တော်လှန်ပုန်ကန်မှုများဖြင့် ထောင်နန်းစံခဲ့ဖူးသည်။

မည်သို့ပင်ဖြစ်စေ . . .
စာရေးဆရာဘဝနှင့် ဂမ္ဘီရပညာရှင်ဘဝ နှစ်ခုလုံးတွင် ကျော်ဇောတက္ကိမ ရှိခဲ့သော ဆရာမင်းသိင်္ခသည် ကိုယ့်လမ်းကို ကိုယ်ဖောက်၍ ကိုယ့်သမိုင်းကို ကိုယ်တိုင်ရေးနိုင်ခဲ့သူ မတစ်ထောင်တစ်ကောင်ဘွား ဖြစ်သည်။ သူသည် ကျွန်တော်တို့ခေတ်၏ လူငယ်များစွာအပေါ် လွန်စွာဩဇာလွှမ်းမိုးနိုင်စွမ်းရှိသည့် လမ်းပြကြယ်တစင်းဟုပင် ဆိုချင်သည်။


မှတ်ချက် - စာမူဟောင်းကို ပြန်လည်တည်းဖြတ်ထားခြင်း ဖြစ်ပါသည်။


@sayalu
12.12.2021



0
0
0.000
7 comments
avatar

ဆရာမင်းသိင်္ခ ကိုတော့ ကျွန်တော်တို့ခေတ် လူငယ်အတော်များများရဲ့ လမ်းပြကြီးလို့သာ ပြောလိုက်ချင်တော့တယ်။ !PIZZA

0
0
0.000
avatar

ဂမ္ဘီရပညာရှင် ဆရာမင်းသိင်္ခ လို့ လေးစားနေမိတာ။ !LOLZ

0
0
0.000
avatar

Congratulations @sayalu! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You distributed more than 500 upvotes.
Your next target is to reach 600 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Check out the last post from @hivebuzz:

The Hive Gamification Proposal for 2022
Support the HiveBuzz project. Vote for our proposal!
0
0
0.000
avatar

မင်းသိင်္ခ စာကိုကြိုက်ပါတယ်
ရွှေဥဒေါင်း၏စာများကိုဖတ်ကြည့်တော့ ပိုကြိုက်မိပါတယ်။
!PIZZA

0
0
0.000
avatar

‌မနောမယ မြသက်လယ် စာအုပ်ဖတ်ကြည့်ပါလား။ အဲ့ထဲမှာ ဗေဒင်ဟောနည်းတော်တော်စုံတယ်။

0
0
0.000