Home Stay (Chapter 98)

avatar

IMG_4862-01.jpeg

ဘာလိုလိုနှင့် အမေလည်း အသက် (၇၀) ပြည့် သွားခဲ့ပြီ ဖြစ်၏။ (၇၀) ပြည့်လို့ (၇၁) ထဲတောင် ဝင်နေပြီ ဖြစ်၏။ သွေးတိုးရောဂါလောက်သာ ရှိပြီး အခြား ကြီးကြီးမားမား ရောဂါတော့ မရှိပေ။ သို့ပေမယ့် ခြေထောက် ဒူး နာနေခဲ့သည်မှာတော့ အတော်လေး ကြာခဲ့ပြီ ဖြစ်၏။ အမေကား တခုခုဆို ပြောခဲ၏။ ဥပမာ သူ ဖြစ်နေ၊ ခံစားနေရသည့် ဝေဒနာတွေနှင့် ပတ်သက်ပြီး ပြောခဲ၏။ ဒီအတိုင်း သူ့သူ တိုးတိတ်ပြီး နေလေ့ ရှိ၏။ တော်တော်ကြီး ဖြစ်နေ၊ ခံစားနေရမှသာ ပြောလေ့ ရှိ၏။

တခြား မပြောနှင့်။ မမကြီး အိမ်ကို ကျနော် သွားအိပ်ပေးနေသည့် ရက်တွေတုန်းကပေါ့။ တရက်သား အမေ ခေါင်းတွေ ထိုးကိုက်လာပြီး နေရဆိုးနေသည် ပြော၏။ ဒါဆို သေချာပြီ၊ အမေ တကယ် (တကယ် ဆိုတာထက် တော်တော် ဖြစ်နေသည်) ခံစားနေရသည်ဟု ပြောလို့ ရ၏။ ဒီတရက်တော့ ကလေးတွေနှင့် ဒီမှာပဲ အိပ်ပေးလိုက်ပါဆိုပြီး ကျနော့်ကို ပြော၏။ ကျနော့်မှာ တော်တော်လေး ထူပူသွား၏။ အမတွေကလည်း အဝေးမှာ မလား၊ ဒီမှာက လောလောဆယ် ကျနော် တယောက်ထဲကိုး။

IMG_20200713_154827.jpg

ဖြစ်သည့် အချိန်ကလည်း ညဦးပိုင်း (၇) နာရီလောက် ဆိုတော့ ဘာလုပ်လို့ လုပ်ရမှန်း မသိပေ။ အမေ သွေးတိုးနေပြီ ထင်၏။ သောက်နေကြ သွေးကျဆေးတော့ ရှိ၏။ သို့နှင့် ထို သွေးကျဆေးပဲ သောက်ပြီး ခဏလောက် လှဲနေလိုက်၏။ ကျနော့်မှာလည်း စိတ်ပူစွာနှင့် စောင့်ကြည့်နေရ၏။ ကလေး (၂) ယောက်ကတော့ ကျနော်နှင့် သိပ်လိုက်၊ အိပ်လိုက်လို့ ဖြစ်၏။ အမေက ဒီလောက် ခေါင်းတွေ ကိုက်နေတာတောင် ဟိုဘက် အိမ် မီးသွားထွန်းသေးလား လုပ်နေသေး၏။ ည (၁၀) နာရီလောက်နေမှ အမေ အနည်းငယ် သက်သာသွား၏။ ထိုညက အမေ ထမင်းလည်း မစားဖြစ်လိုက်ပေ။ မုန့်နှင့် အိုဗာတင်းသာ စား၏။

နောက်နေ့ သက်သာ သွားလို့ တော်သေး၏။ ထိုနေ့ကား ကျနော် တော်တော်လေး ထိတ်လန့်သွား၏။ အမေသာ တခုခု ဖြစ်သွားရင် ဆိုသည့် အတွေးကြီးက လူကို ခြောက်လှန့်နေတော့၏။ ဘဝမှာ တခါမှ မကြောက်လန့်ဖူးသေးသောက် ကြောက်လန့်မှုမျိုးနှင့် ထိတ်လန့်ခြင်း ဖြစ်၏။ အဖေ စွန့်ခွာသွားတာက (၁) နှစ် ကျော်ပဲ ရှိသေးသည် မဟုတ်လား။ မတော်တဆများ အမေသာ ထပ်ပြီး စွန့်ခွာသွားခဲ့လျှင်။ ထို အတွေးက ကျနော် မတွေးရဲသည့် အတွေး ဖြစ်၏။ တချိန်ချိန်မှာ ဖြစ်လာမှ ဆိုပေမယ့် တခါမှ မတွေးထား၊ မတွေးရဲသော အတွေး ဖြစ်၏။ ကြိုတင်လည်း မပြင်ဆင် ထားနိုင်ပေ။

သိပ်အများကြီးတော့ မမျှော်လင့်ပါဘူးလေ။ အမေ အသက်ရှည်ရှည် ကျန်းကျန်းမာမာ ကျနော်တို့ နှင့်အတူ အချိန် ကြာကြာလေး နေနိုင်သွားလျှင် တော်ပါပြီ။ အမေ ကျန်းမာ ချမ်းသာ ပါစေ။

Don Jaun



0
0
0.000
1 comments
avatar

မိခင်ရှိသူတိုင်းရဲ့ အပူမို့ ကိုယ်ချင်းစာမိပါတယ်။

0
0
0.000