ကျိန်စာသင့်မြေ ( အပိုင်း- ၄ ) ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ ကျိန်စာသင့်မြေ ဟူသော ဖားကန့်အကြောင်း အား ယခုစာစုဖြင့် အဆုံးသတ်ပါမည်။ ကျွန်တော်၏ ယခင်စာစုများတွင် ဖားကန့် အကြောင်း အတော်အတန် ဖေါ်ပြပေးခဲ့ပြီး ဖြစ်ရာ ထိုအကြောင်းအရာတို့ မှာ ကျွန်တော်သိသော ဖားကန့်အကြောင်း အပေါ်ယံ မျှသာ ဖြစ်၍ ဤ ကျိန်စာသင့်မြေနှင့် ပတ်သက်၍ ခံစားရသော တဦးတယောက်ချင်းစီ၏ ခံစားမှုများအား ရေးဖွဲ့ရလျင် အတော်လေး ကြေကွဲဖွယ်ရာ ကောင်းသော ဇတ်လမ်းများ အများအပြား ထွက်လာအုံးမည် ဖြစ်ပါသည်။

ဤ ဖားကန့်၏ ကျိန်စာသည် ကျွန်တော်၏ ဆွေမျိုးသားချင်း များအားလည်း အလွတ်မပေးခဲ့ပါ။ ကျွန်တော့ အနေဖြင့် ဖားကန့် အကြောင်း ဤ မျှရေးပြနိုင်ခြင်းသည် ကျွန်တော်၏ ဦးလေး များ ၊ အဒေါ်များ များသည် ဖားကန့် ကျိန်စာ သင့်ခဲ့ကြပြီးသော ကြောင့် ကျွန်တော် ဖားကန့် အကြောင်း အတော်အတန်သိရခြင်း ဖြစ်ပါသည်။

ကျွန်တော်၏ ဖခင်ဘက်မှ အဒေါ် တယောက်သည် ဖားကန့် ခေတ်ကောင်းစဉ်က အတော်ပင် စီးပွားကောင်းခဲ့ပါသည်။ သူ၏ စီးပွားကောင်း ခြင်းမှာ အရက် ရောင်းခြင်း နှင့် ဘိန်းရောင်း ခြင်းတို့ကြောင့် ဖြစ်ပါသည်။ သို့သော် ကာလတခုကြာသော အခါ ဖားကန့်ကျိန်စာ အကျိုးသက်ရောက်လာသော အခါ လင်ယောက်ျား က အရက်ကြောင့် ဆုံးပါး သွားသလို သူ ကိုယ်တိုင်လည်း ဒါဏ်ရာတခုကြောင့် ရှိသမျှ ပိုင်ဆိုင်သမျှ အားလုံး ပုံအောပေးကာဆေးကုခဲ့ရပါသည်။

ယခုထိတိုင် သက်ရှိထင်ရှား ရှိသေး၍ သားသမီးများ၏ လုပ်စာ အားသာ မျှော်ကိုးစားရသော အခြေအနေသို့ ရောက်နေခဲ့ပြီ ဖြစ်ပါသည်။ အခြား တယောက်မှာ အမေ ဘက်မှ အဒေါ်ဖြစ်ပါသည်။ ချောမောလှပသလောက် စိတ်မန်ကြီးသူ ၊ ထောင်မကြောက် တန်းမကြောက် ဘိန်းကုန်ကူးဝံ့သူ ဖြစ်ပါသည်။ သူသည်လည် ဖားကန့်ကျိန်စာမှ မလွတ်ပါ။

အရွယ်ကောင်းချိန်တွင် အသက်ဆုံးပါးသွားခဲ့ရပါသည်။ ကျန်ရစ်သော သမီးလေးတယောက်အား ဆွေးမျိုးများက ကြည့်ရှု့စောင့်ရှောက်ထား၍သာ လူတလုံး သူတလုံး ဖြစ်လာခဲ့ခြင်း ဖြစ်ပါသည်။ ထို အဒေါ်၏ ပြောပြချက်ကြောင့် ဖားကန့်တွင် မည်မျှ စုံသည် ဆိုသည့် အကြောင်း သိခဲ့ရပါသည်။

