မပျက်မစီး

avatar

ချစ်လှစွာသော စတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear steemians families.


reqrpnppz7.png


ကျွန်တော်တို့လူသားများရဲ့ သမိုင်းတွေကို ပြန်လှန်ကြည့်ရင် ပျက်စီးသွားတဲ့အရာတွေအများအပြားရှိပါတယ်။ ဒါပေမယ့် မပျက်မစီးပဲ ကျန်ရှိနေတဲ့အရာများလည်း ရှိနေပါတယ်။ အခြားသောအရာတွေပျက်စီးပျောက်ပျက် ကုန်ကြပေမယ့် ယခင်ကလည်း မပျက်စီး၊ ယခုလည်း ရှင်သန်နေဆဲ၊ နောင်လည်း ပျက်စီးမယ့်ပုံမပေါ်တဲ့အရာ များ အမှန်တကယ်ကိုရှိနေပါတယ်။ အဲဒါတွေကဘာတွေများလဲ? ယခင်ကလည်း မပျက်စီး၊ ယခုလည်းမပျက်စီး၊ နောင်အနာဂတ်မှာလည်း မပျက်မစီးတည်ရှိနေတဲ့ အရာတွေကတော့ လူသားများရဲ့ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့အရာတွေပဲ ဖြစ်ပါတယ်။ မပျက်မစီး တိုးပွားများပြားလာနေတဲ့ လူတို့ရဲ့လောဘ၊ မပျက်မစီး တိုးပွားများ ပြားလာတဲ့ လူတို့ရဲ့ဒေါသ၊ မပျက်မစီးတိုးပွားများပြားလာတဲ့ လူတို့ရဲ့မောဟ တွေက ကမ္ဘာလောကကြီးကို ဖြစ်ထွန်းပေါ်ပေါက်စေသလို ပျက်စီးပျောက်ကွယ်ခြင်းကိုလည်း ဖြစ်စေခဲ့ပါတယ်။ လူတို့ရဲ့ အသက်ရှင်သန် နေထိုင်ဖို့အတွက်က အစာရေစာပေါများတာ နဲ့ အစာရေစာ ရှားပါးတာအပေါ်မှာ မူတည်နေပါတယ်။ လူသား အားလုံးဟာ အစာရေစာရှားပါးလာတာနဲ့ ငတ်မွတ်ခေါင်းပါးပြီး သေဆုံးပျက်စီးကြရမှာပါ။ ခုနှစ်ရက်ကျော် အစာရေစာ ငတ်မွတ်မှုဖြစ်မယ်ဆိုရင်သေဆုံးပျက်စီးရမှာ အမှန်ပါပဲ။ အစာရေစာပေါများလာပြန်တော့လည်း ရလေ လိုလေ အိုတစ္ဆေဆိုတဲ့ လောဘကြောင့် သေဆုံးမှုတွေဖြစ်ကြရတာပါပဲ။



