ဗီယက်နမ်သွား တောလား - အပိုင်း ( ၅ ) ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ ကျွန်တော်၏ မပြီးပြတ်သေးသော ဗီယက်နမ်းခရီးစဉ်အား ဆက်ပါရစေ။ ယခင် ဆောင်းပါးတွင် ဖေါ်ပြပေးခဲ့သည့်အတိုင်း ကျွန်တော်တို့ ၏ ကြိုပို့ ယာဉ်ဖစ်သော mini bus မှာ လယ်ကွင်း စိမ်းစိမ်းများ ၊ တခါတရံ တောင်တန်းများ ၊ တခါတရံ လူနေအိမ်တန်းများ အား ကျော်ဖြတ်ခဲ့ပြီးနောက် နံ နက်၁၀ နာရီခွဲခန့် အချိန်တွင် အပေါ့အပါးသွားရန်နှင့် လဖက်ရည် သောက်ရန် ကားရပ်နားစခန်းတခုတွင် ရပ်တန့်ပေး၏။

အစတွင် ကျွန်တော့အနေဖြင့် သာမန် ယာဉ် ရပ်နားစခန်းဟု ထင်ထားသော်လည်း အတော် အတန်း ကြီးသော ပန်းခြံဝင်းကြီး အတွင်း ပန်းပုလက်ရာ ရုပ်တု အမျိုးမျိုး အများအပြား ချ ထားသည်ကို အံ့သြမိ၏။ ကားပေါ်မှ ဆင်း၍ အပေါ့အပါးသွားပြီးနောက် အနည်းငယ် လျှောက်ကြည့်လိုက်သောအခါ နေရာတိုင်းတွင် ပန်းပုရုပ်တုများရှိနေသဖြင့် လိုက်လျှောက်ကြည့်လိုက်ရာ ဤ နေရာသည် ပုပန်း ထုလုပ်သော စက်ရုံ ဖြစ်မှန်းသိရတော့၏။

ကျွန်တော်လည်း အနုပညာ ပန်းပုရုပ်များ အား စိတ်ဝင်စားလွန်းရကာ တရုပ်ပြီးတရုပ်ကြည့်နေမိ၏။ ပန်းပု ရုပ်တို့ကာ တောင်ပုံရာပုံ။ အရှေ့တိုင်းရုပ်တုများလည်း ပါဝင်သလို အနောက်တိုင်း စိတ္တဇ ရုပ်တုများလည်း ပါ၏။ စကျင်ကျောက်ဖြင့်ထုထားသော အရုပ်များ ပိုများ၏။ တနေရာတွင် အလုပ်သမားတို့ ပန်း ပုထုနေကြ၏။

အချို့က စက်ဖြင့် ကျောက်တုံးကြီးများအား ခွဲစိတ်ဖြတ်တောက်နေ၏။ အချို့က လက်ဖြင့် ပန်းပုထုနေ၏။ အချို့က ထုပြီးသား အရုပ်များအား အချောသတ်နေ၏။ ပန်းပုထုနေသော အလုပ်သမားများအားကြည့်ရသည်မှာ မြန်မာ နိုင်ငံသားများဟု ထင်မိ၏။ကျွန်တော့အထင်သာ ဖြစ်ပါ၏။

သို့သော် အတွင်းသို့ ဝင်ခွင့်မရှိရကာ စကားမပြောခဲ့ရပါ။ ထို့အတူ အချောသတ်ထားသော ပန်းပုများနှင့် ခန်းမအတွင်းရှိ ပန်းပုရုပ်များအား ဓါတ်ပုံ ရိုက်ခွင့်မရှိ၍ ဓါတ်ပုံမရိုက်ခဲ့ရပါ။ ခန်းမ အဝင်ဝရှိနံရံတွင် ထိုစက်ရုံ မှပန်းပု ဝယ်ယူ သွားသူများ ၏ အမည် နှင့် သူတို့ဝယ်ယူသွားသော ပန်းပုရုပ်တို့၏ တန်ကြေးကို ဖေါ်ပြပေးထား၏။

သောက်ကျိုးနည်း ဈေးကြီးသော ပန်းပုရုပ်များ ဖြစ်ကြ၏။ အချို့အရုပ်မှာ ဒေါ်လာ ၅ သိန်းခန့် တန်ကြေးရှိ၏။ အမေရိကန် ၊ ကနေဒါ ၊ ဂျာမနီ အစရှိသော နိုင်ငံများမှ အဝယ်များ၏။ တရုတ်မှ ဝယ်ယူသူရှိသလို စင်္ကပူ မှလည်း ဝယ်ယူကြောင်းတွေ့ရ၏။ မြန်မာပြည်မှ ဝယ်ယူသူတော့မတွေ့ခဲ့ရပါ။ ပန်းပုရုပ် ဝယ်ပြီး အိမ်လိပ်စာ ပေးခဲ့ရုံသာ။

