Home Stay (Chapter 190)

avatar

FB_IMG_1599214068459.jpg

ဒီတပတ် premier league ပြိုင်ပွဲတွေက အတော်လေး မြိုင်ဆိုင်လှ၏။ အမှန်တော့ ဒီတပတ်ရယ်မှ မဟုတ်၊ အပတ်စဉ် ပြိုင်ဆိုင်နေတဲ့ ပြိုင်ပွဲတိုင်း ပြင်းထန်၏၊ ကောင်းမွန်၏။ ဒီတပတ်မှာတော့ အသင်းကြီး အချင်းချင်း ထိပ်တိုက်တွေ့သည့် ပွဲစဉ် တပွဲ ပါ၏။ မန်စီးတီးနှင့် အာဆင်နယ်။ အိမ်ရှင် မန်စီးတီးကပဲ တဂိုးထဲနှင့် ကပ်နိုင်သွားခဲ့၏။ နောက်ထပ် ကြည့်ကောင်းတာက မြို့ခံ ပြိုင်ဖက်တွေ ဖြစ်သည့် အဲဗာတန်နှင့် လီဗာပူး ပွဲစဉ် ဖြစ်၏။ ထိုပွဲကလည်း ပွဲကောင်း တပွဲ ဖြစ်ခဲ့၏။ အပြန်အလှန် သွင်းဂိုးတွေနှင့် တဖက် နှစ်ဂိုးဆီ သရေကျသွားခဲ့ရ၏။

ထို ပွဲစဉ်မှာ လီဗာပူး၏ သွင်းဂိုး တခုကို လူကျွံဘောအဖြစ် သတ်မှတ်ပြီး ဂိုးအဖြစ်မှာ ပယ်ဖျက် (ဂိုးမပေး) လိုက်ခြင်းက ပြောစရာ အတော်များများ ဖြစ်ကုန်ကြ၏။ VAR က ရှိကောင်း၊ မရှိကောင်းပင်။ ထို့ပြင် VAR rule တွေကလည်း တနှစ်နှင့် တနှစ်က မတူပြန်ပေ။ အဲဗာတန်၏ ခြေစွမ်းက သရေ တမှတ်နှင့် ထိုက်တန်ပါ၏။ အနိုင်မရခဲ့သည့် လီဗာပူးအတွက်တော့ ကံကြမ္မာ (VAR) က သူတို့ ဖက်မှာ မရှိနေခဲ့တာကိုပဲ အပြစ်တင်ရပေလိမ့်မည်။

Premier_League-Logo.wine.png

မြို့ခံ အာဆင်နယ်လိုပဲ မျက်နှာပန်း မပွင့်ခဲ့သည့် အသင်း ကြီး ရှိသေး၏။ ချယ်ဆီး၊ သူလည်း ဒီတပတ်မှာတော့ အနိုင်မရခဲ့ပေ။ ဆောက်သမ်တန်ကို (၃-၃) ဂိုးနှင့် သရေသာ ရအောင် ကစားခဲ့နိုင်ခဲ့၏။ ရာသီအစ အဆင်မပြေခဲ့သည့် ယူနိုက်တက်ကတော့ ပြန်လာနိုင်ခဲ့၏။ နယူးကာဆယ်၏ ဦးဆောင်ခြင်းကို ခံထားနေခဲ့ရကနေ ချေပဂိုး အနိုင်ဂိုးများကို သွင်းယူပြီး ပြန်လာနိုင်ခဲ့၏။ ပြန်လာပြီ ဆိုပေမယ့် အတည်ပြန်လာပြီလား တဒင်္ဂ ပြန်လာပြီး ရေထဲ ပြန်ငုတ်သွားမှာလား ဆိုတာကိုတော့ စောင့်ကြည့် ရပေဦးမည်။ လောလောဆယ် အဆင့် (၁၄) မှာတော့ ရှိနေ၏။ သူ အနိုင်ယူလိုက်သည့် နယူးကာဆယ်က သူ့အထက် အဆင့် (၁၂) မှာ ဖြစ်၏။

နောက်ထပ် လန်ဒန် မြို့ခံ ပြိုင်ဖက် နှစ်သင်း၏ ပွဲစဉ်ကလည်း အတော်လေး မြိုင်ဆိုင်လှ၏။ စပါးနှင့် ဝက်(စ်)ဟမ်း။ စပါးအသင်း ကံဆိုးပြီး ဝက်(စ်)ဟမ်း အသင်း ကံကောင်းသည်ဟုပဲ ပြောရမလား။ တကယ်တမ်းက ဝက်(စ်)ဟမ်း၏ ကစားပုံကလည်း တကယ်ကို ကောင်းလှ၏။ ဦးဆောင်ဂိုးတွေ အရင် သွင်းခဲ့တာက စပါး ဖြစ်၏။ တဂိုး တလေ မဟုတ် (၃) ဂိုးလုံးကို အရင်သွင်းပြီး ဦးဆောင်ထားနိုင်ခဲ့ခြင်း ဖြစ်၏။ သို့ပေမယ့် အဆိုပါ ဦးဆောင် ဂိုးတွေကို ကောင်းကောင်း မထိန်းထားနိုင်ခဲ့ပေ။ မိနစ် (၈၀) နောက်ပိုင်း ပြန်ပေးခဲ့ရသည့် ခြေပဂိုးတွေကြောင့် အနိုင် (၃) မှတ်ကနေ သရေ (၁) မှတ်သာ ရယူနိုင်သွားခဲ့၏။

ဝက်(စ်)ဟမ်း အသင်း၏ နောက်ဆုံး မိနစ်အထိ ကြိုးစား အားထတ်မှုကိုတော့ အသိအမှတ်ပြုရပေလိမ့်မည်။ နောက်ဆုံးဂိုးဆို အတော်လေး ကောင်းမွန်လှသည်ဟု ပြောလို့ရ၏။ ဂိုးသမား၏ အပေါ်ဖက် ထောင့်ထဲကို ကန်သွင်းသွားခြင်း ဖြစ်၏။ premier league မှာ အသင်းကြီး အသင်းငယ် မရှိတော့ဟု ပြောလို့ ရ၏။ အသင်းတိုင်းက ပြိုင်ဆိုင်မှု ပြင်းထန်စွာ ရေကုန် ရေခန်း ကစားကြ၏။ ထို့ကြောင့်ပင် အခြား လိဂ်ပြိုင်ပွဲတွေထက် primier league ကို လူတွေ ပိုမို စိတ်ဝင်စား နှစ်ခြိုက်ကြခြင်း ဖြစ်ပေလိမ့်မည်။ နောက်တပတ် ပွဲစဉ်တွေမှာ ပြန်တွေ့ပါဦးမည်။

Don Jaun



0
0
0.000
1 comments
avatar

ဘောလုံးပွဲတွေ မကြည့်ဖြစ်တာကြာပြီဗျာ။
ကျနော်ကတော့ မန်ယူဖန်ပါဗျ။
မန်ယူမှာ လောလောဆယ်တော့ ရက်စ်ဖို့ကို အကြိုက်ဆုံးပါ။

0
0
0.000