ဖဲ ၊ ဖိုး ၊ ဖာ ၊ လူသတ်မည်လား ၊ အနာတရ ဖြစ်အောင် လုပ်မည်လား ၊ စုန်းနှင့် တိုက်မည်လား ၊ ဖားကန့်တွင် အကုန်လုပ်၍ ရသည်ဟု ဆိုပါသည်။ ကျွန်တော့ အဒေါ်ကိုယ်တိုင် စုန်းပြုစားခံရသောကြောင့် အထက်လမ်း ဆရာဖြင့် သွားပြရာတွင် အထက်လမ်းဆရာမှ ဆီပူ အိုးဖြင့် လောင်းချ ၊ သုံးလုံးပူး ကြိမ်နှင့်ရိုက် ၊ နားရင်းပါးရင်တီး.... ဤသို့ ပြုလုပ်နေစဉ် အဒေါ့်ထံမှ ထွက်လာသော အသံသည် အခြား အမျိုးသမီး တယောက်၏ တောင်းပန်သံ ဖြစ်ပါသည်။ ထို့ နောက် အပင်းချ.... ဆံချည်ထွေး နှင့် ထဘီ စများ.... ဤ အကြောင်းအရာတို့အား ကျွန်တော် ဆက်လက်ရေးသားလိုစိတ်မရှိပါ။ ဗဟုသုတ အနေဖြင့် သိစေချင်သောကြောင့်သာ ဖားကန့်ဟူသော နေရာသည် မည်သို့သော နေရာဖြစ်ကြောင်း သိစေလိုရင်း ဖြစ်ပါသည်။

တစ်ဦးတည်းသော သားအား ဆုံးရှူံးခဲ့ရသည့် မိခင်သောက ၊ ဤလောက အလယ်တွင် လူမမယ် ခလေးငယ်များ အဖေ ခေါ်စရာ မရှိ ဖြစ်သွားသော အဖြစ်အပျက် ၊ အားကိုးစရာ လင်သား မဲ့သွားသော ဇနီးများ ၊ ဖခင် ဖြစ်သူမှ ဘိန်းစွဲကာ လူရာ မဝင်၍ ညစဉ်ညတိုင်း ခေါင်းအုံး များ စိုရွှဲသွားသည် အထိ ငိုခဲ့ကြရသော သားသမီးများ ၊ ဇနီးများ ၊ မိမိသားသမီးများက ဖားကန့် တွင် အလုပ်လုပ်နေကြသော ကြောင့် အဆင်ပြေပါစေကြောင်း ၊ အန္တရာယ် ကင်းပါစေကြောင်း ညစဉ် ညတိုင်း သောကများဖြင့် ရှည်လျားစွာ ဆုတောင်းပေးနေကြသော မိဘများ စသည်ဖြင့်......

ယခင်ကလည်း ဤသို့သော ပူဆွေးစရာများအား ဖားကန့်က ပေးခဲ့ပါသည်။ ယခုလည်း ပေးနေဆဲ ။ ဤ ကျိန်စာ သင့်မြေမှ ကျောက်စိမ်းဟူသော ရတနာ ထွက်နေသရွေ့ ထိုကျိန်စာများ သင့်နေကြအုံးမည် သာ ဖြစ်ပါသည်။ ကချင်လူမျိုးများက ဖားကန့်အား ဘုရားပေးသော လက်ဆောင် ၊ ကချင်လူမျိုး တို့အတွက် ကောင်းချီးခံရာ မြေဟူ၍ တင်စားကြပါသည်။ ကျွန်တော်ကတော့ ထိုသို့ မမြင်ပါ။

မြန်မာပြည်ရှိ လောကငရဲ ငယ်ဟူ၍သာ မြင်မိပါသည်။ ဤ ကျောက်စိမ်းကြောင့် ကချင်လူမျိုးတို့ ပို၍ တိုးတက်မသွားပါ။ ပြည်တွင်း စစ်၏ အရင်း အမြစ်ဖြစ်ရာ နေရာ မှာ ဤ ကျောက်စိမ်းထွက်ရာ ဖားကန့် ဖြစ်ပါသည်။ ပြည်တွင်းစစ် ရှည်လျားသော ကြောင့် ကချင်လူမျိုးတို့ စစ်ရှောင် စခန်းတွင် နေနေကြသည်မှာ ဆယ်စု နှစ် သုံးခု ခန့် ရှိခဲ့ပြီ ဖြစ်ပါသည်။