သယ်ယူပို့ဆောင်ရေးအား ထိုစက်ရုံမှ ဝန်ဆောင်မှုပေးကြောင်းသိရ၏။ အချို့ ပန်းပုရုပ်များတွင် လည်း Sold ( ရောင်းပြီး ) ဟူသောစာတန်းများ ကပ်ထားသည်ကိုတွေ့ရ၏။ သူတို့နိုင်ငံ၏ ခရီးသွားလုပ်ငန်းကာ အားကျစရာကောင်းလှပါဘိ။ အနောက်နိုင်ငံ မှ သူဌေး သူကြွယ်များကလည်း လူမသိသူမသိ မထင်မရှား ခရီးသွားရင်း ဤသို့သော နေရာသို့ရောက်လျင် ထိုလက်ရာမြောက်လှသော ပန်းပုရုပ်များအား မဝယ်ပဲ နေနိုင်မည် မဟုတ်ပါ။

ကျွန်တော်လည်း လက်ရာမြောက်လှ သော ပန်းပုရုပ်များအား တခုးတပြီခု ငြေးကြည့်နေ၏။ ဝယ်ယူနိုင်သူမဟုတ်ရကာ အလကားပိုက်ဆံမပေးရတိုင်း အဝကြည့်မည်ဟုစိတ်ကူးမိ၏။ စိတ်ကူးကာ စိတ်ကူးသာ ဖြစ်၏။ စိတ်သွားတိုင်ကိုယ်မပါနိုင်ပါ။ အကြောင်းမှာ မဟေသီမှ ပန်းခြံအတွင်းရှိပန်းပု ရုပ်များကြားတွင် ဓါတ်ပုံ ရိုက်ပေးပါမည့်အကြောင်း တကျီကျီ ပူဆာ၏။

ကျွန်ုပ်ကာ ပန်းပုရုပ်များအား စိတ်ရှည် လက်ရှည် လိုက်ကြည့်ချင်၏။ စည်းစိမ်ပျက်လှပါဘိ။ သို့သော် ဤလောက ဆွဲငင်အားများတွင် လျပ်စစ်ဆွဲငင်အား ၊ လေဆွဲငင်အား ၊ ရေဆွဲငင်အား ၊ သံလိုက်ဆွဲငင်အား၊ ကမ္ဘာမြေ ဆွဲငင်အား ဟူ၍ ဆွဲငင်အား အမျိုးမျိုးရှိရာ ယနေ့အချိန်ထိ သိပ္ပံပညာ ရှင်တို့ အဖြေရှာ မရနိုင်သေးသော ဖို နှင့် မ ကြားတွင် ဆွဲငင်အား တမျိုးရှိ၏။

ထိုဆွဲငင်အားကာ တန်ခိုးရှိ၏။ ထိုဆွဲငင်အား ကောင်းလာလျင် မိမိ အသက်အား စွန့်ရန် ဝန်မလေး သော စိတ်မျိုးရှိလာ၏။ ထိုဆွဲငင်အား ကြောင့် ခွန်အားများ ဖြစ်လာ၏။ သတ္တိများ ရှိလာ၏။ ဤ မျှ အစွမ်းထက်သော ထို ဆွဲငင်အား အား "၁၅၀၀ အချစ်" ဟုခေါ်ဝေါ်ကြကုန်၏။ ဆိုခဲ့သည့်အတိုင်း ကျွနုပ်ကိုယ်တိုင်လည်း လောကနိယာမအား မလွန်ဆန်နိုင်ရကာ မဟေသီ၏ ဆွဲငင်အားနောက်သို့ လိုက်ရလေတော့၏။

ပန်းခြံအတွင်း၌လည်း ပန်းပုရုပ်တို့ကာ မနည်းမနော။ သို့သော် သာမန် စကျင်ကျောက် ပန်းပု ရုပ်တုများသာ ဖြစ်၏။ ကျွနုပ်တို့လည်း ထိုပန်းခြံရှိပန်းပုရုပ်တုများကြားတွင် ပုံစံအမျိုးမျိုးဖြင့် ဓါတ်ပုံရိုက်၏။ Selfie ဆွဲကြ၏။ အရုပ်များသာ သက်ရှိဆိုလျင် မိမိတို့အား စိတ်ပျက်လောက်ပါ၏။ စကားပြန်လုပ်သူကလည်း စကားပြန် အလုပ်သာ မဟုတ် ဓါတ်ပုံ ဆရာအဖြစ်လည်း လိုလိုချင်ချင်လုပ်ပေးရ၏။ ရှိစေတော့။

