Home Stay (Chapter 189)

avatar

FB_IMG_1599214068459.jpg

အချိန်တွေ တရွေ့ရွေ့နှင့် ကုန်လွန်လို့ နေ၏။ အသက်သည်လည်း တဖြည်းဖြည်း ကြီးလို့ လာပြီ ဖြစ်၏။ နေ့ရက်တွေသာ ကုန်သွားသလို နုပျိုခြင်းတွေလည်း ကုန်ဆုံးလာတော့၏။ အသက်အားဖြင့် (၃၀) ကျော်လာခဲ့ပြီ ဖြစ်၏။ လက်ရှိ လူ့သက်တမ်းက (၆၀) တန်း ဆိုပါက နောက်ထပ် ကျနော် နေရဖို့ နှစ် (၃၀) သာ ကျန်တော့၏။ ဒါတောင် ကိုယ်က (၆၀) ထိ နေရဦးမှ။ ယခု အသက်အရွယ်မှာ ကိုယ့်ကို အားရလား၊ ပျော်နေလားဆို ကျနော့်မှာ ဖြေရခက်၏။ အားရလား ဆိုက အားမရဟု ဖြေရပေလိမ့်မည်။ ပျော်နေလား ဆိုပါက ပျော်တော့ ပျော်ပါတယ် ဟု ပြောရပေလိမ့်မည်။ ကျနော်ကား စိတ်ညစ်စရာကို သိပ် အဖတ်လုပ်ပြီး တွေးတော တတ်သူ မဟုတ်ပေ။ စိတ်ညစ်စရာကို မြန်မြန် မေ့ချင်သူ ဖြစ်၏။

အမေကတော့ တခါတလေ ကျလျှင် ပြော၏။ မင်း ငါမရှိတော့၊ ငါ သေသွားရင် ဘယ်လို လုပ်မလဲတဲ့။ မသိ၊ ကျနော် တကယ် မသိပေ။ အမေက ကျနော့် စာရေး သောက်ရေး နေထိုင်ရေး အတွက် ပြောကြားလိုခြင်း ဖြစ်၏။ ကျနော်ကား ထိုသို့ တွေးတောခြင်း မဟုတ်ပေ။ တချိန်ချိန် ဖြစ်လာမည့် အရာဆိုပေမယ့် အမေ မရှိတော့လျှင် ဆိုသည့် အတွေးကို ကျနော် မတွေးပေ။ အတွေးတို့ အစပြု ပေါ်လာချင်လျှင်တောင် ကျနော်ကား တခါတည်း ဖြတ်ချလေ့ ရှိ၏။ ပြောရလျှင် ထို အတွေးကား ကျနော် မတွေးရဲသည့် အတွေး ဖြစ်၏။ မတွေးချင်သော အတွေး မဟုတ်၊ မတွေးရဲသော အတွေး ဖြစ်၏။

IMG_20201006_234917.jpg

အဖေ မရှိတော့သည့် နောက်ပိုင်း ကျနော့်မှာ တွယ်တာစရာ အမေသာ ရှိတော့၏။ အမတွေကို မချစ်လို့လားဆိုတော့ မဟုတ်၊ ချစ်ပါ၏။ သို့ပေမယ့် အမေ့ကို ချစ်တာ၊ အမတွေကို ချစ်တာက မတူပေ။ ထို့အတူ တူ၊ တူမလေးတွေကို ချစ်ပုံနှင့်လည်း တူမည် မဟုတ်ပေ။ ခုအချိန်ထိ အမေ့အတွက် တစုံတရာ ဖန်တီး လုပ်ဆောင် ပေးနိုင်ခြင်း မရှိသေးပေ။ အမေ့ အတွက် ရည်ရွယ်ထားသည်များ ရှိပေမယ့် ခုချိန်ထိတော့ အကောင်အထည် မဖော်နိုင်သေးပေ။ ဘ၀ ခက်ခဲလို့ ဆိုသည့်ထက် ကျနော် ကိုယ်တိုင်က ညံ့ဖျင်းနေခြင်း ဖြစ်ပေလိမ့်မည်။

သူ့သူ နေသည့် ကံကိုတော့ လွှဲမချလိုပေ။ ကံသည် အလုပ် မဟုတ်လား။ ကံကောင်းလိုလျှင် အလုပ်ကောင်း၊ ကောင်းတာ လုပ်နေလို့ လို၏။ ကောင်းတာလေးတွေတော့ လုပ်နေပါသည်။ သို့ပေမယ့် ဖြစ်ဖြစ်မြောက်မြောက်တော့ မလုပ်နိုင်သေးပေ။ အောင်မြင်မှုထက် အေးချမ်းမှုကို ကျနော် ပိုသဘောကျ ခုံမင်၏။ ခုချိန်မှာ အေးအေးဆေးဆေး နေရသည် ဆိုပေမယ့်် တချိန်ချိန်မှာ တကယ် အေးအေးဆေးဆေး နေနိုင်ဖို့ ခုချိန်မှာ တခုခုတော့ လုပ်ဖို့ လိုပြီ ဖြစ်၏။ ကျနော် ဒီအတိုင်းကြီး နေနေခဲ့တာ အတော်ကြာပြီ။ တစိတ်ရှိ covid ကို အကြောင်းပြ လွှဲချနေခဲ့တာလည်း များ၏။ တကယ်ကို တခုခုတော့ လုပ်ကို လုပ်ရပေလိမ့်မည်။

Don Jaun



0
0
0.000
1 comments
avatar

ဘဝဆိုတာ ဒီလိုပါပဲဗျာ...

0
0
0.000