Home Stay (Chapter 87)

avatar

IMG_4862-01.jpg

မကူညီဖို့ ပြောလိုခြင်း မဟုတ်ပေ။ ကိုယ့်ကားကို အရင် ပြင်ရပြီးမှ သူများကားကို ကြည့်ပေး၊ ပြင်ပေးပေါ့။ အမေနှင့် အကိုက အဲ့လို ဖြစ်စေခြင်း ဖြစ်၏။ အဖေကား တော့ ထိုသို့ မဟုတ်နေပေ။ သူ့အကျင့်က ထိုအတိုင်းပင် ဖြစ်၏။ သူများက အရင် သူက နောက်မှ ဖြစ်၏။ ထို့ကြောင့်ပင် အဖေ့ကို သူ့ အပေါင်းအသင်းတွေက ချစ်ကြခြင်း ဖြစ်၏။ အချို့ကတော့ အဖေ့၏ ထိုရိုးသားသည့် အကျင့်ကို အခွင့်ကောင်းယူသွားသူတွေလည်း ရှိ၏။

မည်သို့ပင် ဖြစ်ဖြစ်၊ မည်သို့ပဲ ဆိုဆို အဖေကတော့ သူ့အကျင့်တိုင်း ကူညီမြဲ ကူညီဆဲ ဖြစ်၏။ အဖေသည် ကားမောင်းသည့် အလုပ်တခုတည်းကိုသာ လုပ်ကိုင်ခဲ့၏။ အခြား မည်သည့် အလုပ်မှ သူ မလုပ်ခဲ့ပေ။ ကားမောင်းသည့် အလုပ်သာ အဖေ့၏ သည်းခြေကြိုက် အလုပ် ဖြစ်၏။ အဖေသည် (၁၄)၊ (၁၅) နှစ်သားလောက်ကတည်း ကောင်းမောင်းခဲ့၏။ အသက် (၆၅) ကျော်မှပဲ ကားမောင်းခြင်းကနေ အနားယူလိုက်၏။ ဒါတောင် ကားကြီး မောင်းနှင်ခြင်းကိုသာ နားခြင်း ဖြစ်ပြီး၊ ကားလတ်၊ ကားငယ်တွေကိုတော့ ရသလောက်၊ မောင်းနိုင်သလောက် မောင်းခဲ့သေး၏။

IMG_20200617_140828.jpg

အဖေ ဖြတ်သန်းခဲ့သည့် သူ့ဘ၀ တလျှောက် အနိမ့်အမြင့် အတက်အကျတွေလည်း ရှိခဲ့၏။ ကံတရား၏ ဖေးမမှုတွေလည်း ရခဲ့၏။ သို့ပေမယ့် အဖေ့၏ အချို့သော ဆုံးဖြတ်မှုတွေက အခွင့်အလမ်းကောင်းတွေကို ဆုံးရှုံးစေခဲ့၏။ အဖေကား ရိုးသားသလောက် ခေါင်းမာလွန်းသူဟုလည်း ပြောလို့ရ၏။ အခြားသူများ၏ အကြံပေးမှုကို လက်ခံတာ နည်းလွန်း၏။ တခြား မဟုတ် အမေ အကြံပေးသည့်အတိုင်းသာ လုပ်ခဲ့မည် ဆိုလျှင် လက်ရှိ အခြေအနေထက် ပိုပြီး ကောင်းမွန်သွားနိုင်၏။ သို့ပေမယ့် အဖေကား လက်မခံ ခဲ့ပေ။ အမေ၏ အကြံပေးမှုတွေက တကြိမ်တခါတည်း မဟုတ်။ ကျနော် မှတ်မိသလောက် (၃)၊ (၄)၊ (၅) ခါလောက် ရှိ၏။

သို့ပေမယ့် အဖေကား တခုမှ လက်မခံပေ။ သူလုပ်ချင်၊ လုပ်လိုသည်ကိုသာ လုပ်ခဲ့၏။ ဘာပဲ ဖြစ်ဖြစ် မိသားစု ဘဝလေးတော့ အခြေမပျက်ခဲ့ပေ။ ခက်ခဲသည့် ကာလတွေ ရှိခဲ့ပေမယ့် ကျော်လွှားနိုင်ခဲ့၏။ ကျန်းမာရေး အခြေအနေကြောင့် အသက် (၇၀) လောက်မှာ အဖေ ကားမောင်းခြင်းကနေ အနားယူလိုက်၏။ ရပ်ကွက် ဓမ္မာရုံမှာ ဘာသာရေးနှင့် ပတ်သက်ပြီး၊ ရပ်ရေး ရွာရေးနှင့် ပတ်သက်ပြီး ကူညီလုပ်ဆောင်ပေးခဲ့၏။ နဂို ကတည်းက အိမ် အနေနည်းသည့် အတွက် ရပ်ကွက် ဓမ္မာရုံမှာပဲ အချိန်ကုန်တာ များ၏။ ဆွမ်းလောင်းလှူပွဲ၊ အခြား ဘာသာရေးပွဲ အခမ်းအနားမျိုး ရှိသည့် ရက်ဆို အိမ်ပြန်မအိပ်ဘဲ ဓမ္မာရုံမှာပဲ အိပ်လေ့ ရှိ၏။

ဆက်ရန်

Don Jaun



0
0
0.000
0 comments