ကျွန်တော်နှင့်ဆိုင်ကယ်(2)

img_5996.jpg

တစ်ခု သက်သာသွားတာက အိမ်က မိဘကို အကျိုးအကြောင်း လှမ်းပြောတော့ ကျွန်တော် စိတ်ထိခိုက်နေမှန်း သိလို့ထင်တယ်။ အရမ်း မပြောဘူး။ ကျွန်တော်ကတော့ ဝမ်းလည်းနည်း ကိုယ့်ဟာကိုလဲ ဒေါသထွက်နဲ့ ဘာမှကို အာရုံစိုက်လို့ မရတော့ဘူး။ ဦးနှောက်ထဲမှာ ဗလာကျင်းပြီး စိတ်ထဲမှာ ပူလောင်နေတာပဲ သိတယ်။

ကျွန်တော့် ကောင်မလေးလဲ စိတ်မကောင်းတွေဖြစ်ပြီး ဘာမှ မပြောတတ်တော့ဘူး။ ရဲစခန်းကို သတင်းထူးမလား သွားသွားမေးလို့ နောက်ကိုမလာခဲ့နဲ့ ထူးရင်ပြောမယ်ဆိုပြီး အပြောခံရသဗျ။ အားကိုးရချက် အဲ့ဒီကတည်းက။ ဘာမှလည်း မည်မည်ရရ လုပ်ပေးတယ် မတွေ့ရဘူး။

အဲ့တာနဲ့ နှစ်ယောက်သား တိုင်ပင်ပြီး လဒတွေ အားကိုးနေရင် ဖြစ်မှာ မဟုတ်တော့ဘူး ဆိုပြီး ကိုယ့်ဟာကို ရှာပုံတော် ဖွင့်ကြပါရောဗျာ။ လိုင်စင် ဝှီးတက်နဲ့ အုံနာဘုတ်က ကျွန်တော့်ဆီမှာ ကျန်နေလို့ တော်သေးတယ်။ အော်သော့ အပိုတစ်ချောင်းလဲ သိမ်းထားတာ ရှိနေသေးတယ်။

အဲ့တာနဲ့ ဝှီးတက်တွေ အုံနာဘုတ်တွေ မိတ္တူပွားပြီး အကုန်လိုက်ဝေရတော့တာပေါ့။ အသိတွေရော ပွဲစားတွေရော ဝပ်လျော့တွေနဲ့သူငယ်ချင်း အသိတွေပါ မကျန် အကုန် လိုက်ဝေ လိုက်ပြောပြ အကူအညီတောင်းပေါ့လေ။ နောက်ပြီး လမ်းမှာ တွေ့သမျှ ရပ်ထားသမျှ 125 ဆိုင်ကယ်တွေ လိုက်ကြည့်တာပေါ့။

မတွေ့ပါဘူး။ အဲလို လမ်းပေါ် လွယ်လွယ်နဲ့ ရပ်မထားနိုင်ဘူးဆိုတာ သိပေမယ့် မျှော်လင့်ချက် ကောက်ရိုး တစ်မျှင်ကို ဖမ်းမိဖမ်းရာ ဆွဲတဲ့ သဘောလောက်ပါ။ အဲ့ဒီတုန်းက စိတ်ဒုက္ခရောက်တာ ဘာနဲ့မှ ဖော်ပြလို့တောင်မရဘူး။

မေးလိုက်တဲ့ ဗေဒင်ဆိုတာ ပြောစရာတောင်မလိုဘူး။ သူတို့ကလဲ ဝူးတူးဝါးတားပါပဲ။ ယတြာတွေလဲလုပ်တာပဲ မထူးပါဘူးဗျာ။

နောက်တော့ သူငယ်ချင်းတွေ အကြံပေးသလို ညဖက်တွေပါ ဂိမ်းဆိုင် အင်တာနက်ဆိုင်တွေပါ ပတ်ပြီး ရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ်တွေထဲမှာ လိုက်ရှာကြသေးတယ်။ တက္ကသိုလ်ဝင်းထဲရော ဈေးနားတဝှိက် ဆိုင်ကယ် စည်ကားရာ နေရာတွေပါ အကုန်ပတ်ရှာတာပေါ့။ ကိုယ့်တောင် သူများက ခိုးမလို့ လာပြီး ရစ်သီရစ်သီ လုပ်တယ် ထင်မလား မဆိုနိုင်ဘူး။

ဆောင်းတွင်းညဖက်ကြီးလဲ မချမ်းနိုင်ဘူး။ ညီတော်မောင်ဆီက ဆိုင်ကယ် ငှားပြီး ပတ်ရှာရတာပေါ့လေ။ နေ့နေ့ညည လူက အဲ့စိတ်ပဲ ဖြစ်နေတာဗျ။ အရှာကောင်းလို့ တစ်ခေါက်က ဝိုင်းရိုက်မခံရတယ်။

