Cryptocurrency နှင့် မိအေး လင်နေ ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ လက်ရှိအချိန်တွင် BTC ကတော့ $18000 ကျော်တွင် ပန်းပန်လျက် ရှိနေ၏။ ယခု တချိန် BTC အတက်ကတော့ တအိအိ ဖြင့် ညင်ညင်သာသာ တက်သွားခြင်း ဖြစ်၏။ BTC $20000 နား ကပ်လာတော့ လွန်ခဲ့သော ၂၀၁၇ နှစ်ကုန်ပိုင်း အခြေအနေအား သတိရမိ၏။

အားလုံးသိပြီး ဖြစ်သည့် အတိုင်း BTC ကလည်း တလပြီး တလ အတက်ဘက်သို့သာ ဦတည်နေခဲ့သလို အခြားသော Coin / Token များကလည်း အတက်ဘက်သို့ ချည်းသာ ဖြစ်ခဲ့၏။ Cryptocurrency လောကသားတို့ အုံးအုံးထခဲ့ကာ BTC investment ထဲသို့ ခုန်ဆင်း မြုပ်နှံကြကုန်သော ဟူ၏။

Ethereum ကလည်း ဒေါ်လာ $100 ကျော်မှ $1400 ခန့် အထိအတက်ပြကာ ကလူဤသို့ မြူဤသို့ မြူဆွယ်၏။ Steem လည်း သံယောင်လိုက်ကာ $7 အထိ တက်လာသော ဟူ၏။ သူ၏ ဖွားဖက်တော် SBD ကာ 19$ အထိတက်ကာ အခြားသူများအား ဝယ်လှည့်ပါလော့ စုလှည့်ပါလော ဟု ဖျားယောင်၏။

သကောင့် သား မောင် Henry Aung တို့ ဘဝင် ငယ်ထိပ်တက်ကာ ဖလမ်းဖလမ်း ထနေခဲ့သော အချိန်မျာဖြစ်၏။ ထိုအချိန်တုန်းကတော့ Steem အပြင် အခြားသော Coins ငယ်ကလေးများအားလည်း စုထားသည်ဆိုတော့ မိမိ Exchange wallet အား ချစ်သူ ရည်းစား မျက်နှာလို ဘယ်အချိန်ကြည့်ကြည့် အလွန်ပျော်ရွှင်ရသော ကာလများဖြစ်၏။

MSC group ထဲမှာလည်း အကိုဟင် ၊ ဆရာဟင် နှင့် မျက်နှာ သကာရည် သုပ်ထားသော ကာလ များ မို့ အခုပြန်တွေးတောင် မျက်နှာပိုးက မသေချင်။ ထားပါ။ ရှိစေတော့။ အေပေး ဒေါ်နယ်ထရန် နှင့် မျက်မှေး စီကျင်ပင် တို့ ကျွဲနှစ်ကောင် ခတ်ကြသောကြောင့် ကျွန်တော်တို့ ပျော်ရွှင်စရာ ကာလများလည်း မြေဇာပင်ဖြစ်ရရှာလေတော့၏။

cryptocurrency များ စိမ်းနေတုန်းတော့ ငါ့ coin လေးတော့ စိမ်းပဟ စိမ်းပဟ တက်ဟတက်ဟ နှင့် BTC ကျွမ်းထိုးမှောက်ခုံ လိမ့်ဆင်းသွားသောအခါ စိမ်းနေသော မိမိတို့ Coin များလည်း နီကုန်၏။ နီသော အခါမှ နင့် Coin တော့ နီပဟ ကျပဟ လုပ်မရတော့။

ရှိသမျှ Cryptocurrency အားလုံး ၈ လ ခန့် ဆက်တိုက် နီလိုက်သောအခါ မိမိတို့ Cryptocurrency wallet များလည်း နူရာဝဲစွဲ ၊ လဲရာ သူခိုးထောင်း ရုံမက ဓားနှောင့် နှင့်ပါ အထုခံရသော ကိန်းသို့ ဆိုက်ပါလေတော့သည်။ အစကတော့ BTC ဈေးကျလာလည်း Steem ကတော့ 5$ ရှိနေသေးသည်ဟူ၍ ခံသာသေး၏။

