Home Stay (Chapter 88)

avatar

IMG_4862-01.jpg

အစကတည်းက အိမ်မှာ နေလေ့ သိပ်မရှိတဲ့ အဖေ ခုလည်း အိမ်မှာ သိပ်မနေပေ။ ရပ်ရေး ရွာရေး လုပ်ရင်း သူပျော်သလို နေနေပါစေဆိုပြီး ကျနော်တို့လည်း ဘာမှ မပြောကြပေ။ ဓမ္မာရုံမှာ အိပ်သည့် ရက်ဆို အိပ်ရာလိပ်နှင့် စားစရာများ သွားပို့ပေးရ၏။ အမှန်တော့ အိပ်ရာလိပ်ပဲ ပို့ပေးရတာပါ။ စားစရာက မပူရပေ။ ဓမ္မာရုံမှာက အစားအသောက် ပေါ၏။ ဆေးလိပ်တော့ ပို့ပေးရ၏။ အဖေက ကားသမား ဘဝမှာကတည်းက ဆေးလိပ်ကော၊ အရက်ကော သောက်၏။ အရက်က လုံးဝအစွဲကြီး မဟုတ်ပေမယ့် ထိုစဉ်က မကြာမကြာတော့ သောက်လေ့ ရှိသည်ဟု ပြောလို့ ရ၏။

အလုပ်ချိန်မှာတော့ မသောက်ပေ။ အလုပ်နားသည့် ညနေဖက်လို အချိန်မျိုးမှာ သောက်ခြင်း ဖြစ်၏။ အဖေ တခါသားမှ အမူးလွန်သွားတာမျိုးတော့ ကျနော် မတွေ့ဖူးပေ။ အဖေသည် စည်းနှင့်ကမ်းနှင့် သောက်ပြီး ထိန်းထိန်းသိမ်းသိမ်း မူးသူ တယောက် ဖြစ်၏။ ထို့ပြင် အဖေက သောက်ထားလျှင်ပုံမှန်ထက် ပိုပြီး သဘောကောင်းလေ့ ရှိ၏။ ထို့ကြောင့် အဖေ အရက်သောက်ထားသည့် အချိန်မှ ကျနော်တို့ မုန့်ဖိုးတောင်းလေ့ ရှိ၏။ သာမန်အချိန်ထက် ထိုအချိန်က မုန့်ဖိုးရဖို့ အခွင့်အလမ်း ပိုများ၏။

IMG_20200617_140828.jpg

အရက်နှင့် ဆေးလိပ်က အဖေ့အတွက်တော့ တွဲဖက်တွေလိုလိုပင်။ ကားမမောင်းတော့သည့် နောက်ပိုင်းမှာ အဖေ အရက် မသောက်တော့ပေ။ သို့ပေမယ့် ဆေးလိပ်တော့ သောက်နေသေး၏။ (သောက်တာမှ နောက်ဆုံး ထွက်သက်အထိ သောက်သွားခဲ့၏) မျက်စိခွဲစိတ်မှု ခံယူတုန်းကတောင် (၁) လလောက်ပဲ အသောက်နားပြီး ပြန်သောက်၏။ ဆရာဝန်တွေက လုံး၀ မသောက်ပါတော့နဲ့ဟု ပြောသော်လည်း မရပေ။ တခါတလေများ နေမကောင်းလို့ ဆေးခန်းသွားပြသည့်အခါ ထိုအကြောင်းနှင့် ဆက်စပ်ပြီး ဆရာဝန်ကို ကျနော် ပြောပြလေ့ ရှိ၏။ အဖေက ဆရာဝန်ရှေ့ဆိုလျှင်တော့ ကလေးလေး တယောက် ပမာ တိတ်ဆိတ်ငြိမ်သက်လို့။ ပြီးလျှင်တော့ သူ လုပ်ချင်သလိုလာ လုပ်တော့၏။

နောက်ပိုင်း ချောင်းတွေ အတော်လေး ဆိုးလာမှသာ အဖေ ဆေးလိပ်သောက် ရပ်လိုက်၏။ ဒါတောင် လုံးဝဖျက်လိုက်ခြင်းမျိုး မဟုတ်ပေ။ ချောင်းမဆိုးတော့သည့်အခါ၊ ချောင်းဆိုး သက်သာသွားသည့် အခါမျိုးမှာ ပြန်သောက်၏။ ထို့ကြောင့် ဆေးလိပ်တော့ ရက်ခြား ပို့ပေးရ၏။ ဆေးလိပ်တဗူး (၂) ရက်လောက်သာ ခံ၏။ ဒါတောင် အသက်ကြီးသွားလို့နော်၊ ငယ်တုန်းကဆို ဘယ်လောက်များ သောက်မည် မသိပေ။ ထို့ကြောင့်ပင် အဖေ့ အဆုတ်က မကောင်းတော့ပေ။ ထို့ပြင် အစားအသောက်က မမှန်ခဲ့တော့ အစာအိမ်ကလည်း ဖြစ်ချင်ချင်ရယ်။

ဆက်ရန်

Don Jaun



0
0
0.000
0 comments