Home Stay (Chapter 194)

avatar

FB_IMG_1599214068459.jpg

တနေ့ တလံ ပုဂံ ဘယ်ရွေ့မလဲနှင့် တနေ့ တနေ့ အားတင်းပြီး ဖြတ်ကျော်နေရ၏။ ကြာတော့ အားလျော့ချင်လာပြီ။ စိတ်ဓါတ်မကျတတ်တဲ့ (အကျနည်းသည့်) ကျနော်တောင် စိတ်ဓါတ် ကျချင်ချင် ဖြစ်လာနေပြီ ဖြစ်၏။ ယခု ကာလမှာ အခြားသူများလည်း ကျနော့်လို ဖြစ်ကြမည် ထင်၏။ covid က ဘယ်အချိန်ထိ ကျနော်တို့ကို နှောင့်ယှက်နေဦးမည်နည်း။ ခုချိန်ထိ ရောဂါနှင့် ပတ်သက်ပြီး ရေရေ ရာရာ ဘာမှ သဲသဲကွဲကွဲ မသိရသေးပေ။ ဟိုနိုင်ငံကပဲ ကာကွယ်ဆေး၊ ကုသဆေး ထွင်နိုင်သလိုလို၊ ရလာသလိုလိုနှင့် ခုထိတော့ မထူးခြားသေးပေ။

ကျနော်တို့ ဆီမှာတော့ တနေ့တနေ့တခြား ရောဂါကူးစက်သူ တိုးပွားလာသည့်အပြင်၊ သေဆုံးနှုန်းကလည်း မြင့်လာနေခဲ့၏။ ပထမလှိုင်း တုန်းက ကြံ့ကြံ့ခံ အံတု နိုင်ခဲ့ပေမယ့် ခု ဒုတိယလှိုင်းမှာတော့ ကျနော်တို့ အတော်လေး အထိနာနေရပြီ ဖြစ်၏။ ဒုတိယလှိုင်းနှင့်တင် အမြစ်ပြတ်သွားဖို့ မျှော်လင့် ဆုတောင်းမိ၏။ နောက်ထပ် တကြိမ်တွေ မရှိတော့ဘဲ တခါတည်း အပြီးတိုင် တိုက်ထုတ်ပစ်နိုင်ဖို့ လို၏။ တိုက်ထုတ်ပစ်နိုင်မည်ဟုလည်း ယုံကြည်၏။ အခြား နိုင်ငံများမှာလည်း covid ကို တိုက်ထုတ်၊ တွန်းလှန်ဖို့ ကြိုးစားနေကြ၏။

IMG_20200920_093802.jpg

ကာကွယ်ဆေး မတွေ့သရွေ့တော့ ချမှတ် ထုတ်ပြန်ထားသည့် စည်းကမ်းများကို လိုက်နာခြင်းဖြင့် ရောဂါ အရှိန်၊ ကူးစက်မှု တန့်သွားအောင် လုပ်ဆောင်နိုင်၏။ မိမိကစ ကာကွယ်ဖို့ လို၏။ လက်ရှိ မြန်မာနိုင်ငံမှာ ကူးစက်မှု အများဆုံး နေရာကား မြို့တော် ရန်ကုန်ဖြစ်၏။ ရန်ကုန်အတွက် စိတ်လည်းပူ၊ စိုးလည်း စိုးရိမ်၏။ ကိုယ်ထိ လက်ရောက် ဘာမှ မကူညီနိုင်သဖြင့် ဆုတောင်း မေတ္တာပို့သည့် အလုပ်ကိုသာ နေ့စဉ် လုပ်ဆောင် ဖြစ်၏။ ရန်ကုန် အားတင်းပါ။ မြန်မာနိုင်ငံကြီး မြန်မြန် ဘေးကင်းပါစေ။ ရောဂါကြီး အမြန် ချုပ်ငြိမ်းပါစေ။

ခုတလော ကျနော်တု့ိ MHC group ကြီးထဲမှာ leo တော်တော် hot ဖြစ်နေ၏။ hot သာ ဖြစ်နေတော ကျနော်က ခုထိ post မတင်ရသေးပေ။ အမှန်တော့ တင်လို့ မရသေးခြင်း ဖြစ်၏။ မနေ့က စမ်းကြည့်တာတော့ မရပေ။ ဒီနေ့ ထပ်စမ်း ကြည့်ဦးမည်။ ကိုဟင်လည်း leo နှင့် ပတ်သက်သည့် ပိုစ့် ထင်ထားပေးသည်ဆိုတော့ သွားဖတ်ကြည့်ရပေဦးမည်။ တနေ့ တနေ့ လုပ်စရာကလည်း များများစားစား မရှိနေပေ။ ကလေးတွေ ကိစ္စလုပ်ပေး၊ အစား စား၊ TV ကြည့်၊ ဂိမ်းဆော့၊ စာရေး၊ ပိုစ့်တင် ဒါတွေပဲ လုပ် ဖြစ်၏။ တခါတလေ ဈေးဝယ်ထွက်ဖြစ်တာက လွဲလျှင် ဘယ်မှာလဲ မသွားဖြစ် မလာဖြစ်ပေ။

သူငယ်ချင်းတွေကတောင် phone ဆက်ပြီး မေးယူရသည့် အထိပင်။ အိမ်မှာ ကလေးတွေ ရှိနေလို့ သတိထားသည် ဆိုသည်ထက် ကလေးတွေ၏ အမေတွေ (ကျနော့် အမတွေ) ကြောင့် ဆို ပိုမှန်မည်။ သူတို့က အဝေးကနေပြီး စိုးရိမ်ပြ၊ ဂရုစိုက်ပြ နေကြသဖြင့် တဆိတ်ရှိက ကျနော့်ကို လာလာပြီး ခလုတ်တိုက်နိုင်၏။ ခုတောင် ဘောလုံးကန် နားထားရတာ (၂) ပတ်ကျော် (၃) ပတ်ထဲ ဝင်လာပြီ ဖြစ်၏။ အလုပ်တွေကလည်း နားထားရ၊ အပြင်လည်း မသွားရ၊ ဘောလုံးလည်း မကန်ရနှင့် လူလည်း တော်တော်လေး စိတ်လေ နေပြီ ဖြစ်၏။ covid ရေ မြန်မြန်ပြီးပါတော့ ဟုသာ ကြိမ်းမောင်းနေမိတော့၏။

Don Jaun



0
0
0.000
0 comments