ထို့နောက် ၂ လခန့် ကြာသော် 4$ နောက်တလခန့်အကြာ $2 ။ $1 လောက်အထိ သိပ်မသိသာသေး။ ဘာပဲဖြစ်ဖြစ် USD 1$ ဆိုသည်မှာ ထိုအချိန် က မြန်မာငွေ ၁၅၀၀ ကျပ်ဖြစ်၍ ထမင်း တနပ်ကောင်းကောင်း စားနိုင်သော အချိန်ဖြစ်၏။

အနှီး ဒလိမ့်ခေါက်ကွေးကျလာသော BTC ဈေးမှာ USD $3000 အရောက်တွင် ကျွန်တော်တို့ ဇတ်လိုက်ကျော် Steem ကလည်း USD 0.20 သို့ အဝီစိ ချိုးကပ်ပါလေတော့၏။ ဤသို့ Steem ဈေး ဒေဝဒတ်နောက် လိုက်သွားပြီး နောက် တချိန်က အုံးအုံးထခဲ့သော MSC အဖွဲ့သားများကလည်း အချို့က အလုပ်များလာကြ၏။ အချို့ကလည်း ခရီးထွက်ကြ၏။

အချို့က ဝမ်းဖောဝမ်းယောင် ဖြစ်ကြ၏။ အချို့က အရက်နာကျကာ ကြက်ပျောက် ငှက်ပျောက် ပျောက်လာကြ၏။ နောက်ဆုံး တော့ စက္ကူ မခေါက်ရလျင် မနေနိုင်သော ယွန်းသီရိ ၊ ဓါတ်ပုံမရိုက်ရမနေနိုင်သော ကိုဟိန်း ၊ မထိတထိ ကလိတတ်သော ဦးထွေး ၊ post တင်ခြင်းအား ရည်းစားနှင့် ချိန်းတွေ့သကဲ့သို့ တာဝန် တရပ်အဖြစ်မှတ်ယူထားသော လူပျိုကြီး ကိုဒွန် ၊ တခါတရံ အသဲကွဲလိုက် ပြန်ဆက်လိုက် လုပ်နေသော မြန်မာကိုကိုတို့သာ အမာခံ အဖြစ် ကျန်ရစ်ခဲ့ရှာပါလေတော့သည်။

ဤကဲ့သို့ Steemit တွင် ပေတေကုတ်ကပ် နေရင်း ခြေတဘောင်ကျိုးရသည့် အထဲ ချိုင်းထောက် ဆွဲလုခံရသော အဖြစ်အား ကြုံကြရ၏။ မြန်မာပြည်ကြီးအား ဘယ်တုန်းကမှ အကျိုးမပေးသော တရုတ်သည် လက်တဆုပ်စာ ကျန်သော MSC အားလည်း ဒုက္ခပေးရန် အမြန်အချောပို့ဖြင့် ရောက်ချလာပါလေတော့သည်။

Jastin အမည်ရှိ သော သာကော က Steemit platform အားသူပိုင် လုပ်လိုက်ပြီးနောက် MSC မှ ကျန်ရစ်သူ အမာခံလူတစုကလည်း Hive platform သို့ ဒုက္ခသည် အဖြစ် ခိုလှုံရသော အခြေအနေသို့ ဆိုက်ရောက်ရလေတော့၏။

မူလအစတွင် မရွှေချော Hive ကလည်း USD 0.90$ လောက်အထိ ဈေးတက်ပြ၏။... ငါတို့ Hive platform အား အရတော်လေစွဟု မှတ်ထင်ခဲ့ကြ၏။ သို့သော် အနှီး Hive platform ကာ Steemit ၏ ဖအေတူ မအေကွဲ လင်ပါသား မှန်း သိလိုက်ရသော အခါ ယခုအချိန်တွင် Hive ဈေးကာ USD $0.12 ဟူလို။

ဤ အခြေအနေမျိုးတွင် ဆရာမခင်ခင် ထူးရေးသားထာသော မိအေး လင်နေသည့် အကြောင်းအား သတိရမိ၏။ တခါသား၌ ရွာတရွာတွင် မိအေး အမည်ရှိသော ခလေးမလေး ရှိသောဟူ၏။ အရွယ်ရောက်၍ လင်ယူသော အခါ လင်သားဖြစ်သူမှာ တကိုယ်လုံး ပွေးပေါက်နေသော ဟူ၏။ အလုပ်လုပ်မည်ဆိုလျင် လည်း ပွေးကုတ်နေရသည်နှင့် အချိန်ကုန်သော ဟူ၏။

