ရင်ထဲက ဆူးနှစ်ချောင်း ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်ကစပြီး ကျွန်တော် စာရေးခြင်းအား ခေတ္တရပ်နားထားခဲ့ပါသည်။ အကြောင်းမှာ အမေရိကန် ရွေးကောက်ပွဲအား လေ့လာလိုခြင်း နှင့်အတူ မြန်မာနိုင်ငံသား တို့၏ အလွန်အရေးကြီးသော ၂၀၂၀ ရွေးကောက်ပွဲကြီးအား ကိုယ်တိုင် ဆင်နွဲရန် ပြင်ဆင်နေခဲ့သော ကြောင့် ဖြစ်ပါသည်။

အမှန်ဆိုရလျင် အမေရိကန် နိုင်ငံ၏ ရွေးကောက်ပွဲ သည် ကျွန်တော်တို့နှင့် အလှမ်းဝေးလှသော်လည်း ကမ္ဘာ့ နိုင်ငံရေး များတွင် အဓိက အဆုံးအဖြတ်ဖြစ်သော ကိစ္စများ၌ အမေရိကန်၏ ဩဇာ သက်ရောက်စမြဲ ဖြစ်သောကြောင့် နောက်ထပ်မည်သို့သော သူများ အမေရိကန် သမ္မတ ဖြစ်လာမည်လဲ စောင့်ကြည့်ရခြင်း ဖြစ်ပါသည်။

ကျွန်တော့ အနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်သောနိုင်ငံရေး အကြောင်း ရေးခဲလှပါသည်။ အဘယ့်ကြောင့် ဆိုသော် ကျွန်တော့ရင်ထင်တွင် စိုက်ဝင်နေသော ဆူး နှစ်ချောင်း အနက် ဆူးတချောင်းမှာ ထို မြန်မာ့ နိုင်ငံရေး ဆူး ဖြစ်ပါသည်။ အကျယ်ချဲ့၍ ရှင်းပြပါမည်။

ကျွန်တော်သည် ၁၉၈၂ ဖွား ဖြစ်ပါသည်။ ၁၉၈၈ ကျောင်းသား အရေးအခင်း ဖြစ်သောအခါ ကျွန်တော် အတော်လေး ငယ်သေးသော်လည်း " သပိတ် သပိတ် မှောက် မှောက် " ဟူသော ကြွေးကျော်သံများအား သူငယ်တန်း တက်ရင်း ကြားခဲ့ရပါသည်။ ထို့နောက်တွင်တော့ ၁၉၉၀ ရွေးကောက်ပွဲ အာဏာ သိမ်းခြင်း ခံရပြီးနောက် ကျွန်တော်၏ ငယ်ဘဝ / လူပျိုပေါက် ဘဝများအား အမှောင်မိုက်ဆုံးသော စစ်အာဏာရှင် စနစ်အောက်တွင် ကြီးပြင်းလာခဲ့ရပါသည်။

ကျွန်တော့ ငယ်ဘဝများတွင် မိဘများက မိသားစု စားဝတ်နေရေး အတွက်ပါမက " ပေါ်တာကြေး " များ အမည်နာမ အမျိုးမျိုးတပ်ထားသော လုပ်အားပေးများ ၊ မသွားမနေ သွားရသော လူကြီး ကြိုဆိုပွဲများ အတွက်ပါ ပူပင်ကြောင့်ကြခဲ့ကြရပါသည်။

ဆိုတော့ ကျွန်တော် ၁၀ တန်းအောင် ၊ တက္ကသိုလ် ပြီးသည်အထိ စစ်အစိုးရလက်အောက်တွင် ကြီးပြင်းနေထိုင်ခဲ့ရပါသည်။ ထိုကာလများတွင် ကျွန်တော့ရင်ထဲ စိုက်ဝင်နေခဲ့သော နိုင်ငံရေး ဆူးတချောင်းသည် ပို၍ ကြီးထွားလာရုံသာမက ပို၍လည်း နာကျင်လာခဲ့ရပါသည်။ အဘယ့်ကြောင့် ဆိုသော် စစ်အစိုရအား ကျွန်တော်မကြိုက်ပါ။ ထိုထက်ဆိုးသည်မှာ ထိုမကြိုက်ကြောင်းကို ဖွင့်ဟပြောဆိုခွင့်မရခြင်း ပင်ဖြစ်ပါသည်။

