Tropical Zodiac VS Sidereal zodiac

avatar

tropical_and_sidereal_zodiac.png

၁၂-ရာသီခွင် ဆိုရာ၌ သယာနရာသီခွင် Tropical Zodiac နှင့် နိယာယနရာသီခွင် Sidereal Zodiac ကို ဆိုလိုပါသည်။

အနောက်တိုင်းပညာရှင်များ အသုံးပြုသော သယာန ရာသီခွင်သည် နေသွားလမ်းကြောင်းနှင့် ကမ္ဘာ၏ အီကွေတာလမ်းကြောင်းတို့၏ ဖြတ်မှတ် ဖြစ်သော နွေဦးရာသီ အစမှတ် မိဿရာသီမှ စတင်ပါသည်။

မိဿ၊ ပြိဿ၊ မေထုန်၊ ကရကဋ်၊ သိဟ်၊ ကန်၊ တူ၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊ ကုမ်၊ မိန် စသည်ဖြင့် ရာသီခွင် ၁၂ ပါးကို အစဉ်အတိုင်း ရေတွက်မှတ်သားပါသည်။ Tropical zodiac သယာန ရာသီခွင်အရ နေရောက်ရှိနေသော ကာလ၌ မွေးဖွားသူတို့၏ ကံကြမ္မာကိုဟောသော နည်းစနစ်ကို Sun Sign Astrology ဟု လူသိများပါသည်။

ကမ္ဘာသုံးပြက္ခဒိန်အရ မတ်လ (၂၁) ရက် ခန့်တွင် အမြဲတမ်း နွေဦးရာသီ ဖြတ်မှတ်ကို နေမင်းစတင်ဖြတ်သန်းခြင်းကြောင့် မိဿရာသီ စတင်သည်။ နေသွားလမ်းကြောင်းကိုသာ ဦးစားပေးထားသဖြင့် ရာသီဥတုအားဖြင့် အမြဲလိုလို မှန်ကန်နေသော အနေအထား ဖြစ်သောကြောင့် ၎င်းအား Tropical Zodiac ဟုခေါ်ခြင်း ဖြစ်သည်။

အရှေ့တိုင်းနည်းစနစ် နိယာယန Sidereal Zodiac အရမူ နေသွားလမ်းကြောင်း ဖြတ်မှတ်မှ တိုင်းတာခြင်းမပြုပဲ ဝေးကွာလှသော စကြာဝဠာထဲရှိ နက္ခတ်တာရာတို့မှ တိုင်းတာခြင်းဖြစ်သောကြောင့် နေမင်းရောက်ရှိမည့် အချိန်ကာလ တစ်နှစ်နှင့် တစ်နှစ် မတူညီပါ။

အရှေ့တိုင်းရာသီခွင်မှာ နေသွားလမ်းကြောင်း ဖြတ်မှတ်တို့ကို မူမတည်ပဲ အာသာဝတီနက္ခတ်မှ (မြင်းခေါင်းပုံ နက္ခတ်)မှ စတင်ထားသည်။ ထို့ကြောင့် နိယာယန ရာသီခွင် Sidereal Zodiac မှ မိဿရာသီသည် အနောက်တိုင်းရာသီခွင် Tropical Zodiac မှ မိဿနှင့် အမြဲလိုလို ကွာခြားနေတတ်သည်။

ယခုအချိန်တွင် မိဿရာသီ အစမှတ်ယူဆပုံမှာ သယာနစနစ်နှင့် နိယာယနစနစ် အကြား ၂၄ ဒီဂရီကျော် ကွာခြားနေသည်။ ထို့ကြောင့် သယာနစနစ်အရ နှစ်စဉ်မတ်လ (၂၁) ရက်နေ့ဝန်းကျင်တွင် မိဿရာသီ အစမှတ် ဖြစ်၍ နိယာယနစနစ်အရ ဧပြီလ (၁၄) ရက်ဝန်းကျင်တွင် မိဿရာသီ အစမှတ် ဖြစ်သည်။

