ဗီယက်နမ်သွား တောလား - အပိုင်း ( ၈ ) ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ ကျွန်တော်၏ မပြီးဆုံးနိုင်သေးသော ဟာလောင်ဘေး ခရီးစဉ်အား ဆက်ပါရစေ။ကျွန်တော်သို့ ရေပေါ်ကမ်းခြေသို့ ကနူးလှေ ပြန်အပ်ရန် ရောက်လာသောအခါ အခြားသင်္ဘောများလည်း ဆိုက်ကပ်လာကာ လှေစီးရန် ခရီးသည် အများအပြား ထပ်မံရောက်လာကြ၏။ ကျွန်တော်တို့ သင်္ဘောလည်း လူစုံပြီ ဖြစ်သဖြင့် ဟာလောင်ဘေး အခြားတနေရာသို့ ခုတ်မောင်းသွားလေတော့၏။ လမ်းခရီးတွင် စကားပြန်မှ ဟာလောင်ဘေးရှိတောင်များအကြောင်းရှင်းပြ၏။

အချို့တောင်များမှာ ခွေးခေါင်းပုံစံရှိ၏။ အချို့မှာ လူဦးခေါင်း ခွံကဲ့သို့မြင်ရ၏။ စကားပြန်ကလည်း ရှင်းပြပါ၏။ အလုံးစုံ မမှတ်မိတော့။ ထို့နောက်သင်္ဘောပေါ်တွင် ဖျော်ရည် တိုက်၏။ လက်ဖက်ရည် ကော်ဖီ သောက်ချင်သူတို့ အတွက်လည်း စီစဉ်ထားပေး၏။ ညနေ ၃ နာရီခန့်ထိုးသော် အတော်အတန်ကြီးမားသော တောင်ကြီးတလုံးရှိကမ်းခြေသို့ ဆိုက်ရောက်လေတော့၏။

ဆိပ်ခံတံတားနှင့် ကျကျနန ဆောက်ထားသော ကမ်းခြေဖြစ်၏။ ထိုတောင်ကြီးမှာ အတွင်းဘက် တွင် အတော်အတန်ကြီးမားသော လှိုင်ဂူကြီးရှိရာ Haven Gate ( ကောင်းကင်ဘုံတခါးဝ ) ဟုအမည်ရသော လှိုင်ဂူကြီးဖြစ်၏။ ထိုလှိုင်ဂူ အဝင်ပေါက်ဝသို့ရောက်ရန် အတော်မတ်စောက်သော လှေကားကို တက်ရ၏။

ဤတောင်ပေါ်သို့ တက်ရာလမ်းတလျှောက်တွင် သဘာဝတောများအား မပျက်စီးစေပဲ လှေကားထစ်များ လက်ရန်းများထည့်၍ သေချာစွာတည်ဆောက်ထားသည့် အပြင် လမ်းခုလတ်များတွင် နားခိုရာ အထပ်များထည့်ပေးထားသည့် အတွက် သက်ကြီးရွယ်အိုများအတွက် အဆင်ပြေလှ၏။

ထို့အပြင် အပေါ့အလေးသွားရန် သန့်ရှင်းသော အိမ်သာများ တည်ဆောက်ထားပေးခြင်းအား ကြည့်ယုံဖြင့် ဗီယက်နမ်တို့ ခရီးသွားလုပ်ငန်းအား မည်မျှ အလေးထားသည်ကိုသိသာ၏။ အမှန်ဆိုရလျင် ထိုဂူ မှာ သာမန် ကျောက်ခက်ပန်းဆွဲများ ၊ ကြည်လင်သော ထုံးကျောက်ရေအိုင်လေးများ နှင့် အပေါ်တွင် သဘာဝအတိုင်း ဖြစ်ပေါ်နေသော အပေါက်မှ နေရောင်ထိုးသောအခါ လှပသော အလင်းတန်းဖြစ်ပေါ်လာသည့် သာမန်ထုံးကျောက်ဂူသာဖြစ်၏။

သို့သော် ဂူအတွင်းဘက်တွင် လူသွားလမ်းများသေချာလုပ်၍ လျပ်စစ်မီးများဖြင့် အလှဆင်လိုက်သောအခါ ထူဆန်းသော ထုံးကျောက်ဂူ အဖြစ်သို့ ရောက်ရှိသွားရခြင်း ဖြစ်၏။ နှစ်သန်းပေါင်းများစွာ တစက်စက်ကျခဲ့သော ရေစက်များကြောင့် ဖြစ်ပေါ်လာသော ကျောက်ခက်ပန်းဆွဲများမှာ လှပသော်လည်း အံ့သြစရာ ထွေထွေထူးထူးမရှိလှပါ။

သို့သော် မမြင်ဘူးသူများအတွက်တော့ နောက်ခံမီးရောင်နှင့်ကြည့်ရသော ကျောက်ခက်ပန်းဆွဲများက အထက်မှ ကျလာသော အချွန်နှင့် အောက်မှ တက်လာသော အချွန်တို့ထိလုထိခင် အနေအထားများမှာမမြင်ဘူးသူများအဖို့ ထူးဆန်းနေစေတော့၏။ ကျွန်တော့ အတွက်တော့ အထူးအဆန်းမဟုတ်လှသော်လည်း မဟေသီအတွက်တော့ ဓါတ်ပုံစရိုက်စရာ ရိုက်ကွက်များချည်းသာ ဖြစ်၏။