54uv3mv8ja.png


အစာရေစာပြည့်စုံ လုံလောက်နေသူက ပစ္စည်းဥစ္စာတွေပြည့်စုံချင်လာတယ်။ ပစ္စည်းဥစ္စာပြည့်စုံပြန်တော့လည်း ထပ်ကာ ထပ်ကာ လိုချင်တယ်။ အစာရေစာ မပြည့်စုံသူကလည်း အစာရေစာပြည့်စုံချင်တယ်။ မပြည့်စုံမှုတွေ ဖြစ်လာတဲ့အခါ ပြည့်စုံဖို့အတွက် လောဘတွေနဲ့ရှာကြဖွေကြတယ်။ ရှာဖွေလို့ပြည့်စုံပြန်တော့လည်း လောဘ ကြီးပြီး ဆက်ကာ ဆက်ကာ ရှာဖွေကြပြန်တာပါပဲ။ လောဘကြောင့် နှုတ်နဲ့လိမ်လည်တယ်။ လောဘကြောင့် ကိုယ်နဲ့လိမ်လည်တယ်။ တစ်ဆင့်တက်ပြီးတော့ ဒုစရိုက်မှုအနိုင်အထက်လုယက်မှုတွေကျူးလွန်လာကြတယ်။ ဓားရှိရင်ဓားနဲ့ သေနတ်ရှိရင်သေနတ်နဲ့ ဘာလက်နက်မှမရှိရင် တွေ့ကရာနဲ့ လုယက်မှုတွေ ဒုစရိုက်မှုတွေကို ကျူးလွန်ကုန်ကြတယ်။ မပြည့်စုံတဲ့လူတွေက လူသွားလမ်းတွေပေါ်မှာကျူးလွန်ကုန်ကြတယ်။ လူအများ မြင်သာ ထင်သာရှိနေတယ်။ ပြည့်စုံတဲ့သူတွေက တိုက်ခန်းလိုအခန်းထဲပိတ်ပြီး ဒုစရိုက်မှုကျူးလွန်တတ်ကြ တယ်။ လူအများ မမြင်နိုင်၊ မကြားနိုင်နဲ့ ဒုစရိုက်အလုပ်တွေကိုလုပ်နေကြစမြဲပါပဲ။ ဒါတွေက မကုန်ဆုံး မပျက်စီး မပျောက်ပျက်နိုင်တဲ့ လူတို့ရဲ့ လောဘက အရင်းခံလို့ဖြစ်ပေါ်လာရတဲ့ အရာတွေပဲမဟုတ်လား။ အခုခေတ် ကာလကြီးမှာဆိုရင် နည်းပညာတွေ လျင်လျင်မြန်မြန်တိုးတက်ထွန်းကားလာတယ်။ နည်းပညာတိုးတက် လာတာနဲ့အမျှ နည်းပညာနဲ့အနိုင်ကျင့်ပြီး ဒုစရိုက်မှုတွေကျူးလွန်လာကြတာပါပဲ။ လောကသဘာဝကိုကလည်း အကောင်း နဲ့ အဆိုး၊ အကြောင်း နဲ့ အကျိုးဆိုတာက ဆက်စပ်ဖြစ်ပေါ်လာစမြဲပဲ။ နည်းပညာကြောင့် လူသားတွေ သက်တောင့်သက်သာဖြစ်လာသလို နည်းပညာကြောင့်ပဲ လူသားတွေ ဆင်းရဲဒုက္ခမျိုးစုံနဲ့ ထိပ်တိုက်ရင်ဆိုင်ကြရတယ်။ နည်းပညာကို တလွဲအသုံးချမှုတွေကလည်း လူတွေရဲ့ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့အရာတွေကြောင့်ပဲမဟုတ်လား။ လူတွေသာ သေသွားသော်လည်း လူတို့ရဲ့ လောဘ၊ ဒေါသ၊ မောဟ တွေက သေဆုံးပျောက်ကွယ်သွားခြင်းမရှိပါဘူး။ လူနဲ့အတူလိုက်ပြီး မသေကြဘူး။ လူနဲ့အတူ အဲဒီ လောဘ၊ ဒေါသ မောဟတွေ လိုက်ပါပျောက်ကွယ်သွားရင်တော့ လူ့လောကကြီးငြိမ်းချမ်းသွားမှာပဲ။ ဒါပေမယ့် ခုတော့ လောဘ ဒေါသ မောဟ တွေက အစဉ်အမြဲ မပျက်မစီး လူ့လောကကြီးမှာကျန်ရှိနေတော့ လောဘ ဒေါသ မောဟ သံသရာထဲက ရုန်းမထွက်နိုင်ဖြစ်နေဆဲမဟုတ်ပါလား။


ငြိမ်းချမ်းအေးမြကြပါစေ...


ရေးသားသူ နှင့် ဒီဇိုင်း (Author and Design)_______

stemit ansoe myanmar no word logo 2.png

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

21-8-2019 ဗုဒ္ဓဟူးနေ့(Wednesday)



0
0
0.000
4 comments
avatar

မပျက်မစီး သံသရာကြီး ရှည်လှပါဘိကော

Posted using Partiko Android

0
0
0.000
avatar

သံသရာ ဆွဲဆန့်လို့ ဘယ်လောက်ပင် ☺ နောက်ကဟာတော့ဆိုတော့ဘူး 😋 😋

0
0
0.000
avatar

သာဓု ၃
လောဘ ဒေါသ မောဟ မာန စသဖြင့် အကုသိုလ်တွေလျော့ပါးပျောက်ပျက်သွားဘို့ ဘုရားတရားမှတစ်ပါး မရှိ

Posted using Partiko Android

0
0
0.000