ထိုကွာခြားမှုမှာ အထက်တွင် ရှင်းပြခဲ့သည့် အတိုင်း အာယန ဒီဂရီပင် ဖြစ်သည်။ အရှေ့တိုင်း ရာသီခွင်မှ မိဿရာသီနှင့် အနောက်တိုင်း ရာသီခွင် မှ မိဿရာသီတို့သည် နှစ်စဉ် အနည်းငယ် ကွာခြားလာလျှက်ရှိရာ ၎င်းတို့ ၂-ခု ပြန်လည် တူညီစေရန် အတွက် နှစ်ပေါင်း ၂၆၀၀၀ ကြာမြင့် မည် ဖြစ်သည်။ မြန်မာ၊ ထိုင်း၊ အစရှိသော နိုင်ငံတို့တွင် သင်္ကြန်ကျ၍ နှစ်သစ်ကူးခြင်းသည် နေမင်းသည် နိယာယန ရာသီခွင်အရ မိန်ရာသီ မှ မိဿရာသီတို့ ကူးပြောင်းခြင်းကို ခေါ်ဆိုခြင်း ဖြစ်သည်။

အရှေ့တိုင်းစနစ် နိယာယနမူမှ ၁၂-ရာသီခွင်၏ အစဖြစ်သော မိဿရာသီသည် စကြာဝဠာအတွင်းမှ ကြယ်များ၏ အနေအထားမှ မှီငြမ်း၍ အစမှတ် ပြုထားသည်။ ကြယ်တာရာများ၏ တည်နေရာသည်လုံးဝ မပြောင်းလဲဟု မဆိုလိုသော်လည်း အလင်းနှစ် သန်းပေါင်းများစွာကြာမှ ပြောင်းလဲမှုရှိသဖြင့် နေစကြာစဠာအနေဖြင့် နှိုင်းယှဉ်သော် မပြောင်းလဲဟု ယူဆခြင်းမှာ မမှားပါ။

ရှေးဟောင်း အီဂျစ်တို့၏ ရာသီခွင်တွင်လည်းကောင်း၊ ဘေဘီလုံခေတ် ရာသီခွင်တို့တွင် လည်းကောင်း၊ နိယာယန မူ Sidereal Zodiac ကိုပင် အသုံးပြုခဲ့ခြင်းပင် ဖြစ်သည်။ ဤအချက်ကိုကြည့်ခြင်းဖြင့်- သယာနမူ Tropical Zodiac သည် အနောက်တိုင်း သိပ္ပံပညာများ စတင်ပေါ်ပေါက်ချိန်တွင် နက္ခတ် ပညာရှင်များအနေဖြင့် တီထွင်ပြင်ဆင်ထည့်သွင်းလိုက်သော အချက်ဖြစ်သည်ကို ဖေါ်ပြနေသည်။

ရာသီဥတု နှင့် ပါတ်သက်၍ Tropical Zodiac သည် လွန်စွာအသုံးဝင်သော်ငြားလည်း ကြယ်လနက္ခတ်တာရာတို့မှ လူတို့အား လွှမ်းမိုးမှုပေါ်တွင် ဦးစားပေး တွက်ချက်ရသော နက္ခတ်ဗေဒင်ပညာအတွက်မူ Sidereal Zodiac သည် ကမ္ဘာပေါ်ရှိ ပညာရပ် အားလုံး၏ မူရင်းပညာစစ်စစ် ဖြစ်နေခြင်းပင် ဖြစ်သည်။ သို့သော်လည်း သယာနမူ Tropical Zodiac ၏ အရေးပါသော အချက်များကို မူထည့်သွင်း စဉ်းစားမှု ပြုကြသည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
26.01.2022



0
0
0.000
4 comments
avatar

နက္ခတ်​ဗေဒ ပညာကလည်း ဆန်းကြယ်တယ်​နော်

0
0
0.000
avatar

ဟုတ်၊ ဗဟုသုတရှိထားတာ မမှားပါဘူး။

0
0
0.000
avatar

Zodiac နှစ်မျိုး ရှိလို့ စိတ်ဝင်စားနေတာ ... စောင့်မျှော်လျက်ပါလို့

0
0
0.000
avatar

ကိုဟင်ရေ .. ဒီပို့စ်က Zodiac နှစ်မျိုးအကြောင်းပါ။ sun sign ဟောကိန်းတွေက Tropical Zodiac ကို အခြေခံ ဟောကြတာ များပါတယ်။ မြန်မာ၊ ထိုင်း၊ အိန္ဒိယ နက္ခတ်ဗေဒင်တွေ ဇာတာဖွဲ့ဟောတာကတော့ Sidereal Zodiac ကို အခြေခံပါတယ်။ ဒီနှစ်ခုက ၂၄ ဒီဂရီကျော် ကွာနေတော့ ဂြိုဟ်တွေရပ်တည်ရာ ရာသီခွင်တွေ ပြောင်းလဲသွားတဲ့သဘောပါ။

0
0
0.000