မြန်မာပြည်တွင်ရှိစဉ်က ကျိုက်ထီးရိုး ၊ သာမည ခရီးစဉ် ခေတ်စားခဲ့စဉ်က သွားရောက်ခဲ့သော ဘုရင့်ညီနောင်ဂူမှာ ထိုဗီယက်နမ် ဟာလောင်ဘေးရှိ ထုံးကျောက်ဂူထက် ပိုလှသည်ဟု ထင်၏။ ကျောက်ခက်ပန်းဆွဲများမှာ သဘာဝအတိုင်း ရွှေရောင် ငွေရောင် ပန်းရောင်များ ဖြစ်နေ၏။

ကျွန်တော့အထင်မမှားလျင် ထိုဘုရင့်ညီနောင်ဂူ သို့သွားရာလမ်းတွင် ရေပူစမ်းတခုရှိ၏။ ကြာလွန်းလှပြီဖြစ်၍ မမှတ်မိတော့။ ဆိုခဲ့သည့် အတိုင်း ကျွန်တော်တို့လည်း ဟာလောင်ဘေးရှိ ထိုထုံးကျောက်ဂူ အား လှည့်ပါတ်ကြည့်ကာ ပြန်ထွက်လာကြ၏။ ထိုထုံးကျောက်ဂူမှာ အတော်လေးကြီးသော ထုံးကျောက်ဂူဖြစ်၍ နာရီဝက်ခန့်လှည့်ပါတ်ကြည့်ရ၏။

ကျောက်ဂူမှ ပြန်အထွက်တွင် ကျောက်တောင်၏ အခြားတဖက်ဖြစ်သောကြောင့် မတူညီသောရှုခင်းအားတွေ့ရ၏။ ဆိုလိုသည်မှာ ဝင်ပေါက်နှင့် ထွက်ပေါက်တခုစီဖြစ်၏။ ထို့နောက်သင်္ဘော စီးကာ ကြိုပို့ယာဉ်ရှိသော ဆိပ်ကမ်းသို့ ပြန်ကြလေတော့၏။ အရှေ့တွင် မှုန်ပြပြမြင်ရသည်မှာ ပင်လယ်ကမ်းခြေဘေးတွင် တည်ဆောက်နေသော တိုက်တာ အဆောက်အဦးများ ဖြစ်၏။

စကားပြန်အား မေးကြည့်သောအခါ ကမ်းခြေမြို့တော် အဆောက်အဦးများ ဆောက်နေကြောင်းသိရ၏။ ရေဆင်းကူးနိုင်သော ကမ်းခြေလည်းရှိ၊ ဟာလောင်ဘေးနှင့်လည်း မဝေးလှ၍ နောက်ထပ်ခရီးသွားများအား ဆွဲဆောင်ရာ နေရာ တခု ဖြစ်လာမည်ကတော့သေချာ၏။

ကျွနုပ်လည်း အပြန်လမ်းတွင် ထွေထွေထူးထူး ဓါတ်ပုံရိုက်စရာမရှိတော့၍ စကားပြန်နှင့် အားလူးဖုတ်နေလေတော့၏။ ကျွနုပ်သိချင်သည့် အကြောင်းအရာများအား တခုပြီးတခု စပ်စု၏။ စကားပြန်ကလည်း စိတ်ရှည် လက်ရှည် ရှင်းပြ၏။ သူ့အနေဖြင့်လည်း ဤဟာလောင်ဘေး ခရီးစဉ် အကြောင်းအရာများအား ဖန်တရာတေအောင် ပြောနေရခြင်း ဖြစ်သောကြောင့် ခရီးစဉ်နှင့် မဆိုင်သော အလာသပလာသများ ပြောလို၏။

ကျွနုပ်၏ အမေးကာ ဟနွိုင်းမြို့၏ ခရီးသွားလုပ်ငန်းများ အကြောင်း နှင့် ခရီးသွားလုပ်ငန်း တိုးတက်မှုနှင့် ဆုတ်ယုတ်မှုအကြောင်း မေးဖြစ်၏။ သူရှင်းပြသည်မှာ ၂၀၁၀ နှောက်ပိုင်း ၂၀၁၇ လောက်အထိ ခရီးသွားလုပ်ငန်းများ အတော်ခေတ်ကောင်းသောကာလဖြစ်ကြောင်း သိရ၏။ ထို့နောက် ၂၀၁၇ နောက်ပိုင်းတွင် အနည်းငယ် ပါးသွားကြောင်းရှင်းပြ၏။

ထို့နောက်သူဆက်လက်ရှင်းပြသည်မှာ ဗီယက်နမ် နိုင်ငံ သည် စိုက်ပျိုးရေးအဓိကထားသော နိုင်ငံဖြစ်၍ အဓိကစိုက်ပျိုးမှုမှာ ဆန်စပါး ဖြစ်ကာ ကော်ဖီမှာ ဒုတိယလိုက်၏။ ထို့နောက် ခရီးသွားလုပ်ငန်းမှာ နိုင်ငံ၏ ဒုတိယဝင်ငွေ ဖြစ်ကြောင်းရှင်းပြ၏။ ယခုနောက်ပိုင်းတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများဖိတ်ခေါ်ကာ စက်ရုံအလုပ်ရုံများ နှင့် လူငယ်တို့ အတွက် အလုပ်အကိုင် အခွင့်အလမ်း များပြားလာစေရန် ဆောင်ရွက်နေကြောင်းလည်း သိရ၏။

Henry Aung ( Kachin )

H1.jpeg



0
0
0.000
1 comments
avatar

တောနဲ့တောင်ရယ် အသွယ်သွယ် နတ်ပြည်ဂိတ်လည်း ရောက်ခဲ့တယ် ပျော်စရာပါကွယ်

0
0
0.000