ဖြစ်ပုံက ဒီလိုဗျ။ အဲ့လို ဆိုင်ကယ်ကို လျောက်ရှာရင်းနဲ့ အိမ်တစ်အိမ် ရှေ့ရောက်တော့ 125 တစ်စီး ရပ်ထားတာ တွေ့ရော။ စိတ်ထဲမှာ ပုံစံကလဲ ဆင်သလိုလို ရှိတာရယ် နောက်တချက်က ဆိုင်ကယ် အိတ်ဇောက စတေကာကို ခွာထားတာ ကော်စေးတွေတောင် ရှိနေသေးတယ်။

မယောင်မလည် ဆင်းကြည့်တော့ ပွန်းရာတွေက တူသလိုလို။ အတိအကျတော့ ဘယ်မှတ်မိပါ့မလဲ။ ဖရိန်နံပါတ် တိုက်ကြည့်မှပဲ သိနိုင်မှာ ဆိုတော့ ရဲတွေပါမှ အဆင်ပြေမှာလေ။ ကိုယ်မရှိတုန်း ဆိုင်ကယ်ကို ရွှေ့ပစ်မှာလဲစိုးတော့ ကျွန်တော့် ကောင်မလေးကို စောင့်ကြည့်ခိုင်းထားပြီး ကျွန်တော်က ရဲစခန်း ပြေးခေါ်ရတာပေါ့လေ။

အချိန်ကလဲ ညနေစောင်းနေပြီ။ ပြီးတော့ နေရာကလဲ မူစလင်လူမျိုးတွေနေတဲ့ ရပ်ကွက်ဗျ။ ကျွန်တော် ရဲတွေပါခေါ်လာပြီး အိမ်ရှင်ကို ခေါ်တော့ အနီးအနားကလဲ ထွက်ကြည့်ကြပြီလေ။ ကျွန်တော်တို့လဲ အားနာပေမယ့် စိတ်ထဲက ရှင်းလင်းချင်တာကြောင့် အကျိုးအကြောင်းပြောပြပြီး ခွင့်တောင်းရတာပေါ့။

အဲလိုဖြစ်နေတုန်းမှ ဆိုင်ကယ် ပိုင်ရှင် ကောင်လေးထင်တယ်။ သူက အိပ်ယာကနေ အိပ်ချင်မူးတူးနဲ့ ထလာပြီး အော်ကြီးဟစ်ကျယ်နဲ့ စစ်ချင်လဲ စစ်ဗျာ။ ဘာညာထလုပ်ရော။ ပါလာတဲ့ ရဲတစ်ယောက်ကလဲ စခန်းယူသွားမယ်။ ဟိုကျမှ ရှင်းမယ်တွေ လုပ်တာ။

အဲ့လို ဖြစ်နေတုန်း ကံကောင်းသွားတာက အဲ့ဒီကောင်လေး အစ်မက ရှေ့နေ၊ ပါလာတဲ့ထဲက အမှုလိုက် ရဲနဲ့ သိနေကြတော့ ပြေပြေလည်လည် လုပ်ကြပါ ဖြစ်ကုန်တာ။ အဆုံးသတ် ဖရိန်နံပါတ် ဘာညာ စစ်တော့ မတူဘူးဗျ။ ဘာပြောကောင်းမလဲ ကျွန်တော်တို့က သူတို့လဲ အားနာ ရဲတွေကိုလဲ အားနာတာပေါ့။

အဲ့တာနဲ့ တောင်းပန်ရတာပေါ့။ သူတို့ကို သွားစော်ကားသလို ဖြစ်နေတာကိုး။ သူတို့ကလဲ နားလည်ပေးလို့ တော်ပါသေးတယ်။ အဲ့တာဖြစ်ပြီး မသေချာရင် မလုပ်ရဲတော့ဘူး။ ကိုယ့်ကို သေချာ အရင်ကြည့်မှ ဖြစ်မယ်ပေါ့။

ဆက်ရန် ရှိပါသေးတယ်ခင်ဗျ။ အားလုံး ကျန်းမာပြီး အန္တရာယ်ကင်းကြပါစေ။ ကျေးဇူးပါ။

Sai Kaung Zaw Thant
10/2/22



0
0
0.000
10 comments
avatar

ဆိုင်ကယ်ရှာပုံတော်က စိတ်လှုပ်ရှား ရင်ခုံစရာပါလား။ !LOL !LUV

0
0
0.000
avatar

ကံကောင်းလို့ တရားစွဲမခံရတယ် အစ်ကိုရေ......

0
0
0.000
avatar

မောခဲ့ရတဲ့ အချိန်တွေ ပေါ့ဗျာ
!PIZZA

0
0
0.000
avatar

အင်း တော်တော် စိတ်ညစ်စရာကောင်းတာ အဲ့တုန်းက

0
0
0.000
avatar

အေးဗျာ... သူများကို သူခိုးညှိုးသလို ဖြစ်သွားတော့ မျက်နှာပူစရာပဲ... တော်သေးတာပေါ့ အေးအေးဆေးဆေး ပြီးသွားလို့... !LUV

0
0
0.000
avatar

ဟုတ်ပါ့ ကိုဟင်ရေ။ လူက ပူထူနေတော့ ဘာမှ သေချာ မစဉ်းစားနိုင်ဘူး။

0
0
0.000