ထိုခေတ်ထိုအခါက " ညီလေး ခဏလောက်လိုက်ခဲ့ပါ " ဟုဆိုလျင် သုံးနှစ်လည်း ကြာသွားနိုင်သလို ၁၀ နှစ် လည်းကြာသွားနိုင်သောကြောင့် ဖြစ်ပါသည်။ထို့နောက် ကျွန်တော် စင်္ကပူ နိုင်ငံသို့ ထွက်သွားသော အခါ အခြားနိုင်ငံများ ၏ အဖက်ဖက်ကတိုးတက်နေသော အခြေအနေများအား ကြည့်ကာ မိမိတို့ တိုင်းပြည်အား ဆင်းရဲစုတ်ပြတ်သတ်သွား အောင် အုပ်ချုပ်နေသော စစ်အစိုးရအား မုန်းတီးသည် နိုင်ငံရေး ဆူးသည် ကျွန်တော့အား အမြဲတစေ ဒုက္ခပေးလျက်ရှိနေခဲ့ပါသည်။

ကျွန်တော်လည်း မြန်မာနိုင်ငံသား တယောက်ဖြစ်ပါသည်။ မြန်မာနိုင်ငံအား ချစ်မြတ်နိုးပါသည်။ သို့သော် ကျွန်တော့ အနေဖြင့် ဘားမှလုပ်မပေးနိုင်ခဲ့ပါ။ ကြီးထွားလာသော မကျေနပ်ချက်များအား မြိုသိပ်ကာ ထားခဲ့ရပါသည်။ ကျွန်တော့ အနေဖြင့် တောခိုကာ လက်နက်ကိုင်မည့် အကြောင်း စဉ်စားမိသော်လည်း ကျွန်တော်သဘောမကျပါ။ အဘယ့်ကြောင့် ဆိုသော် ကျွန်တော်တို့ မြန်မာလူမျိုးများသည် လက်နက်ကိုင်ရခြင်း ၏ အရသာအား တွေ့နေကြသော ကြောင့် မိမိတို့လက်နက်အား မစွန့်နိုင် ဖြစ်နေကြရသည်မှာ အားလုံးအမြင်ပင်ဖြစ်ပါသည်။

ဤ အခြေအနေမျိုးတွင် ကျွန်တော့ရင်ထဲရှိ နိုင်ငံရေးဆူးအား နှုတ်ယူခွင့် ပြုမည် အခွင့်အရေးတခု ၂၀၁၅ ခုနှစ်တွင် ရရှိလာခဲ့ပါသည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာ တွင် ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင် ကျွန်တော် ခွင့်ယူကာ မြန်မာနိုင်ငံသို့ ပြန်လာပြီး မဲပေးခဲ့ပါသည်။

စင်္ကပူတွင် ကြိုတင်မဲပေး၍ ရပါသည်။ သို့သော် ထိုအချိန်က စင်္ကပူ သံအရာရှိမှာ စစ်အစိုးရ လက်အောက်ခံ ဖြစ်သော ကြောင့် မိမိမဲတပြား အား အပျောက်မခံနိုင်သော ကြောင့် မြန်မာပြည် ပြန်လာပြီး မဲပေးခဲ့ပါသည်။ မဲပေးရကျိုးနပ်ခဲ့ပါသည်။ NLD ပါတီ သောင်ပြိုကမ်းပြို နိုင်ကာ အစိုးရဖွဲ့နိုင်ခဲ့ပါသည်။

သို့သော် အာဏာ အပြည့်အဝရသည် တော့ မဟုတ်သေးပါ။ စာအုပ် စိမ်းအား ပြင်ဆင်နိုင်ခွင့် မရှိသေးပါ။ ပြည်သူ့ အစိုးရဟု ခေါ်နိုင်သော်လည်း အချိန်မရွေး နောက်ကြောင်း ပြန်လှည့်သွား နိုင်ပါသည်။ လူထူကလည်း ဒီမိုကရေစီ၏ အနှစ်သာရအား မမြည်းကြည့်ရသေးသောကြောင့် စိုးရိမ်ရသော အခြေအနေဖြစ်ခဲ့ပါသည်။

