MongNai(10)

img_6016.jpg

ဒီလိုနဲ့ ဘုရင်ပြီးဆီ အခစားဝင် အမှုထမ်းပြီး အခြေအနေတွေကို လေ့လာတာပေါ့။ လူစွမ်းလူစရှိတော့ ဘုရင်က မြောက်စားလာတဲ့အခါ အယောင်ယောင်ထားတဲ့ ဘီလူးမက မသင်္ကကာတော့ဘူး။ အန္တရာယ်ရှိနိုင်တယ် သိပ်အင်အား မကြီးလာခင် ရှင်းပစ်ရမယ်ဆိုပြီး သူတို့ ဘီလူးတွေ နေတဲ့နေရာကို စာတစ်စောင်ပေးခိုင်းသလိုနဲ့ လွတ်လိုက်တယ်။

စာက သူ့ကိုသတ်ဖို့ရေးထားတာဗျ။ သူက စာမဖတ်တတ်တော့ မသိဘူး။ ဒီလိုနဲ့ လမ်းမှာ ညအိပ်နားတော့ ရသေ့တစ်ပါးဆီ ဝင်နားရော။ ရသေ့က ရုပ်လက္ခဏာ ကြည့်တော့ သာမန်မဟုတ်မှန်းသိတယ်။ အကျိုးအ​ကြောင်းမေးကြည့်တော့ စာသွားပို့မယ်ဆိုတော့ သူအိပ်နေတုန်း စာကို ယူကြည့်လိုက်တော့ စာယူလာသူကိုသတ်ပါလို့ ရေးထားတာတွေ့တယ်။

အင်း မဖြစ်ချေဘူးဆိုပြီး စာကို ပြန်ပြင်ရေးပေးလိုက်တယ်။ ယခုစာယူတဲ့သူကို အိမ်တော်က သမီးတော်နဲ့ ပေးစားလိုက်ပါ ဆိုပြင်ပေးလိုက်တယ်။အဲ့ဒီ သူတစ်ထောက်နားပြီး စာပြန်ပြင်ပေးလိုက်တဲ့တောင်ကို အခုထိ လွိုင်မဲတျမ် လို့ခေါ်ကြတယ်။ စာပြင်ရေးပေးတဲ့တောင်လို့ အဓိပ္ပါယ် ပြန်ရမယ် ထင်တယ်။

ဒီလိုနဲ့ ဘီလူးတွေဆီရောက်တော့ ဟိုကလဲ ဘုမသိဘမသိနဲ့ စာပါတဲ့အတိုင်း သမီးတော်နဲ့ပေးစားပြီး သူကောင်းပြုထားရော။ သူက နောက်ပိုင်း တဖြည်းဖြည်းနဲ့ ဘီလူးတွေနေရာမှန်း ရိပ်မိလာတယ်။
ဒါနဲ့ လွတ်လမ်းရှာဖို့အတွက် သူ့ကြင်ယာတော် မင်းသမီးကို ဥပယ်တံမျဉ် နဲ့ သူတို့ လျှို့ဝှက်ချက်တွေ မေးတယ်။

ဟိုတစ်ယောက်က အတာလား တစ်ကယ်ချစ်တာလား မသိဘူးဗျ။ အကုန်ပြောပြလိုက်တယ်။ ဒီလိုနဲ့ အခြေအနေပေးတဲ့ တစ်နေ့ကျ လျှို့ဝှက် ရတနာတွေထားတဲ့ အခန်းထဲ ခိုးဝင်ပြီး လိုအပ်တာတွေ ယူပြီး ပြေးဖို့လုပ်ရော။ သူ အဓိက ယူတာက ပစ်တဲ့လေး။ အဲ့ဒီလေးမှာ ငင်ထားတဲ့ ကြိုးက အခု အယောင်ဆောင်ထားတဲ့ ဘီလူးမရဲ့ အသက်တဲ့။ နောက်ပြီး သူ့အမေတို့ အဒေါ်တို့ဆီက ယူထားတဲ့ မျက်လုံးတွေကို ဆေးရည်စိမ်ထားတဲ့ဟာတွေပါ ယူလာခဲ့တယ်။

