Happy Birthday to Me

မနေ့ ရှေ့တနေ့ညက တော်တော်နဲ့ ပြန်အိပ် မပျော်ပေ။ ည ၁၀ နာရီခွဲလောက်က အိမ်ပျော်သွားတာ မနက် ၁ နာရီခွဲမှာ နိုးလာခဲ့၏။ ရေသောက်၊ သန့်စင်ခန်းသွား၏။ ပြီး ပြန်အိပ်၏။ အိပ်မပျော်၊ ဟိုလှိမ့် ဒီလှိမ့်နဲ့ မနက် ၄ နာရီခွဲသွားခဲ့၏။ တခါတလေ ထိုသို့ ဖြစ်လေ့ ရှိ၏။ ထိုသို့ ဖြစ်တိုင်းလည်း နေရ ထိုင်ရခက်၏။ အိပ်မပျော်တာလောက် ဆိုးတာ မရှိပေ။ အိပ်သင့်နေပြီမို့ အိပ်၏။ အိပ်ပေမဲ့ အိပ်မပျော်။ တော်တော်ဆိုး၏။

ပြီး မီးကလည်း ည ၁၀ နာရီလောက်မှာ ပျက်သွား၏။ ကျနော် တရေးနိုးချိန်မှာ ပြန်မလာသေးပေ။ ပြန်အိပ် မပျော်ခင် မနက် ၄ နာရီခွဲထိလည်း မီးမလာပေ။ မနက် ၆ နာရီ ဆွမ်းတော်တင်၊ ဆွမ်းလောင်းရမယ့် အချိန်ထိလည်း မလာပေ။ ထို့ကြောင့် ထမင်းပေါင်းအိုးထဲက ဆေးထားသည့် ဆန်များကို ဒန်အိုးထဲ ပြောင်းထည့်ပြီး ဂစ် မီးဖိုနဲ့ ချက်ရလေ၏။ မနက် ၉ နာရီလောက်မှ မီးလာ၏။

ဆွမ်းတော်တင်၊ ဆွမ်းလောင်းသည့် ကိစ္စကို ကျနော့် အမက လုပ်သွားခဲ့၏။ အမ ဆွမ်းထချက်ချိန်မှာ ကျနော် နိုးနေသေး၏။ ဆွမ်းကျက်ရင် ဆွမ်းတော်တင်ဖို့ အမ နှိုးမှာပဲဆိုပြီး လှဲနေလိုက်တာ ပြန်အိပ်ပျော်သွား၏။ အမကလည်း မနှိုး၊ မနက် ၉ နာရီထိုးမှ နိုးတော့၏။ ညက အိပ်ရေးပျက်ပေမဲ့ မနက်မှာ ခပ်ကြာကြာ အိပ်လိုက်ရတော့ မဆိုးလှပေ။ ဒါပေမဲ့ လုံးဝကြီး အဆင်ပြေနေတာမျိုးတော့ မဟုတ်ပေ။ လန်းလန်းဆန်းဆန်းတော့ မဖြစ်နေပေ။

မလန်းနေလည်း လုပ်စရာ ရှိတာတွေ လုပ်ရပေဦးမည်။ မနက်ဖြန် အတွက် ဘုန်းကြီးကျောင်း ဆွမ်းချိုင့်ပို့ရန် ဆိုပြီး ဟင်းအမယ် နည်းနည်းများများ ချက်သောကြောင့် ဖြစ်၏။ လူက အီလည်လည် ဖြစ်နေမှ ဟင်းများများချက်ရပေတော့မည်။ အမေက နေပြန်ကောင်းလာတာ ရက်ပိုင်းပဲ ရှိသေး၏။ ခုနောက်ပိုင်း အမေ့ကို မီးဖိုခန်း မဝင်ခိုင်းတော့ပေ။ မဝင်ခိုင်းပေမဲ့ နည်းနည်းသက်သာတာနဲ့ တိုတိုထွာထွာတွေ ဝင်လုပ်ပေးလေ့ ရှိ၏။ လှုပ်လှုပ်ရှားရှား ရှိပါစေတော့ ဆိုပြီး နည်းနည်းပါးပါးတော့ လုပ်ခွင့်ပေးထားလိုက်၏။

ဟင်း အမယ် များရသည့် အကြောင်းက ကျနော့် မွေးနေ့ ဖြစ်သောကြောင့် ဖြစ်၏။ မွေးနေ့ ဆွမ်းချိုင့်ပို့ရန်နှင့် ဆွမ်းလောင်းလှူရန် အတွက် ချက်ပြုတ်ခြင်း ဖြစ်၏။ ထို့ကြောင့် အိပ်ရေး မဝလည်း သေချာ စိတ်နှစ်မျိုး ချက်ပြုတ်ကူ၏။ ယခင်နေ့တွေထက် ပို၍ အလေးထား ချက်ပြုတ်ပါ၏။ ည ၈ နာရီခွဲမှာတော့ အားလုံး ချက်လို့ ပြီးသွား၏။ ရှေ့ရက်က အိပ်ရေး ပျက်ထားတော့ ည စောစော အိပ်ပျော်မယ် ထင်ပါရဲ့။



0
0
0.000
3 comments
avatar

မွေးနေ့မှာ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းပါစေ
!LOLZ
!MEME

0
0
0.000