Weather

avatar

t5n9axz4v5.jpg

ဥတုရာသီ တောကို မှီတဲ့။ ဟုတ်ဘူး … ဟုတ်ဘူး။ ခုက ဥတုရာသီ ပူလွန်းသည်ဟု ပြန်ပြောင်း ပြောရမလိုလိုပင်။ တကယ့်ကို ပူ၏။ တော်တော်လေးကို ပူ၏။ မသိလျှင် နွေရာသီဟုပင် ထင်ရလောက်၏။ ရာသီဥတု အပြောင်းအလဲက တကယ့်ကို ကြမ်းတမ်းလှ၏။ ယခင်လို သိမ်သိမ်မွေ့မွေ့ မရှိလှတော့။ အင်းလေ အခြေအနေတွေ အချိန်အခါတွေမှ မတူတော့ဘဲ။ ရာသီဥတုတွေ ပြောင်းလဲကုန်ရသည့် အခြေအနေ အကြောင်းအရင်းခံတွေကလည်း ရှိနေ ဖြစ်နေသည်ကိုး။

ရှေ့တပတ်လောက်က မိုးကြီး ဆက်တိုက် ရွာ၏။ Cherry FM ၏ (၁၀) နှစ်ပြည့် show ပွဲတောင် မိုးမလွတ်လိုက်၊ သိပ်အကြီးအကျယ် မဟုတ်ပေမယ့် အနည်းငယ်တော့ ရွာလိုက်သေး၏။ ဘယ်ရမလဲ ကျနော်တို့လည်း မိုးရွာရွာထဲမှာ ကြည့်လိုက်ကြတာပေါ့ဗျာ။ ပွဲကလည်း ငတ်နေတာ ကြာပြီကိုး။ မိုးကာလေးတော့ လိုရ မယ်ရ ထည့်လာရတာပေါ့။ တောင်ကြီးမိုး အကြောင်းကို ကိုယ်တွေက နော်ကျေနေပြီသားကိုး။ show ပွဲပြီး နောက်နေ့ ညမှာတော့ မိုး အကြီးအကျယ် ရွာ၏။ တကယ့်ကို အကြီး အကျယ် ဖြစ်၏။

မှတ်မှတ် ရရ ကျနော်တို့ Futsal သွားကန်မည့် အချိန်မတိုင်ခင်ကတည်းက ရွာခြင်း ဖြစ်၏။ Futsal ကန်ပြီး အချိန်ထိလည်း ရွာနေဆဲပင်။ ညနေ (၆) နာရီခွဲလောက်က ရွာလိုက်သည့် မိုးသည် ည (၁၀) နာရီခွဲ ခါနီးလောက်မှ တိတ်တော့၏။ ထိုအချိန်အတွင်းမှာ တစက်လေးမှ မတိတ်၊ မရပ်ခဲ့ပေ။ ဖွဲလည်း မဖွဲသွားခဲ့ တိုးတိုးပြီးတော့သာ တ၀ုန်းဝုန်း တဒိုင်းဒိုင်းနှင့်ကို ရွာ၏။ ရွာသည့် အရွာက နောက်ရက် ကျနော် ကျူရှင်သွားတော့ လမ်းမှာ ရှိသည့် မိုးရေခံ ရေကန်ကြီးတောင် ရေ တ၀က် ကျော်ကျော်လောက် ရသွား၊ ရှိသွား၏။ ရှေ့ ရက်များတုန်းက မိုး ဘယ်လောက် ရွာရွာ ရေလုံးဝ မတင်ခဲ့သော် ကန်ကြီးပင် တ၀က်ကျော်လောက် ရေ ရသွားသည် ဆိုလျှင် ထိုညက မိုး မည်မျှ ကြီးခဲ့သည်ကို ခန့်မှန်းလို့ ရမည် ထင်၏။

ထိုသို့ အကြီး အကျယ် ရွာလိုက်ရလို့ပဲ မောသွားသလား မသိ။ ခုရက်ပိုင်း ထဲမှာတော့ ထပ်မရွာပေ။ (မရွာမှလည်း ဖြစ်ပေလိမ့်မဦးမည်၊ မွန်နှင့် ကရင်ပြည်နယ်၏ အချို့သော နေရာ ဒေသများမှာ ရေဘေးသင့်နေရပြီ မဟုတ်လား။ တလက်စတည်း မြန်မြန် ရေကျပြီး အားလုံး ဘေးကင်းကြပါစေလို့ ဆုတောင်းပါ၏။) မိုးက လုံးဝ မရွာပေ။ ထို့ပြင် ကောင်းကင်မှာ မိုးတိမ်များလည်း လုံးဝ မရှိပေ။ ပီဘိ တကယ့်ကို ပွင့်လင်းရာသီ လိုမျိုး ကဲ့သို့ပင်။

မိုးက မအုံနေတော့ ပိုပြီး ပူ၏။ မိုးအုံနေတာတောင် ပူနေတာ၊ ခု မိုးက မရွာ အုံလည်း မအုံတော့ ပူသည့် အပူက အတော်လေးကို ဆိုးလှ၏။ အမယ်လေး တောင်ပေါ်သားရယ် တောင်ပေါ် အပူလေးကို ညည်းနေရင် မြေပြန့်က လူတွေ ဘယ်လိုများ နေရမလဲဟု မေးချင်စရာ ရှိ၏။ ကိုယ်ချင်း မစာလို့တော့ မဟုတ်ပေ ကျနော်က အပူနှင့် ပတ်သက်လျှင် နည်းနည်း အကဲဆတ်လို့ပါ။ နည်းနည်း ပူလျှင်ကို နေလို့ မရ၊ နေရ ခက် လေ့ ရှိ၏။ အင်း ဒါကြောင့်ပဲ လူ့အလို နတ်မလိုက်နိုင်ဆိုပြီး ပြောကြတာ ဖြစ်ပေလိမ့်မည်။ ရွာတော့လည်း ရွာလို့၊ ပူတော့လည်း ပူလို့နှင့် ကျနော် တယောက်ထဲ အမျိုးမျိုး ဖြစ်နေသည် မဟုတ်လား။

Don Jaun

MSC 31



0
0
0.000
0 comments