ရောက်တုန်းရောက်ခိုက် ဓါတ်ပုံရိုက်ရတာ။ ကျွနုပ်တို့ ဓါတ်ပုံ စိတ်ကြိုက်ရိုက်ပြီးသော် ကြိုပို့ ယာဉ် မှာ ခရီးဆက်ရန် အသင့် ဖြစ်နေပေပြီ။ ကျွနုပ်ကာ ထို အနုပညာ လက်ရာမြောက်လှသော ပန်းပု ရုပ်များ ထပ်ကြည့်ချင်သေးသော်လည်း ဆန့်တငံ့ တငံ့ ဖြင့် ပြီးရလေတော့၏။ ကားထွက်ပြီးနောက် နာရီဝက်မပြည့်ခင် အေးမြသော aircon အရသာကြောင့် မျက်လုံးများ စင်းလာသောဟူ၏။

မဟေသီကတော့ ရိုက်ခဲ့ပြီးတော့ ဓါတ်ပုံများအား ပြန်ကြည့်နေ၏။ ကျွနုပ်လည်း မည်မျှကြာအောင် အိပ်ပျော်သွားသည်မသိ စကားပြန်၏ အသံကြောင့် လန့်နိုးလာ၏။ စကားပြန်မှ အဝေးတွင်ရှိသော တောင်စွယ် တောင် တန်းတခုအား လက်ညှိုးထိုပြ၍ တရုတ်နှင့် ဖက်စပ် ထုတ်လုပ်သော ဘိလပ်မြေစက်ရုံဖြစ်ကြောင်းရှင်းပြ၏။ နှောင်ဆယ်စု နှစ်တခုကြာလျင် ထို တောင်စွယ် တောင်တန်း တခုလုံး ပျောက်ကွယ် သွားတော့မည့် အကြောင်းရှင်းပြနေ၏။

ဟုတ်လောက်ပါပေ၏။ ယခုကြည့်လျင်တောင် လှပသော ထိုတောင်တန်းသည် ပိုးကိုက်ထားသကဲ့သို့ ဟိုတကွက် ဒီတကွက် ဖြိုချ ဖျက်ဆီးခြင်း ခံထားရသည်မှာ ကြည့်နေကြရသော ဒေသခံတို့၏ ခံစားချက်များအား နားလည်နိုင်ပါ၏။ ကျွနုပ်တို့ နိုင်ငံတွင်လည်း ကြေးစင်တောင် ၊ လက်ပတောင်း တောင်ကဲ့သို့သော တောင်တန်းကြီးများ နှောင်ဆယ်စုနှစ်တခုအတွင်း ပျောက်ကွယ်တော့မည် မဟုတ်ပါလော။ ကျွနုပ်လည်း ရုပ်ဝတ္ထုပစ္စည်း များ တိုးတက်လာခြင်းနှင့်အတူ ပျက်စီးယိုယွင်းလာသော သဘာဝပါတ်ဝန်းကျင်များအကြောင်းတွေတောနေမိတော့၏။

တိုင်းပြည် တိုးတက်လာ၍ သဘာဝ ပတ်ဝန်းကျင် ပျက်စီးလာသည် ဆိုလျင် လက်ခံနိုင်စရာ ဖြေနိုင်စရာရှိသော်လည်း တိုင်းပြည်လည်း တိုးတက်မလာ ၊ သည့်အပြင် သဘာဝ ပတ်ဝန်းကျင်ပါ ထိခိုက်ဖျက်ဆီးခံနေရသည့် အဖြစ်ကတော့ ဝဋ်ကြွေးရှိလိုသာ ဖြစ်ပါလိမ့်မည်။

ကျွန်တော်တို့၏ ကြို့ပို့ယာဉ်လည်း ဟာလောင်ဘေး ကမ်းခြေနှင့် တဖြေးဖြေး နီးလာပြီ ဖြစ်သောကြောင့် တောင် တန်း တို့မှာ ပုံစံပြောင်းလာကြပြီဖြစ်၏။ ရှည်လျား မတ်စောက်သော ပုံစံများ ဖြစ်၏။ နေ့လည် ၁၂ နာရီထိုးသော် ဟာလောင်းဘေး သွားရန် အပျော်စီး သင်္ဘော စီးမည့် ဆိပ်ကမ်းသို့ ရောက်လေတော့၏။

Henry Aung ( Kachin )

H1.jpeg



0
0
0.000
2 comments
avatar

အဲ့ဒါကြောင့်ပြောတာပ ကမ္ဘာကြီးထက် ဆွဲအားကြီးသော
အနှီးအမျိုးသမီးတို့အား ပုရိသတို့ မလွန်ဆန်နိုင်အံ့ တဲ့။

0
0
0.000
avatar

ခရီးသွားရင်း ကိုယ်လေ့လာချင်တာကို လေ့လာဖို့ အချိန်ပေးနိုင်ရင် သိပ်ကောင်းမှာပဲ။
ယဉ်ကျေးမှု ဗဟုသုတ တိုးပွားအောင်ပေါ့

0
0
0.000