ယခင်က ကလေးများ ယခု အားကောင်းမောင်းတန် လူငယ်များ ဖြစ်လာကြပြီ။ သို့သော် ပညာ ဟုတ်တိပတ်တိ မတတ်ကြပါ။ အားကောင်းသော ပညာရေးစနစ်က စစ်ရှောင် စခန်းများသို့ မရောက်ခဲ့ကြပါ။ ပညာ မတတ်ခြင်း ၊ ကျိုးကြောင်း ဆင်ခြင် ညာဏ် နည်း ခြင်း များက လူမှုရေး ၊ ဘာသာ ရေး မှိုင်းတိုက်၍ စစ်ပွဲ ကြာရှည် စေရန် ဖန်တီးသူတို့ အကြိုက်တွေ့စေခဲ့ပါသည်။

ယခင် ဦးခင်ညွန့် လက်ထက်က လက်နက်ကိုင်အဖွဲ့များ ဖြင့် ငြိမ်းချမ်းရေးယူစဉ်က ထိုလက်နက်ကိုင် အဖွဲ့များအား ကျောက်စိမ်း လုပ်ကွက်များ ချထားပေးခဲ့ပါသည်။ အကျိုးဆက် အနေဖြင့် လက်နက်ကိုင်တို့ ကျောက်စိမ်းမှရသော ဝင်ငွေဖြင့် ပိုမို အင်အား တောင့်တင်းလာကြပါသည်။ ပြည်တွင်းစစ် ကြာရှည် နေရသော ဇစ်မြစ် မှာ ထို ကျိန်စာသင့်နေသော ဖားကန့် မြေမှ ကျောက်စိမ်းများ ဖြစ်ပါသည်။

ဤ ဖားကန့်မြေ၏ ကျိန်စာ သည် ကချင်လူမျိုးတို့၏ အသက် ၊ သွေး ၊ ချွေး ၊ မျက်ရည် ပေါင်းများစွာတို့အား ဆယ်စု နှစ် ၃ စု တိုင်အောင် ဒုက္ခပေးနေခဲ့ပြီ ယခု ထိုကျိန်စာ မှာ ရခိုင်ပြည်နယ် အထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါသည်။

လွန်ခဲ့သော ၂၀၀၉ ခုနှစ်ခန့်တွင် ဖားကန့်မှ ရေမဆေး ကျောက်ကောက်သူ ရခိုင်တိုင်းရင်းသား တို့ဖြင့် ဖွဲ့စည်း ခဲ့သော AA ဟူသည့် စစ်တပ်က ရခိုင်ပြည်နယ်သို့ ဖားကန့်မှ ကျိန်စာများ သယ်ဆောင်ယူသွားခဲ့ကြပါသည်။ အကျိုးဆက် အနေဖြင့် ရခိုင်တွင် ပြည်တွင်း စစ်မီးကြီး တောက်လောင်နေခဲ့ပြီ ဖြစ်ပါသည်။

AA တို့ကလည်း ရခိုင်တပြည် လုံး မသိမ်းနိုင် ၊ စစ်တပ်ကလည်း AA တို့အား အနိုင်မတိုက် နိုင်။ ပြည်သူတို့ကာ စစ်ရှောင် စခန်းတွင် နေနေကြရပြီ ဖြစ်သည်။ မိမိတို့ အိုးအိမ် လယ်ယာ များအား ပြစ်ထားခဲ့ရကာ စစ်ရှောင်နေကြရပြီ။
ခလေးသူငယ်တို့ ပညာသင်ကြားခွင့်မရကြတော့ပြီ။ တဖက်နှင့် တဖက် အမုန်းရန်ညှိုးဖြင့် တိုက်ခိုက်သတ်ဖြတ်ကြတော့မည်။