ဤသို့ဖြင့် မိအေးက ပွေးထူသော လင်အား သနားလှသောကြောင့် မိမိ ရှိသမျှ စည်းစိမ်းကုန်အောင် ဆေးကုပေး၏။ စည်းစိမ်ကုန်သော်လင်လည်းသေလေ၏။ ထို့နောက် နောက်လင် ထပ်ယူ၏။ နောက်လင်၌ကာ ပွေးပါမလာ။ သို့သော် အကြွေးပါလာ၏။

အကြွေးပူလှသောကြောင့် မိအေးကာ အိမ်ရောင်း၍ နောက်လင်၏ အကြွေးအား ဆပ်ပေးလိုက်၏။ ထို့နောက် အရပ်ထဲက မအေးအား ကွယ်ရာတွင် ကဲရဲ့ကြ၏။ မိအေးတို့များ လင်နေတာ "အရင်လင်က ပွေးနဲ့ ၊ နောက်လင်က အကြွေးနဲ့" ဟူလို။

မိမိတို့ MHC မှ cryptocurrency စုသူများလည်း မိအေးလင်နေသကဲ့သို့သာ ဖြစ်၏။ အရင်လင် Steemit က ပွေး နဲ့ နောက် လင် Hive က အကြွေးနဲ့ ။ မတတ်နိုင် ။ သူ့ကြွေးကုန်အောင်တော့ ဆပ်ရမည်သာ ဖြစ်၏။

Henry Aung ( Kachin )

21/11/2020 - Saturday - 00;15 Hrs



0
0
0.000
12 comments
avatar

အဟားဟား ပွေးရယ် အကြွေးရယ် အမယ်မင်း ယားကျိကျိနဲ့
အိပ်မရပါဘူးတော်😄😁😅

0
0
0.000
avatar

တော်သေး လင် ၂ ယောက်နဲ့ ရပ်သွားလို့ ။ သုံးလင်ဆိုရင်တော့ ... ခွက်ဆွဲရမလားပဲ။ 😅

0
0
0.000
avatar

တော်သေး မိအေး လင် တင် ရပ်ထားလို့၊
မိအေး နှစ်ခါနာ ထိ ဆို မလွယ်လှဘူး။

ကိုယ်တွေကတော့ ကိုဟင်ရဲ့ Steemit အိပ်မက်ကနေ HIVE
ခုထိ အိပ်မက်ထဲ မျောကောင်းနေတုန်းပဲ။

0
0
0.000
avatar

ဘာမှ မျှော်စရာ မရှိတာထက် တခုခု မျှော်နေရတာ ပိုကောင်းတာပေါ့။ ထီထိုးထားသလိုပေါ့။

0
0
0.000
avatar

ငနဲသား STEEM and HIVE
BTC and ETH နောက် ကပ်လိုက်သွားပါလားလို့

0
0
0.000
avatar

ဟုတ်ပါ့ဗျာ.... တခါတလေ Hive များ ရောယောင်ပြီး ဈေးတက်မလား ကြည့်မိတာ ဒင်က နေနေ နိုင်လွန်း....

0
0
0.000
avatar
(Edited)

သူတို့ဟာက ဘိုတွေမှန်း..သိနေပါတယ်လေ..😂😂

0
0
0.000
avatar

"အရင်လင်က ပွေးနဲ့ ၊ နောက်လင်က အကြွေးနဲ့" 😜

0
0
0.000
avatar

BTC တက်လည်း Hive ခဗျာ မော့ပဲကြည့်နေနိုင်တယ်။
ဘာမှမတက်နိုင်ရှာဘူး။ ရှေ့တက်ဖို့ ခြေနောက်တစ်လှမ်းအားယူနေတယ်လို့ပဲ
ရှာကြံတွေးမိ​တော့တယ်။ ကောင်မလေးနဲ့ကတော့ ခုနင်တင်
ပူပူနွေးနွေး စကားများထားရတယ်။😁

0
0
0.000
avatar

အဲဒါပေါ့.... အသည်းကွဲလိုက်... ပြန်ဆက်လိုက်...😃

0
0
0.000
avatar

ဖက်တွယ်ထားဆဲပါ

0
0
0.000
avatar

ကိုဟင်ပြောမှပဲ မိအေးဖြစ်နေမှန်းသိတော့တယ်ဗျာ။

0
0
0.000