ကောင်းကံ ဆိုးကံ

avatar

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....

စီးပွားရေး အဲ အလွယ်ပြောရရင် နေ့စဉ်စားသောက်နေထိုင်ကြဖို့အရေးမှာ အများစုက "ကံ"ဆိုတာကို ပုံချတတ်ကြတယ်။ မှားတယ်လို့မဆိုနိုင်ပေမယ့် မှန်တယ်လို့ပြောလို့မရပြန်ပါဘူး။ ကံဆိုတဲ့အရာက ပါတော့ပါမယ်။ အကုန်လုံးတော့မဟုတ်ဘူး။ လူအများပြောတဲ့"ကံ"ဆိုတာက ပြုခဲ့ပြီးသား ဖြစ်ခဲ့ပြီးသားတွေကို ရည်ညွှန်းတတ်ကြတာပါ။ ဟိုဘဝက ဒီဘဝကဆိုတဲ့ ကျွန်တော်တို့ မသိ မမြင်နိုင်တဲ့ ကျွန်တော်တို့လုပ်ခဲ့တဲ့ ကံ တွေကိုပြောနေကြတာဖြစ်ပါတယ်။ ကောင်းကံလား ဆိုးကံလားဆိုတာ မသိနိုင်ပါဘူး။



ဒီဘဝ အဲ လက်ရှိဘဝမှာ ဖြစ်လာတဲ့အကြောင်းတွေကို မမြင်နိုင်တဲ့ ကံ ကို ပုံချလို့မဖြစ်နိုင်ဘူး။ လက်ရှိဘဝမှာ ဆင်းရဲတာ ချမ်းသာတာကို ကံ တစ်ခုတည်းအပေါ်မှာ မှီတည်နေတာမဟုတ်ပါဘူး။ အများအားဖြင့် ဘာ့ကြောင့်ဆင်းရဲသလဲဆိုရင်တော့ လုပ်သင့်တဲ့အလုပ်တွေကိုမလုပ်ပဲ မလုပ်သင့်တဲ့အလုပ်တွေကိုပဲလုပ်လို့ပဲဖြစ်ပါတယ်။ ချမ်းသာကြတဲ့သူတွေကတော့ ဆင်းရဲတဲ့သူတွေလုပ်တာနဲ့ ပြောင်းပြန်လုပ်ကြလို့ပါပဲ။ ချမ်းသာတဲ့လူတွေက လုပ်သင့်တဲ့အလုပ်တွေကိုပဲ လုပ်ကြပြီး မလုပ်သင့်တဲ့အလုပ်တွေကို ဝေးဝေးရှောင်ကြပါတယ်။ လုပ်သင့်တဲ့အလုပ်တွေကို အင်တိုက်အားတိုက်လုပ်ဆောင်ကြတယ်။ မလုပ်သင့်တဲ့အလုပ်ကို မရှောင်တဲ့သူတွေရဲ့ ချမ်းသာခြင်းကလည်း ကြာရှည်မခံပါဘူး။



ဆင်းရဲခြင်း ချမ်းသာခြင်းမှာ မိတ်ကောင်းဆွေကောင်း ရှိဖို့ကလည်း အရေးပါတယ်။ မလုပ်သင့်တာကို လုပ်မိလို့ ရှိပြီးသားမိတ်ဆွေကောင်းတွေဆုံးရှုံးသွားနိုင်ပါတယ်။ လုပ်သင့်တာ မလုပ်သင့်တာကို သေချာသိနားလည်ဖို့ကတော့ ကိုယ်တိုင်လေ့လာ စဉ်းစားလုပ်ကိုင်မှရမှာပါ။ သူများပြောလို့ယောင်နနလုပ်နေရင်တော့ လုပ်သင့် မလုပ်သင့်ကို ဘာမှ သိလာမှာမဟုတ်ပါဘူး။ လုပ်သင့်တာကို မကောင်းမြင်ပြီး မလုပ်သင့်တာကိုတော့ သဘောကျနှစ်ခြိုက်နေမယ်ဆိုရင် ဒါက လုပ်သင့် မလုပ်သင့် မခွဲခြားနိုင်လို့ပါပဲ။



ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေဆိုတာက ကံရဲ့အကျိုးကို ယုံကြည်လက်ခံထားကြပါတယ်။ ကံရဲ့အကျိုးကို ယုံကြည်မှုမရှိတော့ရင်လည်း ဗုဒ္ဓဘာသာဝင်မဟုတ်တော့ပါဘူး။ ဒါပေမယ့် သေချာသိပြီးပြီလားဆိုရင်တော့ မိရိုးဖလာပါပဲ။ အခုလက်ရှိကံဆိုတာက လက်ရှိကိုယ်လုပ်နေတဲ့ ကောင်းတာ မကောင်းတာ အားလုံးက ကိုယ့်ကံပဲဆိုတာကိုတော့ ယုံကြည်နိုင်ပါ့မလားမသိပါ။ ယုံတယ်လို့ပေါ့ပေါ့လေးပြောတာမျိုးမဟုတ်ပါ။ တကယ်ယုံရင် မကောင်းတာတွေ လုပ်ဖြစ်ကြလိမ့်မယ်မထင်ဘူး။ ကောင်းတာတွေကိုပဲ လုပ်ကြမှာပါ။ ဘာ့ကြောင့်လဲဆိုတော့ လူတွေက အမြဲတမ်းကံကောင်းချင်ကြတာကိုး။



ကံကောင်းချင်ရင် ကောင်းတဲ့အလုပ်ပဲလုပ်မှဖြစ်တော့မှာပါ။ ဘာသာတရားရဲ့အဆုံးအမကို ပါးစပ်ကရွတ်နေရုံနဲ့တော့ ဘာမှ ဖြစ်လာနိုင်မှာမဟုတ်ဘူးဆိုတာလည်း သိထားသင့်ပါတယ်။ ရွတ်ဖတ်နေရုံ ဝစီကံလောက်နဲ့ ကိုယ့်ဘဝကို မကယ်နိုင်ဘူး။ ရေးချင်တာ‌တွေ ရှိသေးပေမယ့် အခုတော့ဒီလောက်ပါပဲ။



သတ္တဝါအားလုံးတို့သည် မိမိပြုသော ကောင်းမှု မကောင်းမှုသည်သာ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။


အားလုံးကို လေးစားလျှက် -


@ansoe

(ပုံတွေနဲ့ စာနဲ့တော့ သက်ဆိုင်မှုရှိမှာမဟုတ်ပါ။ အခြားသူတွေရံ ပုံကို ယူမသုံးချင်လို့ ကိုယ့်မှာ ရှိတဲ့ပုံနဲ့ တင်လိုက်ရခြင်းဖြစ်ပါတယ်။)



0
0
0.000
7 comments