Oh My Tooney
Futsal မကန် ဖြစ်ခင်တုန်းက တိုက်ကွမ်ဒို အားကစားကို နှစ်အတော်ကြာ ကစား ဖြစ်ခဲ့၏။ တိုက်ကွမ်ဒိုကို နှစ်ရှည်လများ ကစားခဲ့ပေမယ့် ကလေးဘဝမှာ အနှစ်သက်ဆုံး အားကစားကတော့ ဘောလုံး ဖြစ်ချေ၏။ အော်ကျော်ကျော်၊ မျိုးလှိုင်ဝင်း၊ သန်းတိုးအောင်၊ ဝင်းအောင် တို့ခေတ်မှာ ကြီးပြင်း မွေးဖွားလာသူတွေ ဖြစ်၏။ ရွယ်တူ ကလေးတွေ ဘောလုံး ကန်ကြရင်တောင် မျိုးလှိုင်ဝင်း ရတယ်၊ သန်းတိုးအောင်ကို ပေးတယ်၊ သန်းတိုးအောင် ခုတ်တင်ပေးလိုက်တယ်၊ ဝင်းအောင် ခေါင်းတိုက်တယ်၊ ဂိုးတယ် ခဗျာ ဟု ကန်လည်း ကန်၊ အော်လည်း အော် ကစားခဲ့၏။
ဘောလုံးကို စွဲစွဲလမ်းလမ်း ရှိခဲ့ပေမယ့် သင်တန်းတွေ ဘာတွေတက်ပြီး ကျကျနန လေ့လာ လိုက်စားတာမျိုး မရှိခဲ့ပေ။ သင်တန်းတွေ ဘာတွေထိ တက်ပြီး ထဲထဲဝင်ဝင် လေ့လာ ဖြစ်ခဲ့တာကတော့ တိုက်ကွမ်ဒို အားကစား ဖြစ်ချေ၏။ ၆ တန်း နှစ်ကနေ တက္ကသိုလ် တတိယနှစ်အထိ တိုက်ကွမ်ဒိုကို စွဲစွဲမြဲမြဲ လေ့ကျင့် ကစား ဖြစ်ခဲ့၏။ ပြည်နယ် လက်ရွေးစဉ် အဖြစ် ရွေးချယ်ခံခဲ့ရပြီး ပြိုင်ပွဲတွေလည်း ဝင်ရောက် ယှဉ်ပြိုင် ကစား ဖြစ်ခဲ့၏။ ဆုတံဆိပ်တော့ မရယူနိုင်ခဲ့ပေ။
ဘွဲ့ရပြီးနောက်မှာတော့ Futsal စကစား ဖြစ်၏။ ရယ်ရတာက Futsal စကစား ဖြစ်ပေမယ့် Football players တွေကို ပိုပြီး မှတ်မိ၊ အားပေး ဖြစ်နေတာပင်။ ခု နောက်ပိုင်းမှသာ futsal အကြောင်း အရင်ထက်လည်း ပိုသိလာကာ futsal ကစားသမားတွေလည်း အထိုက်အလျောက် သိလာခဲ့ပြီ ဖြစ်၏။
Football (ကွင်းကြီး) မှာဆိုရင် ကျနော် ကြိုက်သည့် နေရာက ကွင်းလယ် ဖြစ်၏။ ကွင်းလယ် တိုက်စစ် နေရာမျိုးပေါ့။ ဂိုးတွေ သွင်းရတာထက် ဂိုးတွေ ဖန်တီးပေးရတာမျိုးကို ပိုသဘောကျ၏။ ဘောလုံး ပေးပို့ပေးရတာက အစပေါ့။ ခု futsal ကစားတော့လည်း ထိုအလေ့အကျင့် ထို သဘောလေး ကစား ဖြစ်၏။
ကျနော်ကြိုက်သည့် ကွင်းလယ်ကစားသမားတွေ အများကြီး ရှိ၏။ ဒီနေ့တော့ အမျိုးသားကစားသမားတွေ အစား အမျိုးသမီးကစားသမားတွေ အကြောင်း ပြောပြလို၏။ မြန်မာမှာဆို သန်းသန်းထွေးနှင့် ပြည်ပမှာဆို Ella Toone ဖြစ်၏။ သန်းသန်းထွေး ကစားတာကို ကြည့်ခွင့်ရခဲ့သူတွေအဖို့ သန်းသန်းထွေး အကြောင်းကို အများကြီး ပြောပြနေစရာ မလိုပေ။ ဘောလုံးပေးပို့တဲ့ နေရာမှာ ဆရာကျလွန်း၏။ အမှတ်မထင် ကန်သွင်းသည့် အဝေးကန်ချက်တွေကလည်း မိုက်၏။ kick power လည်း ရှိ၏။ သန်းသန်းထွေး ခေတ်အလွန် မြန်မာ့လက်ရွေးစဉ် အမျိုးသမီးအသင်းမှာ သူ့လို ကစားသမားမျိုး ခုထိ ထပ်မမြင်ရသေးပေ။
Toone ကလည်း သန်းသန်းထွေးလို ကွင်းလယ်ကစားသမား ဖြစ်၏။ ဒီနေရာမှာ ပြောပြချင်တာက သူတို့ နှစ်ယောက်ကို ထပ်တူပြု နှိုင်းယှဉ် ပြနေတာမျိုး မဟုတ်ပေ။ ကျနော် သဘောကျသည့် ကစားသမား နှစ်ယောက်အကြောင်း ပြောပြနေခြင်း သက်သက်သာ။ Toone ၏ ဘောလုံးအခင်းအကျင်း ဖြန့်ဝေပုံလေးတွေက သပ်ရပ်၏။ လှပ၏။ တယောက်ထဲ အမြင်အရတော့ Toone က Bruno နှင့် De Bruyne တို့ နှစ်ယောက် ပေါင်းစပ်ထားသည့် ကစားဟန် မျိုး ဖြစ်၏။ ပြီး Toone က Manchester United အမျိုးသမီး အသင်းမှာ ကစားနေသူလည်း ဖြစ်၏။
သန်းသန်းထွေးကော၊ Toone ကော ကျနော့် အကြိုက်ဆုံး နံပတ် ဖြစ်သည့် နံပတ် ၇ ကို ဝတ်ဆင်ကစားနေကြ သူများ ဖြစ်၏။ ပြီးခဲ့သော Everton အမျိုးသမီးအသင်းနဲ့ ပွဲစဉ်မှာ Toone ၂ ဂိုးသွင်းခဲ့၏။ ခုဆို Toone တယောက် United အတွက် ဂိုးပေါင်း ၅၀ သွင်းယူထားပေးခဲ့ပြီ ဖြစ်၏။
Congratulations Tooney and Love you.
(Photos from Manchester United Women Team Facebook page and Social media)
!hiqvote
@princekham, the HiQ Smart Bot has recognized your request (1/2) and will start the voting trail.
In addition, @donjaun gets !PIZZA from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