Home Stay (Chapter 90)

avatar

IMG_4862-01.jpeg

သို့နှင့် တဖြည်းဖြည်းနှင့် အထီးကျန်လာတော့၏။ အနီးအနားမှာ လူတွေ ရှိပေမယ့် တယောက်ထဲ ဖြစ်နေသလို ခံစားချက် ဖြစ်၏။ ထိုခံစားချက်က ဆိုးလှ၏။ တယောက်ထဲ နေပြီး အထီးကျန်နေခြင်းမျိုး မဟုတ်ဘဲ၊ လူအများကြီးကြား အထီးကျန်နေခြင်းမျိုး ဖြစ်၏။ အဖေကား ထိုသို့ ခံစားနေရခြင်း ဖြစ်၏။ သိကားသိပေမယ့် ဘာမှ မလုပ်ပေးနိုင်ပေ။ အဖေကား ကျနော်တို့နှင့် စကားပြောကျင့်မှ မရှိခဲ့ပေ။ တခါတလေ ကျနော် အဖေနှင့် စကားစမြည် ပြော၏။ သို့ပေမယ့် အဖေ့ဖက်က သိပ်လိုလို လားလား မရှိသလိုပင်။

နောက်ပိုင်း ကျနော်လည်း အတန်းချိန်တွေနှင့် လုံးပန်းနေရတော့ အဖေနှင့် စကားသိပ်မပြော ဖြစ်တော့ပေ။ အဖေကလည်း သူနှင့် ရွယ်တူ သူ့ သူငယ်ချင်းတွေနှင့်ပဲ ပြောချင် ဆိုချင်မည် ထင်၏။ မကြာမကြာ အိမ်လာလည်လေ့ ရှိသည့် ဦးလေးကြီး တယောက်နှင့်တော့ အဖေ တော်တော်လေး စကားပြော ၏။ ပြောသည့် အပြောက (၄)၊ (၅) နာရီ ဆက်တိုက် ပြောခြင်း ဖြစ်၏။ ရှေးဟောင်း နှောင်း ဖြစ်တွေပေါ့။ သို့ပေမယ့် နောက်ပိုင်း ထို ဦးလေးကြီးလည်း သူ့အိမ်တွင်းရေး ကိစ္စ အချို့ကြောင့် သိပ် လာမလည် ဖြစ်တော့ပေ။ သို့နှင့် အဖေလည်း တယောက်ထဲ ပြန်ဖြစ်သွားပြန်၏။

IMG_20200704_183416.jpg

တခါတလေ သူ စိတ်အလို မကျ ဖြစ်တိုင်း စကားတခွန်းကို ရေရွတ်လေ့ ရှိ၏။ ငါ လ.. ဘဝဆိုပြီး အစချီကာ ပြောတော့၏။ သူ့လက်ရှိ အခြေနေကို သူ မကျေမနပ် ဖြစ်နေခြင်း ဖြစ်၏။ အလုပ်ကလည်း မလုပ်နိုင်တော့ ထို့ပြင် မျက်စိကလည်း ကောင်းကောင်းက မမြင်ချင်ပေ။ စားရေး၊ နေရေး မခက်နေပေမယ့်လည်း နေရတာက အဆင်မပြေ ဖြစ်နေပုံပင်။ ကျနော်လည်း စဉ်းစားကြည့်လို့ မရနေပေ။ အဖေ့ကို နားမလည်လို့ မဟုတ်ပေမယ့် တခါတလေကျတော့လည်း သူ ထိုသို့ ခံစား တွေးတော နေတာကြီးကို သဘောမကျနေပေ။

ဘာပူပင်စရာမှ မရှိနေသည့် အခြေအနေမှာ အဖေ ဘာများ စဉ်းစားနေ၊ တွေးနေရသနည်းပေါ့။ ထိုစဉ်က နားမလည်ခဲ့ပေမယ့် ခု covid ကာလမှာတော့ ကျနော် အဖေ့ကို နားလည်သွားတော့၏။ လက်ရှိ ကျနော်လည်း ထိုစဉ်က အဖေ့လို ခံစားနေရ၏။ တနေ့ တနေ့ တူ၊ တူမလေးတွေကို ထိန်း၏။ တရက်ပြီး တရက် ဒီအတိုင်း ကုန်လွန်လို့သွား၏။ ဘာမှလည်း မလေ့လာဖြစ်၊ မသင်ယူဖြစ်။ ကျောင်းတွေ မဖွင့်သေးတော့ သင်တန်းတွေလည်း ပြန်မစနိုင်သေး။ ကျနော်လည်း အလုပ်မရှိနေပေ။ (၃) လပိုင်း လောက်ကတည်းက အလုပ်မရှိဘဲ နားနေခဲ့တာ (၇) လပိုင်းတောင် ရောက်လို့လာပြီ ဖြစ်၏။

တခါသားမှ ခုလောက်ထိ အားအားကြီး မနေဖူးခဲ့ပေ။ ကြာတော့ မနေနိုင်တော့ပေ။ ကိုယ့်ကို အသုံးမကျသူ၊ အသုံးမဝင်သူလို ခံစားလာရ၏။ ခုမှပဲ ထိုစဉ်က အဖေ့ ခံစားချက်ကို ကောင်းကောင်းကြီး နားလည်မိတော့၏။ ကိုယ်ချင်းလည်း စာမိတော့၏။ ထိုစဉ်က အဖေ ဘယ်လောက်များ အထီးကျန်ပြီး ဘယ်လောက်တွေ စိတ်တွေကျနေခဲ့မလဲပေါ့။ ယခုမှပင် ကိုယ်နှင့်ရင်းပြီး ကိုယ်ချင်းစာမိတော့၏။ အမေနှင့် အမတွေကြောင့် စားရေး သောက်ရေး ပူစရာမလိုပေ့မယ့် ကိုယ့်ရှေ့ရေးတော့ ကိုယ်တွေးထားရမည်မလား။ ခုတလော ကိုယ့်ကို အသုံးမကျသူ၊ လူပိုတယောက်၊ ကလေးထိန်း တယောက်လိုသာ မြင်မိ ခံစားမိနေတော့၏။ အလုပ်တခုခုတော့ ကျနော် လုပ်နိုင်မှ ဖြစ်တော့မည်။ အလုပ်မရှိတော့ လူက ပိုဆိုးသည် မဟုတ်လား။ တော်သေးတာ တခုက hive မှာ စာရေးလို့ ရနေသေးလို့သာ။

Don Jaun



0
0
0.000
1 comments
avatar

Home stay ထွက်သေးဘူးလားဗျ

0
0
0.000