ကျယ်လောင်သော တိတ်ဆိတ်သံ ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ Covid-19 ကူးစက်ရောဂါကာ ရန်ကုန်အား အစွမ်းကုန် နှိပ်စက်နေပြီ ဖြစ်ပါသည်။ ယခု အချိန်ထိ ပိုးတွေ့လူနာ ကျဆင်းမသွားသေး။ သေဆုံးသူ ဦးရေကလည်း မြှင့်တက်လာနေဆဲ။ တတ်နိုင်သူတို့က အစားအသောက်ပစ္စည်း များပြည့်စုံစွာ ဝယ်ယူကာ အိမ်တခါး ပိတ်ထားနိုင်ကြသော်လည်း မတတ်နိုင်သူတို့က လမ်းပေါ်ထွက်ကာ ဝမ်းစာ ရှာဖွေနေရဆဲ။

လမ်းဘေး ဈေးရောင်းသူတို့အား စည်ပင်သာယာက လုံးဝခွင့်မပြုတော့။ ကွမ်းယာဆိုင်များမထွက်ရ။ နံနက်ခင်းဈေး ၊ သားငါး ဟင်းသီးဟင်ရွက်ရောင်းချသူများကလည်း ၁၁ နာရီ ထိုသည်နှင့် သိမ်းပြန်။ နေ့ခင်းနေ့လည် ခေါင်းရွက် ဗျက်ထိုး ဈေးသည်များ မရှိ။

နေ့လည်ခင်း လူမရှိ၍ ကျွန်တော်လည်း ဆိုင်တံခါးပိတ် တရေးတမောအိပ်။ ညနေ ၅ နာရီ ထိုးမှ ပြန်ဖွင့် ၉ နာရီအထိ။ ဆိုတော့ တခါတလေ ဇတ်လမ်းတွဲများကြည့် ။ တခါတလေ စာဖတ်။ အိပ်ယာ ထက်မှ နေ၍ စဉ်စားကြည့်မိသည်။ယခင်က ကားဟွန်းတီးသံ ၊ ကလေးများ ဆူညံသံ ၊ ဈေးသည်တို့ အော်ဟစ်နေသောအသံများ ဖြင့်ပြည့် နှက်နေသော လမ်းသည် ယခုတော့ တိတ်ဆိတ်ငြိမ်သက်လို့နေပါတော့သည်။

တကယ်ပင် ငြိမ်သက်နေ၍ ခွေးဟောင်သံပင်မကြားရ။ " ငါနေထိုင်နေတာ ရန်ကုန် မြို့ပြကြီးမှ ဟုတ်ရဲ့လား " ဟူသော အတွေးဝင်လာမိသည် အထိပင်။ ဆူညံခြင်းဖြင့် အသားကျနေသူတယောက်သည် တိတ်ဆိတ်ခြင်းအား သဘောကျနိုင်မည် ဖြစ်သော်လည်း တိတ်ဆိတ်သံ ကျယ်လောင်လာသောအခါ မခံမရပ်နိုင်ဖြစ်လာပါတော့သည်။

ဥပမာ ပြရလျင် တရားစခန်းသည် အစဉ် အမြဲ တိတ်ဆိတ်ငြိမ် သက်နေရမည် ဖြစ်ပါသည်။ တရားစခန်း ဟူသည်နှင့် ငြိမ်သက်ခြင်းက တွဲပါလျက်ရှိပြီး ဖြစ်ပါသည်။ သို့သော် ..... Night Club ဟု ဆိုရာတွင် မြူး ကြွစရာ Music များ ၊ သာယာ ယစ်မူးဖွယ် အကများ ၊ သူယောင်မယ်များ တို့ဖြင့် တက်ကြွ နေရမည် ဖြစ်သော နေရာ ဖြစ်ပါသည်။

ယခု Covid-19 ဒုတိယလှိုင်း၏ ထိချက်ပြင်းသော ရန်ကုန်သည် Night Club အား တရားစခန်း အသွင် ပြောင်းလည်း လိုက်သည်နှင့် တူနေပါတော့သည်။ မြူးကြွသော တေးသွားများ ရှိရမည့် နေရာတွင် တိတ်ဆိတ်ခြင်းက လွမ်းမိုးနေသော အခါ ... ရောက်လာကြသူတို့အား ကသိကအောက် ဖြစ်စေပါတော့သည်။

စစ်ပွဲများ တွင်အဓိကကျသည်မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပါသည်။ တိုင်ပြည်တခု၏ အထင်ကရ မြို့ကြီး ရန်သူလက်အောက် ရောက်သွားပြီ ဟူသည်နှင့် ထိုတိုင်းပြည် စစ်ရှုံးပြီဟု ဆိုနိုင်ပါသည်။ ယခု ကျွန်တော်တို့ မြန်မာပြည်၏ ရန်ကုန် သည် Covid-19 ရန်သူနှင့် အသည်းအသန် မီးကုန်ယမ်းကုန် တိုက်ခိုက်နေရချိန်ဖြစ်ပါသည်။ ​

ရှေ့တန်း စစ်သည်ဖြစ်သော ဆရာဝန် သူနာပြုသို့ မလောက်မငှဖြစ်လာသဖြင့် အခြားသော မြို့ပြမှ စစ်ကူခေါ်နေရပြီ ဖြစ်ပါသည်။ ထို့အပြင် ဆေးပညာ အတွေ့အကြုံရှိသူတို့ Volunteer စစ်မှုထမ်းကြပါရန် ဖိတ်ခေါ်နေကြရသော အခြေအနေသို့ ဆိုက်ရောက်နေပြီ ဖြစ်ပါသည်။

ကျွန်တော့ အထင်ပြောရလျင် လျက်ရှိ ရန်ကုန် အခြေအနေသည် တရားစခန်းကဲ့သို့ တိတ်ဆိတ်နေခြင်းက ရှေ့တန်းစစ်သည် ဆရာဝန် သူနာပြုတို့ အတွက် ပို၍ အကျိုးထိရောက်လိမ့်မည်ဟုထင်ပါသည်။ ကျွန်တော်လည်း တိတ်ဆိတ်ခြင်းကို ကြိုက်ပါသည်။ သို့သော် ယခုကဲ့သို့သော တိတ်ဆိတ်ခြင်းမျိုးတော့ လွန်မြောက်ချင်လွန်းလှပါပြီ။

Henry Aung ( Kachin )

01/10/2020 ( 7;55 pm )



0
0
0.000
1 comments
avatar

ရန်ကုန်သူ ရန်ကုန်သား နဲ့ မြန်မာပြည်သူများ၊ ကမ္ဘာသူ/သားများ
နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ

0
0
0.000