တပေါင်း

img_6084.jpg

ပူပြင်းတဲ့ တပေါင်းလတောင် ကုန်ဆုံးခါနီးလို့ တန်ခူးနား ကပ်လာပါပြီ။ တောင်ပေါ်ဒေသဖြစ်တဲ့ တောင်ကြီးတောင် အတော် ပူလို့နေပါတယ်။

တပေါင်းလအစထိတောင် ရာသီဥတုက အနည်းငယ် အေးနေခဲ့ပါသေးတယ်။ အေးတယ်ဆိုပေမယ့် နေ့ပူညချမ်းပေါ့။ အခုတော့ နေ့လဲပူ ညလဲပူလို့ ဆိုရမလိုပါပဲ။

နွေရဲ့ ပုံရိပ် ဥဩသံတောင် ကြားလာရပါပြီ။ နေ့လည်ဆို အပူရှိန်က အတော်များလာပါတယ်။ ဒီမှာတောင် ဒီလောက်ပူရင် ရန်ကုန် မန္တလေးနဲ့ အထက် အညှာ ဒေသတွေဆို အတော်ပူမှာပါ။

ပုဂံကို ရောက်ဖြစ်တိုင်း ပူတဲ့အချိန်သာ ဖြစ်နေလို့ ပုဂံလို့ စဉ်းစားမိတာနဲ့ အပူရှိန်ကို အရင် ခံစားမိပါတော့တယ်။ နေပူပူထဲမှာ လျောက်သွားလည်ရင်း အလိုချင်ဆုံးက အအေးလေးသောက်ရဖို့နဲ့ ရေခဲရေလေး သောက်ရဖို့ပါ။

ဒါပေမယ့် အပူထဲ ခနခနထွက်နေတော့ ရေခဲရေကလဲ ကျန်းမာရေးအတွက် အဆင်မပြေသလို အအေးကလဲ ခနခန သောက်လို့ မရပါဘူး။ အဲ့ဒီတော့ ရေခနခန ငတ်ပါတော့တယ်။

ရိုးရိုးရေသောက်လို့ရပေမယ့် ဗိုက်ထဲမှာ ရေတွေသာ ပြည့်လာပြီး ရေငတ်တဲ့အာသာက မပြေတော့ တော်တော်ဆိုးပါတယ်။ ရေပဲ အသောက်များပြီး ထမင်းစားချိန်ခါကျ ဗိုက်ကမဆာတော့ပြန်ပါ။

ရန်ကုန်မှာတော့ အတော်လေးကြာအောင်နေဖူးတော့ ရန်ကုန်အပူက ပိုရင်းနှီးပါတယ်။ တောင်ပေါ်မှာမွေး တောင်ပေါ်မှာကြီးတဲ့ ကျွန်တော် ရန်ကုန်အပူနဲ့ ဒုက္ခရောက်ပါတော့တယ်။

ရေခဲရေသောက်၊အဲကွန်းခန်းထဲ အနေများတဲ့အခါ လည်ချောင်းတွေပါနာ၊ အသံဝင်နဲ့ ဖြစ်တတ်သလို အဲကွန်းမပါတဲ့ နေရာမှာ နေရပြန်တော့လဲ အပူဒဏ်ကို အတော်ခံရပါတယ်။

ကျွန်တော် အကြိုက်ဆုံးက ညဖက်ဆို ရွှေတိဂုံဘုရားပေါ်က ဇရပ်တစ်ခုခုမှာ ထိုင်ပြီး လေအေးလေးတိုက်လာတာပါ။

အခုတော့ ရန်ကုန်မရောက်တာလဲ ၂နှစ်လောက်တော့ ရှိပါပြီ။ အလည်အပတ်တောင် မရောက်ဖြစ်ပါ။

တောင်ကြီးက အရင်တုန်းက ဒီလောက်မပူဘူးလို့ အဘွားတွေက မကြာခနပြောကြပါတယ်။ အနီးနားက တောင်တွေက တောင်ကတုံးတွေ ဖြစ်ကုန်ကြသလို မြို့ထဲမှာလဲ သစ်ပင်တွေက ခုတ်ပစ်ကြတော့ ပူသထက်ပူလာပြီပေါ့။

သစ်ပင်စိုက်ဖို့ အားထုတ်သူတွေ ရှိကြပေမယ့် အဖျက်ဖက်ကပဲ ပိုအားသန်နေတော့ တနေ့တခြား ပိုပူလာဖို့သာပဲ ရှိပါတယ်။ အရင် လမ်းဘေးမှာ ရှိတဲ့ နှစ်ချို့ စိန်ပန်းပြာတွေ လမ်းဧရိယာနဲ့ မလွတ်ဆိုပြီး ခုတ်ပစ်လိုက်ကြပါတယ်။

အရမ်းနှမျောဖို့ကောင်းတဲ့ အပင်တွေပါ။ စိန်ပန်းပြာ ပွင့်ချိန်ဆို တစ်ပင်လုံး ခရမ်းရောင်တွေဝေနေသလို အောက်က မြေကြီးပေါ်မှာလဲ ခရမ်းရောင် ကော်ဇောခင်းထားသလိုပါပဲ။

လူတွေ တိုးတက်ချင်တာနဲ့ သဘာဝတရားက ဟန်ချက်မညီတော့ပါ။ အပူရှိန်က ပြင်းတော့ အိမ်ထဲ အရိပ်ထဲ နေမှသာ အတော်အတန် သက်သာပါတယ်။ ကိစ္စရှိလို့ အပြင်ထွက်ရင်တောင် လူက နှုန်းချင်သလိုလို ဖြစ်ပါတယ်။

ရှေ့လျောက် ပိုပူလာဦးမှာဖြစ်သလို လျှပ်စစ်မီးကမမှန်နဲ့မို့ အပြင်မှာပူ ရင်မှာပူနဲ့ပါ။ မိတ်ဆွေတို့လဲ အပူဒဏ်ကို ဂရုစိုက်ရှောင်ရှားပြီး အေးချမ်းနိုင်ကြပါစေ။

Sai Kaung Zaw Thant
19/3/22



0
0
0.000
5 comments
avatar

ရှောင်လို့မရဘူး နေမင်းကြီးအောက်မှာနေနေတာ တောမှာတောင် ဒီလောက်ပူရင် သစ်ရိပ်ဝါးရိပ်နည်းတဲ့ မြို့ပေါ်မှာ ဘယ်လို လူးလိမ့်နေကြပါလိမ့်

0
0
0.000
avatar

ဟုတ်ပါ့ဗျာ။ လူနေထူထပ်ရင် ပိုဆိုး။

0
0
0.000
avatar

တောင်ကြီး ပူတယ်ဆိုတော့ မန်းလေး မပြောနဲ့တော့။
!LOL

0
0
0.000
avatar

မန်းလေး အပူရှိန်လဲ ခံစားဖူးပါ့ ဦးထွေး။ လူက လှုပ်တောင်မလှုပ်ချင်ဘူး။

0
0
0.000