လွမ်းမောဖွယ် ရန်ကုန်ညများ (1)

img_6102.jpg

နယ်မှာ ကျောင်းပြီးသွားကြသူတော်တော်များများဟာ ရန်ကုန်သွားပြီး သင်တန်း ထပ်တက်ရင်တက် မဟုတ်လဲ အလုပ်အကိုင်အခွင့်အလမ်းတစ်ခုခုအတွက် ရှာဖွေကြပါတယ်။

အားလုံးမဟုတ်ပေမယ့် အများစုက ဒီလိုပဲ လုပ်ကြပါတယ်။ တချို့ကလဲ နိုင်ငံခြားမှာ အလုပ်ထွက်လုပ်နိုင်ဖို့ ကိစ္စ ဝိစ္စတွေက ရန်ကုန်မှာနေပြီး လုပ်မှ ရမှာ ဖြစ်တဲ့အတွက် ရောက်နေကြတာပါ။

ကျွန်တော်လဲ ကျောင်းပြီးတော့ တောင်ကြီးမှာ တစ်နှစ်လောက် သင်တန်းတက်လိုက် ဝေ့လိုက်နဲ့ တစ်နှစ်ကြာတော့ ရန်ကုန်ကို သင်တန်းတက်ဖို့ သွားပါတော့တယ်။ ၂၀၁၂ လောက်ကပါ။

နေဖို့နေရာကတော့ ရှမ်းပြည်ကအရင် ရောက်နှင့်နေတဲ့ သူငယ်ချင်းရှိတဲ့ အင်းလေး ဓမ္မာရုံမှာ နေဖြစ်ဖို့ အကြောင်းဖန်လာပါတယ်။ အင်းလေး ဓမ္မာရုံက ရွှေတိဂုံဘုရား တောင်ဖက်မုဒ်မှာ ရှိပါတယ်။ ဘုရားခြေရင်းနားလေးတင်ပါ။

လမ်းကူးလိုက်တာနဲ့ ဘုရားရောက်ပါပြီ။ အရင်အခေါက်တွေလာတုန်းက ကမ္ဘောဇ ဓမ္မာရုံမှာ တည်းဖူးပါတယ်။ ကမ္ဘောဇ ဓမ္မာရုံကတော့ ရွှေတိဂုံဘုရား အရှေ့ဖက်မုဒ်နဲ့ မနီးမဝေးမှာပါ။

ကျွန်တော့်အရင် ကျောင်းပြီးလို့ ရောက်နေတဲ့ သူငယ်ချင်းရော အခုမှ သွားပြီး သင်တန်းတက်မယ့် သူငယ်ချင်းကပါ အင်းလေးဓမ္မာရုံမှာပဲ နေကြမယ်ဆိုတော့ ကျွန်တော်လဲ အင်းလေး ဓမ္မာရုံမှာ နေဖြစ်ပါတော့တယ်။

အင်းလေးဓမ္မာရုံက ရက်တို လာရောက်တည်းခိုသူတွေကို လက်ခံပေးသလို နယ်ကနေ သင်တန်းလာတက်ကြသူတွေအတွက် ရက်ရှည်လများပေးနေပါတယ်။ အလှူငွေတော့ ထည့်ရတာပေါ့လေ။

ရက်ရှည်နေသူတွေအတွက် အတွင်းဟောခန်းရှည်တွေရှိပါတယ်။ ယောင်္ကျားတွေအတွက်တစ်ခန်း မိန်းမတွေအတွက်တစ်ခန်း အဆောင်သဘောမျိုးခွဲထားပေးပါတယ်။ သက်ဆိုင်ရာဟောခန်းမှာ စုအိပ်ကြတာပေါ့။ ကျောတစ်ခင်းစာနဲ့ သေတ္တာတစ်လုံး ထားဖို့နေရာရပါတယ်။ လူပြည့်သွားရင်တော့ ထပ်လက်မခံတော့ပါ။

အပြင်ဖက်မှာတော့ ခနတာ လာတည်းသူတွေကို နေရာပေးပါတယ်။ အပြင်ဖက်ကတော့ ဘုရားဖူးလာသူတွေ ဆေးရုံဆေးခန်းလာပြသူတွေဆိုတော့ လာလိုက် ပြန်သွားလိုက်ပါပဲ။

အတွင်းဖက် အခန်းမှာတော့ လူအပြောင်းအလဲက တစ်လနှစ်လနေမှ တစ်ခါလောက်သာ ရှိတော့ အခန်းထဲက လူတွေ အချင်းချင်း ပိုရင်းနှီးလာပါတယ်။

တချို့က နိုင်ငံခြားသွားဖို့ စောင့်နေသူတွေ တချို့က နိုင်ငံခြားက ပြန်လာပြီး ပြန်ထွက်ဖို့ လုပ်နေသူတွေ တချို့ကျတော့လဲ ကျွန်တော်တို့လို သင်တန်းလာတက်သူတွေနဲ့ တချို့ကတော့ ရန်ကုန်ကို နယ်ကနေ အလုပ်လာလုပ်နေကြသူတွေပါ။

ဆက်ရန်>>>>>

Image credit : pinterest
Sai Kaung Zaw Thant
21/3/22



0
0
0.000
3 comments