Home Stay (Chapter 83)

avatar

IMG_4862-01.jpg

ဒီနေ့ ရာသီဥတုက အနည်းငယ် ချမ်းစိမ့်စိမ့်နှင့် စိုစိုစွတ်စွတ်လေး ရှိလှ၏။ မနက်ခင်းပိုင်းကတော့ နေသာပြီး ကြည်လင်နေခဲ့၏။ သို့သော် နေ့လည် (၂) နာရီလောက်မှာတော့ ရာသီဥတုက ပြောင်းလဲသွားတော့၏။ မိုးတွေ စတင်အုံ့မှိုင်းလာပြီး လေငြိမ်သွား၏။ ငြိမ်သက်သွားသော လေထုထဲမှာ မိုးနံ့ သိသိသာသာကြီး ပါဝင်နေ၏။ မကြာမီ မိုးရွာတော့မည် ထင်၏။ လှန်းထားသည့် အဝတ်များကို ရုတ်ထားလိုက်လျှင် ကောင်းမလား။ ခုတော့ မရွာသေးပေမယ့် တော်နေကြာ ရွာတော့မည့် ပုံပင်။ ဆက်စောင့်ကြည့်လိုက်မည် တွေးပြီး ပြတင်းပေါက်ကနေ ရာသီဥတုကို မျှော်ငေး ကြည့်နေမိ၏။

မိုးက အုံ့သာ အုံ့နေပြီ ရွာတော့ မရွာပေ။ ဒီအတိုင်း မိုးအုံ့နေရာကနေ မိုးလေး တဖြောက် နှစ်ဖြောက် စတင်ကျဆင်းလာတော့၏။ ဝုန်းဒိုင်း မကျဲ တကယ့်ကို ခပ်ဖြေးဖြေး နှင့် မှန်မှန်လေး ကျနေ၏။ ကျနော်လည်း လှန်းထားသည့် အဝတ်တွေကို ရုတ်လိုက်၏။ မိုးကြီးကြီး ရွာမည်ထင်၏။ သို့ပေမယ့် အထင်နှင့် အမြင်က လွဲတော့၏။ ကိုရွှေမိုးက စည်းချက်မှန်မှန် နဂိုမူလ ပုံစံ မပျက်ဘဲ ရွာနေ၏။ ကျနော်လည်း အနွေးထည် ခပ်ပါးပါးလေး တထည်လောက် ထပ်ဝတ်လိုက်၏။ အနည်းငယ် အေးစိမ့်စိမ့်လေး ဖြစ်လာသည်ကိုး။

IMG_20200617_140828.jpg

ဆိုးဆိုးရွား ရွာတာမျိုး၊ အေးတာမျိုး မဟုတ်ဘဲ အနှီမိုးက တမျိုးလေး ဖြစ်၏။ ကြံဖန်ပြောရလျှင် လွမ်းလို့ကောင်းအောင် ရွာသည့် မိုးမျိုး ဖြစ်၏။ လွမ်းစရာ မရှိသည့် ကျနော်လည်း လွမ်းဖို့ ပြင်ရတော့၏။ ဤနေရာမှာ အနည်းငယ် ပြောစရာ ရှိ၏။ ချစ်သူ ရည်းစား မရှိသည့် သူများကို ရှိသူများက နှိမ်လိုသည့် အခါမျိုးမှာ လွမ်းစရာကော ရှိလု့ိလား ဆိုပြီးတော့ပေါ့။ လူတိုင်းမှာ အဆွေးဓါတ်ခံက ရှိပြီးသားလေ။ တစုံတယောက် ရှိမှရယ် လို့မှ ဦးတည်ချက်မထား၊ မရှိဘဲ။ ထု့ိကြောင့် လွမ်းဖို့ ပြင်နေစရာ မလိုဘဲ လွမ်းစရာ အခြေအနေနှင့် ကြုံလျှင် auto ကို လွမ်းတော့၏။။

သူငယ်ချင်းတွေထဲမှာ ကျနော်က အလွမ်း ဓါတ်ခံကောင်းသူဟုပင် ပြောလို့ ရ၏။ နည်းနည်း လွမ်းလို့ ရသည့်၊ ကောင်းသည့် အခြေအနေလေး ကြုံသည်နှင့် စလွမ်းတော့၏။ ပင်လယ်သွားတော့လည်း သူများတကာတွေ ရေဆင်းကူူးပြီး ပျော်နေကြချိန်မှာ ကျနော်က ပင်လယ်ကြီးကို ကြည့်ပြီး လွမ်း၏။ ကျိုက်ထီးရိုး ဘုရားဖူးသွားတော့လည်း တောတောင် သဘာဝတွေကို ကြည့်ပြီး လွမ်း၏။ နွေရာသီ နေပူ၊ လေပူတိုက်၊ ဥသြငှက် တွန်သံကြားလျှင်လည်း လွမ်း၏။ ခုလို မိုးတစိမ့်စိမ့် ရာသီဥတုဆိုလျှင်လည်း လွမ်း၏။ အေးစိမ့်စိမ့်လေးနှင့် လွမ်းရသဖြင့် အရသာ။

သီချင်းလေးဖွင့်လိုက်၏။ နေဦး သီချင်း မဖွင့်ခင် ကော်ဖီလေး အရင် ဖျော်လိုက်ဦးမည်။ ဒီအချိန် ဒီရာသီဥတုက ကော်ဖီသောက်လို့ ကောင်းသည် မဟုတ်လား။ ထို့နောက် သီချင်း ဖွင့်၏။ ဆရာ နိုင်မြန်မာ၏ လက်ရာ မွန် ဖြစ်သည့် ဝါဆိုသီချင်းလေးပေါ့။ တရက်သားက ထိုသီချင်းနှင့် ပတ်သက်သည့် Interview လေးကို ကြည့်ထားရ၏။ နောက်ခံ သမိုင်းကြောင်းကို မသိခင်ကတည်းက ကြိုက်နေသည့် သီချင်းလေး ဖြစ်၏။ ခု interview ကို ကြည့်ပြီး သွားသည့် နောက်မှာတော့ အဆိုပါ သီချင်းကို ပိုပြီး သဘောကျ နှစ်ခြိုက်သွားမိ၏။ အဆိုပါ ဝါဆို သီချင်း အကြောင်းကို သိလိုပါက Big 9 TV ၏ facebook page နှင့် youtube channel တို့မှာ သွားရောက် ကြည့်ရှုနိုင်ပါ၏။ ကျနော်တော့ သီချင်းလေး နားထောင်ပြီး ဆက်လွမ်းနေလိုက်ပါဦးမည်။

Don Jaun



0
0
0.000
2 comments
avatar

ကော်ဖီနဲ့ လွမ်းရတာ မနှိပ်ပါဘူး.... Grand ပြားနဲ့ လွမ်းတယ်ဆိုတာ လောက်တော့ လုပ်လိုက်

0
0
0.000
avatar

လွမ်း .. ရင်ထဲလှိုက်လို့ သိပ်ကိုလွမ်း 😀

0
0
0.000