ဤ အခြေအနေတွင် ၂၀၂၀ နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲက အဆုံး အဖြတ် ဖြစ်လာပါတော့သည်။ အကယ်၍ ၂၀၂၀ တွင် NLD ပါတီ အစိုးရ ဖွဲ့ ခွင့် မရခဲ့လျင် ကျွန်တော်တို့ မြန်မာပြည်သူ/ သားများသည် ဒီမိုကရေစီ ဖြင့် မထိုက်တန်သူများ အဖြစ် မှတ်ယူရမည် ဖြစ်သလို ကျွန်တော့ ရင်ထဲရှိ နိုင်ငံရေး ဆူးကလည်း သေသည်အထိ နှုတ်ယူခွင့်မရပဲ ဆူးဝင် နေတော့မည် ဖြစ်ပါသည်။

ကျွန်တော် ကံကောင်းပါသည်။ ကျွန်တော့ ရင်ထဲရှိ နိုင်ငံရေး ဆူးအား ၂၀၂၀ တွင် နှုတ်ယူခွင့်ရခဲ့ပါသည်။ ကျွန်တော့ လက်သန်း အား ၂ ကြိမ် မှင် အစွန်းခံ ပြီး NLD ကို မဲပေးခြင်းဖြင့် နှုတ်ယူခွင့် ရခဲ့ပါသည်။ ယခု ပြည်သူတင်သော အစိုးရ ဒုတိယ ၅ နှစ် ဆက်လက် အုပ်ချုပ်ရတော့မည်။ ကျွန်တော်တို့ ပြည်သူများ ဒီမိုကရေစီ ၏ အရသာအား သိသွားကြပြီ။ ခြိမ်းခြောက်ရုံမျှဖြင့် မကြောက်ကြတော့ပြီ။

ကျွန်တော် မဲထည့်ခဲ့သည့် ပုံစံမှာ မဲစာရွက် လက်ခံယူပြီးကတည်းက မဲစာရွက်အား စစ်ဆေး ၊ တံဆိပ်တုံး အား UEC ပါမပါ စစ် ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟူသော ခွပ်ဒေါင်း အလံဘေးတွင် တဆိပ်နှိပ် ၊ မဲစာရွက်အား သေချာခေါက် ၊ မဲပုံထဲ သေချာထည့် ခဲ့ပါသည်။ မိမိ မဲပေးလိုက်သော NLD ရွေးကောက်ခံ ကိုယ်စာလှယ် မည်သူမည် ဝါ ဖြစ်သည်ကို ပင် မကြည့်မိပါ။ ကြည့်စရာ လဲမလိုပါ။ NLD အမတ် ဖြူသည် မဲသည် ပိန်သည် ဝသည် အရေးမကြီးပါ။ ထိုအမတ် ရွေးကောက်ခံရဖို့ အရေးကြီးပါသည်။ ထိုအမတ် မကောင်းလျင် ပါတီက အရေးယူပါလိမ့်မည်။

ဤ ပြည်သူတင် သော အစိုးရ နောက်ထပ် ငါးနှစ် သက်တမ်း အုပ်ချုပ်ပြီးလျင်တော့ ပြည်သူအား အထင်သေးသော အာဏာရူး လူ့ငနွား များလည်း အတော် သဘောပေါက် လောက်ပြီဟု ထင်ပါသည်။ စိတ်ရင်း စေတနာ မကောင်းပဲ ငါးထောင် ပေး၍ အစိုးရ မဖြစ်နိုင်သည်ကို သိသွားကြလောက်ပြီဟု ထင်ပါသည်။ အာဏာသည် ပြည်သူတို့ လက်ထဲတွင် တဖန်ပြန်ရောက်လာပါပြီ။ မိမိတို့ ပိုင်သော ထိုအာဏာ အား မပျောက်မပျက်စေရန် မှာ မိမိတို့ တာဝန်သာ ဖြစ်ပါသည်။

