Home Stay (Chapter 171)

avatar

FB_IMG_1599214068459.jpg

Covid ဒုတိယလှိုင်းက အတော်လေး ဆိုးလှ၏။ ရိုက်ချက်က အတော်လေး ပြင်း၏။ ရန်ကုန်မြို့ကြီးဆို သူ၏ ထိုးနှက်မှုကို အလူးအလဲ ခံနေရပြီ ဖြစ်၏။ ပြန်ထနိုင်ဖို့ထက် ထပ်မံ မလဲပြိုရအောင် ကျားကန်နေရ၏။ တနေ့တခြား တိုးပွားလာနေသည့် ကူးစက်ခံ လူနာဦးရေကား ခုချိန်ထိ ကျနော်တို့ covid ကို မထိန်းချုပ်နိုင်သေးသည်ကို ပြနေ၏။ မထိန်းချုပ်နိုင်ရသည့် အကြောင်းအရင်းကလည်း လူအများစုက စည်းကမ်း မလိုက်နာကြခြင်းလည်း ပါ၏။ ကူးစက် ရောဂါဆိုသည့်အတိုင်း တဦးတယောက်ကစပြီး အများသို့ ဖြစ်သွားနိုင်သည်ကိုး။

ရန်ကုန်မှာတော့ မြို့နယ် အားလုံးနီးပါးရှိ အိမ်ထောင်စုများကို အိမ်မှာပင် နေဖို့ ပြောဆိုထားပြီး၊ ကြော်ငြာထားပြီး ဖြစ်၏။ ထိုအချက်ကို လိုက်နာနိုင်ဖို့ လို၏။ ခက်နေသည်က ပထမလှိုင်းတုန်းက လူတွေက home stay ကို လိုက်နာနိုင်ကြ၏။ ကျားကန်နေနိုင်ကြ၏။ ယခု ဒုတိယလှိုင်းမှာတော့ ပထမလှိုင်းက ကျားကန်ထားနိုင်မှုတွေက ပြိုလဲကုန်ပြီ ဖြစ်၏။ ပါးစပ်လှုပ်နိုင်ဖို့ အလုပ် လုပ်မှ ရတော့မည် ဖြစ်၏။ အိမ်မှာ နေဖို့က အဆင်မပြေနိုင်တော့ပေ။ ရောဂါကို ကြောက်ပေမယ့် စားရေး သောက်ရေးက ရှိနေတော့ မဖြစ်မနေကို အိမ်ပြင် ထွက်ကြရတော့၏။ ထို့ကြောင့်ပင် ရောဂါ ကူးစက်မှုက ပိုပြီး ဆိုးလာ၊ တိုးလာတော့၏။

Stay_home_safe-6719035b-b146-4475-a05d-aac97a5e9597.jpg

ရန်ကုန်၏ ကူးစက်မှုကလည်း အခြား နယ်မြို့တွေထက်စာလျှင် ပိုပြီး များ၏။ ဒါကလည်း မထူးဆန်းပေ။ စီးပွားရေး မြို့တော် ဖြစ်သဖြင့် အနယ်နယ် အရပ်ရပ်မှ လူအများ လာရောက် စုဝေးကြသည် မဟုတ်လား။ လူဦးရေ ထူထပ်တော့ ကူးစက်မှုကလည်း ပိုများဖို့သာ ရှိတော့၏။ ထို့ပြင် ရန်ကုန်ကနေ အခြား နေရာများသို့ ကူးစက်မှုများလည်း ရှိလာခဲ့ပြီ ဖြစ်၏။ ဒါကလည်း ရန်ကုန်ကနေ အခြား မြို့ရွာများသို့ ကူးသန်း သွားလာနေရသူများ ကြောင့် ဖြစ်၏။ ခုချိန်ထိတော့ ထိန်းချုပ်ဖို့ ကြိုးစားပေမယ့် မထိန်းချုပ်နိုင်သေးပေ။

ထို့ပြင် နောက်ထပ် ကြားလာရသည့် သတင်းတွေက ကြိတ်ကု ဆိုသည့် ကိစ္စတွေ။ မိမိမှာ ရောဂါ ကူးစက်ခံပြီ သံသယ ရှိပြီဆိုသည်နှင့် သက်ဆိုင်ရာသို့ ဆက်သွယ်ရမည့် အစား မိမိ ကိုယ့်ကို ဆေးတွေ ဘာတွေ ရှာဖွေ စပ်ဆက်ပြီး လျှောက်သောက်၊ လျှောက်လုပ်တော့၏။ အဓိက လုပ်ရမည့် အလုပ်ကို မလုပ်မိတော့ အခြား ဆက်စပ်သူ မိသားစုဝင်များ အပါအဝင် မိမိနှင့် ထိစပ်ဖူးသူ ရင်းနှီးခင်မင်သူများပါ အလုပ်များ အလုပ်ပိုကုန်ရတော့၏။

ဒီနေ့တင် သတင်းတခု ကြည့်လိုက်ရ၏။ အနံ့မရလို့ ဆိုပြီး covid center သို့ လာရောက်သည် ဆို၏။ အမှန်တော့ တကယ် အနံ့ပျောက်ခြင်း မဟုတ်၊ သူ့ ခင်ပွန်းနှင့် စကားများ ရန်ဖြစ်ပြီး စိတ်ကောက်ရာမှ center သို့ ထွက်လာခြင်း ဖြစ်သည် ဆို၏။ အင်းလည်း ခက်လည်း ခက်သား ရောဂါကို ရယ်စရာများမှတ်နေ။ ကြားထဲက တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ အလုပ်ရှုပ်ရ၊ အလုပ်ပိုကုန်ကြ၏။ ဒုတိယလှိုင်းက မည်မျှ ကြာဦးမည်နည်း။ ကျနော်တို့ တောင့်ခံနိုင်ပါ့မလား။ မည်သို့ပင်ဆိုစေ တက်နိုင်သလောက် ကျနော်တို့ ကြိုးစားရပေလိမ့်မည်။ ချမှတ်ထားသည့် စည်းကမ်းတွေကို လိုက်နာပြီး မိမိကိုယ်ကို ဂရုစိုက်ခြင်းဖြင့် မိမိ ပတ်ဝန်းကျင်ကို ဘေးကင်းလုံခြုံမှု ပေးနိုင်ပါစေ။

Don Jaun



0
0
0.000
2 comments
avatar

ဟုတ်ပဗျာ
မိမိကိုယ်သာ ကာကွယ်ပါ

0
0
0.000
avatar

ဟုတ်ပ
ပလှိုင်းတုန်းက နှစ်လ နားပစ်ပြီး
ခုတော့ အလုပ်နားသေးဘူး

0
0
0.000