Home Stay (Chapter 266)

avatar

FB_IMG_1599214068459.jpg

Zawgyi font သွင်းမည် သွင်းမည်နှင့် မသွင်းရေသေးပေ၊၊ တခါတေလ သေချာလေး ပြန်စဉ်းစား ရပြန်သေး၏၊၊ နောက်ပိုင်းမှာ Zawgyi အစား unicode သာ သုံးကြတော့မည် မဟုတ်လား၊၊ ကိုယ်တယောက်ထဲ ဂျီနေလို့ မဖြစ်တော့ပေ။ လက်ရှိ ubuntu မှာ zawgyi ကို သွင်းလို့ ရ၏။ ရသည်ဆိုပေမယ့် မသွင်းရသေးပေ။ ပျင်းနေတာနှင့် ဟိုလိုလို ဒီလိုလို လုပ်နေမိ၏။ အမှန်တော့ zawgyi နှင့် unicode က အကွာကြီးတော့ မဟုတ်ပေ။ အစပိုင်းမှာ ကသိကအောင့် ဖြစ်လိုက် ခဏခဏ မှားပေမယ့် အချိန်သွားလျှင်တော့ အဆင်ပြေသွားမည် ထင်၏။ မပြေသေးခင်မှာတော့ တကယ့်ကို ဆိုးလှ၏။ မှားလိုက် ပြန်ဖျက်လိုက်နှင့် စာတကြောင်း ပြည့်အောင် မနည်းကောင်း ရိုက်နေရ၏။ hive မှာ ပိုစ့်တင်ဖို့ ရေးရင်း ရေးရင်း မှန်လာ မြန်လာမည်ဟုတော့ မျှော်လင့်၏။

zawgyi ကနေ unicode အကူးမှာ ပထမဆုံး အဆင်မပြေမှုက စာလုံးများ နေရာ ပြောင်းသွား ခြင်း ဖြစ်၏။ ထိုအခက်အခဲကိုက keyboard layout ကို ဖော်ထားပြီး လိုက်ကြည့်ရ၏။ ခုထိတော့ စာလုံးနေရာတွေကို ကောင်းကောင်း မမှတ်မိသေးပေ။ ယခင်နေရာပဲ ထင်ပြီး သွားသွား ရိုက်မိလို့ မှားသဖြင့် ပြန်ပြန်ရိုက်ရတာလည်း မနည်းပင်။ ခရီးက တော်တော်နှင့် မရောက်တော့ပေ။ စိတ်ကို မနည်း ဆွဲရှည်ထားရ၏။ အနှီ စာလုံး နေရာ လိုက်မှတ်နေရတာက ပထမ အခက်အခဲ ဖြစ်၏။ နောက်တခုက သဝေထိုး ဖြစ်၏၊

IMG_20201225_150108.jpg

zawgyi မှာတုန်းက သဝေထိုးကို အရိုက်ပြီးမှ အက္ခရာ (ဗျည်း) တွေကို ရိုက်ရ၏။ unicode မှာက ဗျည်းစာလုံးကို အရင် ရိုက်ပြီးမှ သဝေထိုးကို ရိုက်ရ၏။ ယခု စာပိုဒ် (၃) ပိုဒ် ရောက်လာသည်အထိ အနှီ သဝေထိုးနှင့် ကျနော် တိုင်ပတ်လို့ ကောင်းတုန်း။ ဒီပိုစ့် တခုလုံး ပြီးသည်အထိနှင့် နောက်ပိုစ့်တွေအထိ ဖြစ်နေဦးမည် ထင်၏။ ဘယ်တက်နိုင်မလဲ မကျွမ်းသေးခင်တော့ သဝေထိုး နေရပေလိမ့်ဦးမည်။ နောက်တခုက ယရစ် (ြ) ဖြစ်၏။

zawgyi မှာတုန်းက (ြ) ပြီးမှ ဗျည်း၊ ယခု unicode မှာကား ဗျည်းပြီးမှ (ြ) ဖြစ်၏။ အဆိုပါ (ြ) ကလည်း (ေ) ထိုး တုန်းကလိုပင်၊ ဒီပိုစ့် ပြီး နောက်ပိုစ့်တွေ အထိ လွဲနေဦးမည် ဖြစ်၏။ အင်းလေ zawgyi ကို (၁၀) နှစ်ကျော် (၁၅) နှစ်လောက် သုံးလာခဲ့သည် မဟုတ်လား။ တရက်ထဲ တပိုစ့်ထဲနှင့်တော့ အသားကျဖို့ ဘယ်လွယ်လိမ့်မလဲ နော့်။ သို့ပေမယ့် စာရိုက်ရတာ အတော်လေး ပင်ပန်းလာ၏။ စာက မရှည် မှားလို့ ပြန်ပြန် ပြင်နေရတာက ရှည်ကြာနေခြင်း ဖြစ်၏။ စိတ်ရှည်ရှည် ထားရုံပေါ့လေ။ ထို့ပြင် unicode မှာက တချို့စာလုံးတွဲတွေ ရိုက်ရမှာ zawgyi နှင့် လုံး၀ မတူနေပေ။ ဥပမာ (လုံး၊ တွဲ၊ တွေ၊ …) အစရှိသည့် စာလုံးတွေ ရိုက်သည့် အခါမျိုးပေ့ါ။ မည်သို့ပင် ဆိုစေ ရိုက်ရင်း ရိုက်ရင်း အဆင်ပြေသွားပေလိမ့်မည်။

Don Jaun



0
0
0.000
0 comments