ဤ ဖားကန့်၏ ကျိန်စာသည် ရခိုင်ပြည်နယ် တွင် မည်သည့် အချိန်ထိ အကျိုးသက်ရောက်နေအုံးမသိ။ ရခိုင်ပြည်သူပြည်သား တို့ သွေး၊ ချွေး ၊ မျက်ရည် ကျစေခဲ့ပြီ ဖြစ်ပါသည်။ ဤ ကျိန်စာတို့ အဘယ်အချိန်ပျယ်မည် ကို မည်သူမျှ မသိနိုင်ပါ။

သို့သော် ဖားကန့်တွင် ကျောက်စိမ်း မထွက်တော့ ၊ တနိုင်းတွင် ပယင်း မထွက်တော့ ၊ ကချင်မြေတွင် ရွှေများ ကော သွားပြီ ဆိုသည့် အချိန်တွင် ထိုကျိန်စာ တို့ပျက်ပြယ် သွားမည်ဟု ထင်ပါသည်။ ထို အချိန်တွင် မည်သည့် သယံဇာတ မျှ မရှိတော့သည့် အတွက် ပညာသင်ခြင်း ၊ လူသားများအား အဆင့်မြှင့်တင်ခြင်းသည် တိုင်းပြည်၏ အကောင်းဆုံး သယံဇာတ ဖြစ်ကြောင်း ကချင်တို့ သိလာကြပါလိမ့်မည်။

ယခု​တော့ ထို ဖားကန့် ဟူသော " ကျိန်စာသင့်မြေ " တွင် ကျောက်စိမ်းဟူသော အရာ ထွက်နေသမျှကာလပတ်လုံး ကျိန်စာ သင့်နေကြအုံးမည် ဖြစ်ပါသည်။ ကျွန်တော်တို့ကတော့ ကျိန်စာ ပျယ်ပါစေမည့် အကြောင်း ဆုတောင်းပေး ယုံသာ တတ်နိုင်ပါလိမ့်မည်။

ပြီးပါပြီ ။

Henry Aung ( Kachin )

H1.jpeg



0
0
0.000
6 comments
avatar

စိတ်မကောင်းစရာ စိတ်မချမ်းသာစရာပါ။
ဆံချည်ထွေးတွေ ထဘီစတွေဆိုတာ တကယ်ရှိတယ်ပေါ့။
ကျွန်တော်က ဒါမျိး‌ေတွက စာရေးဆရာတွေ စိတ်ဝင်စားအောင် တမင်ဖန်တီး
ရေထားတယ်အောင်းမေ့တာ။

0
0
0.000
avatar

ကျွန်တော်လည်း စိတ်မကောင်းစရာ စိတ်ပျက်စရာတွေ မရေးချင်တော့လို့ အမြန်အဆုံးသတ်လိုက်တာ။ ချဲ့ ရေးရင် အပိုင်း -၁၀ လောက်ရောက်သွားလိမ့်မယ်။

0
0
0.000
avatar

တကယ်တော့ ရခိုင်က ဖားကန့်မှ တနွယ်ငင်တစင်ပါ ပါ။
ရခိုင်မှာလည်း ရေပြင်ရေအောက် သံယံဇာတ ကြောင့် ကျိန်စာမိကြတော့တာပါ။
ငွေဖြစ်လွယ်သော သံယံဇာတ က ကျိန်စာ ရှိလေသလား။
သမားရိုးကျ စိုက်ပျိုးမွေးမြူရေးကတော့ ထိုလောက် မပြင်းထန်ပါ။

0
0
0.000
avatar

ကျိန်စာပြယ်မဲ့ အချိန်သာ စောင့်စားရင်း.....

0
0
0.000
avatar

သြော်... ကျိန်စာဆိုးကြီး အမြန်ပျယ်ပါစေတော့ဗျာ။
ကျနော့် အစ်ကိုတစ်ယောက်လည်း ဖားကန့်သွားပြီး ပြုစားခံခဲ့ရတာ
ရူးမလိုတောင် ဖြစ်သွားတယ်။

0
0
0.000
avatar

ဟုတ်လား.... ရေးပြပါအုံး ဗဟုသုတရတာပေါ့

0
0
0.000