ဤစာစု အစတွင် ကျွန်တော့ ရင်ထဲတွင် ဆူးနှစ် ချောင်း စိုက်ဝင် နေကြောင်း ဖေါ်ပြပေးခဲ့ပြီး ဖြစ်ပါသည်။ ဆူး တချောင်း ဖြစ်သော နိုင်ငံရေး ဆူးမှာ လက်သန်း မှင် နှစ်ကြိမ် စွန်းပြီးနောက် အတော် သက်သာ သွားပြီ ဖြစ်ပါသည်။ နောက် ဆူးတချောင်း ကတော့ ဖြင့် ကျွန်တော့ ဘဝတသက် နှုတ်ယူ ခွင့် ရှိပါ့မလား ကျွန်တော် သံသယဝင်မိပါသည်။

ထို သံသယဝင် မိသော ရင်ထဲမှ ဆူးတချောင်းကတော့ " မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်း အရှေ့တောင်အာရှ / ဆီးဂိမ်း တွင် ရွှေတဆိပ် ရသည်ကို မြင်လိုလှခြင်း ဖြစ်ပါသည်။ ဤ မြန်မာ ဘောလုံး ဆူးမှာ ၁၉၉၃ ဆီးဂိမ်း တွင် မြန်မာ - ထိုင်း နောက်ဆုံး ဗိုလ်လုပွဲတွင် ဗီယက်နမ် ဒိုင် ညစ်ပတ်သောကြောင့် မြန်မာတို့ ရှုံးခဲ့ရသည်ကို မြင်တွေ့ခဲ့ရပြီးနောက် ဆူး ဝင် ခဲ့ရခြင်း ဖြစ်ပါသည်။ နှစ်ပေါင် ၃၀ နီးပါးရှိလာသည့် တိုင် ယခုထိ ထိုဆူးအား မနှုတ်ယူ နိုင်သေးပါ။ တချိန်ချိန်တော့ နှုတ်ယူနိုင်လိမ့်မည်ဟု ထင်ပါသည်။

Henry Aung ( Kachin )

9 / 11/ 2020 (16;33 Hrs )

H1.jpeg



0
0
0.000
4 comments
avatar

ရင်ထဲက ဆူးတွေ နှုတ်ယူနိုင်ပါစေ။

ဒီငါးနှစ်တော့ဖြင့် မဆုတ်မနှစ် ကြိုးစားကြကာ ဒီမိုကရေစီ
အရသာ ဆက်ခံနိုင်ကြဖို့ ဆောင်ရွက်ကြရဦးမည်။
အချောင်သမားများက အချောင်ချောင်းနေတတ်ကြသလို
အာဏာယစ်မူးဖူးသူက အာဏာလုဖို့ ကြံစည်နေကြဦးမည်သာ

0
0
0.000
avatar

ပြည်သူတွေ နိုင်ငံရေး ရေချိန် မြင့်တတ်လာတာ ထင်ရှားတဲ့ 2020 ရွေးကောက်ပွဲ ပါပဲ။
ရာခိုင်နှုန်းပြည့်တော့ မပျော်နိုင်သေးဘူးဗျို့။

0
0
0.000
avatar

American မှာတော့ လက်ရှိ သမ္မတ ရှုံးပေမယ့် တရားရင်ဆိုင်ကြဦးမယ် ထင်တယ်။ Trump ကြီးက ခုထိ အရှုံး လက်မခံသေး။
ကြိုတင်မဲ ပြဿနာ။
မြန်မာမှာလည်း ကြိုတင်မဲပြဿနာ အချို့ ရှိပေမယ့် လက်ရှိ အာဏာရပါတီ ပဲ ဆက်ပြီး ယခင်ကထက် ပိုမို အနိုင်ရလို့ ပျော်ရပါ၏။

Institution ပြင်နိုင်ပါမှာပဲ ဒီမိုကရေစီ အရသာ နှင့်
တရားဥပဒေစိုးမိုးရေး ကောင်းကောင်း ခံစားနိုင်မှာပါ။

ဆက်ရုန်းရဦးမယ့် Challenge တွေက အများကြီး ကျန်သေးဗျာ။

Posted Using LeoFinance Beta

0
0
0.000
avatar

အို ဆူးတွေ ဆူးတွေ လူတိုင်းမှာ ဆူးတွေ ပြည်သူတွေမှာဆူးတွေ။
ဒီဆူးတွေကို နှုတ်ဖို့ ငြိမ်ချမ်းရေနဲ့ တရားဥပဒေ စိုးမိုးဖို့ အရေးကြီးပါတယ်။

0
0
0.000