သူထွက်ပြေးမှန်းသိတော့ သူ့ကြင်ယာတော်က သူ့ကို လိုက်ခေါ်တယ်။ နောက်ဆုံး တားမရတော့ ရင်ကွဲပြီး သေကျန်ရစ်ခဲ့တယ်တဲ့။ သူပြန်ရောက်တော့ ဘုရင်ကြီးဆီ အခစားဝင်ပြီး အကြောင်းစုံလျောက်တင်တယ်။ သူပြောတာ မယုံကြတော့ သူယူလာတဲ့ လေးကြိုးကိုဆွဲလိုက်တယ်။

ကြိုးကို တင်းအောင်ဆွဲလိုက်တာနဲ့ ဘီလူးမ နဂိုပုံ ပြန်ပေါ်လာတယ်။ ကြိုးကို ပြတ်တဲ့အထိ လေးကို ငင်လိုက်မှ ဘီလူးမလဲ သေသွားတယ်။ ဘီလူးမ ကိုယ်က စီးလာတဲ့ သွေးတွေဟာ အခု မြို့တည်ထားတဲ့ နေရာရဲ့ အပြင်မှာ ချောင်းစီးသွားပြီး ရေချောင်းအဖြစ် ကျန်ခဲ့တယ်တဲ့။ ရှမ်းလို နမ့်ဟောင်ကျောင်း လို့ခေါ်တယ်။ သွေးညှီနံ့ ချောင်းလို့ ပြောလို့ရမယ်ထင်တယ်။

အဲ့ဒီ ဘီလူးမရဲ့ အရိုးတွေကို ယူလာတုန်း ဖိတ်ကျတဲ့နေရာမှာ ကျွန်တော် ရှေ့အပိုင်းမှာ ရေးခဲ့တဲ့ လွိုင်မြေ စေတီတည်ခဲ့တယ်ဗျ။ ဒီလိုနဲ့ ဘီလူးမ ပြုစားထားတာက လွတ်ခဲ့ပြီး သူ့အမေတွေ အဒေါ်တွေကိုလဲ သူယူလာခဲ့ မျက်စိတွေနဲ့ ပြန်ကုသပေးခဲ့တယ်။ ဘုရင်ကြီးက သူ့ကို ထီးနန်းလွှဲပေးပြီး မိုးနဲမြို့ ဖြစ်လာမယ့် ပထမနေရာ မှာ မြို့တည်ခဲ့တယ်လို့ ဆိုကြတယ်။

အခုတော့ ဒေဝီ ၁၂ ပါးဂူဟာ မိုးနဲမှာ သွားလည်စရာနေရာတစ်ခုပါ။ ကျောက်ဂူတွေ တောင်ကြားတွေထဲ ဝင်ကြည့်လို့ရသလို တောင်ပေါ်တက်ကြည့်ရင်လဲ မိုးနဲကို လွမ်းခြုံမြင်ရပါတယ်။ ဘုန်းကြီးကျောင်းလဲ ရှိပါတယ်။ အခါကြီး ရက်ကြီးတွေမှာ ဘုန်းကြီးကျောင်းတက် သွားကြပါတယ်။

သင်္ကြန်တို့ဘာတို့ သွားလည်တဲ့အခါ စတုဒိသာတွေလည်းစားပေါ့လေ။ သစ်ကြီးဝါးကြီးပေါတဲ့နေရာမို့ထင်တယ် အရင်က ယုန်တွေဘာတွေတော်တော်ပေါတာဗျ။ အခုတော့ ရှိသေးရဲ့လား မသိပါဘူး။

နောက်တစ်ပိုင်းမှ ထပ်တွေ့ပါမယ်ဗျ။ အားလုံးကျေးဇူးပါ။

photos source: Facebook, Mongnai Township
Sai Kaung Zaw Thant
16/2/22



0
0
0.000
1 comments