နိုင်ငံတော်ကို စိတ်နာသည်

avatar
(Edited)

we.png

ရန်ကုန်တက္ကသိုလ် (ပင်မ) ဝင်းထဲရှိ အဆောက်အဦတခု၏ နံရံပေါ်တွင် ရေးကပ်ထားသော သုံးကြောင်းကဗျာ တပုဒ်ကို ယနေ့ နှစ်ပေါင်း ၃၀ ကျော်သည့်တိုင်အောင် မှတ်မိနေသေးသည်။

အောင်ကျော်ရေ
မင်းသေခဲ့တာ တို့ဖြေသာတယ်
မင်းမှာ နယ်ချဲ့လက်ချက်မို့ ...တဲ့။

၂၀၂၁ ၏ ကြေကွဲဖွယ်ရာ ဖြစ်ရပ်များကို မြင်ရကြားရသည့်အခါ ၁၉၈၈ ကို ပြန်လည်သတိရမိသည်။ ဤနှစ်များကား၊ ပျားတို့သည် မချို၊ မှိုတို့သည် မပေါက်၊ ယာတို့သည် ခြောက်ကုန်၏ ဆိုသလိုပင်။

ဘဝတွင် နှစ်ကြိမ်တိုင်တိုင် အာဏာသိမ်းခံခဲ့ရသည်။ " ဗုဒ္ဓဘာသာထွန်းကားပြီး စိတ်ထားနူးညံ့ ယဉ်ကျေးတဲ့ မြန်မာပြည်ကြီးမှာ လူဖြစ်လာရတာ အင်မတန် ကံကောင်းလွန်းလို့ " ဟူသည့် ဂျင်းအကြီးစား မိခဲ့သည်။

ဗိုလ်တထောင် ၄၄ လမ်း အထပ်မြင့် တိုက်ကြီးပေါ်ကနေ လူငယ် ၅ ယောက် အလွတ်ကြီးကို ခုန်ချသွားခဲ့ကြတာ၊ ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းမပေါ်မှာ လူငယ် ၅ ယောက် အလွတ်ကြီးကို ကားနဲ့တိုက်သတ်ခံခဲ့ရတာ ...။ ဂျင်ဇီတို့သည် စစ်ဦးဘီလူး၏ သရုပ်မှန်ကို ဘဝဖြင့် လောင်းကြေးထပ်၍ သက်သေပြခဲ့ပြီ။

မြန်မာပြည်တွင် ကျွန်တော်တို့သည် ကိုယ့်ဘဝ ကိုယ်မပိုင်၊ ကိုယ့်မွေးရာပါ လွတ်လပ်ခွင့်ကို ကိုယ်ပြန်မသိမ်းပိုက်နိုင်။ ဒီမိုကရေစီသည် ကျွန်တော်တို့အတွက် လက်လှမ်းမမှီနိုင်လောက်အောင် ဈေးကြီးလွန်းလှသည်။

ငါတို့ ဒီလိုမှန်းသိရင် လွတ်လပ်ရေးရအောင် မတိုက်ခဲ့ပါဘူးကွာ ... ဟု လွတ်လပ်ရေးတိုက်ပွဲဝင် ခေါင်းဆောင်တချို့က မချိတင်ကဲ ရင်ဖွင့်ခဲ့သည်မှာ မှန်ပြီးရင်း မှန်လွန်းနေသည်။

ကမ္ဘာကြီးကတော့ ... အထူး စိုးရိမ်မကင်းဖြစ်မိပါကြောင်း၊ လွန်စွာ ထိတ်လန့်တုန်လှုပ်မိပါကြောင်း တွင်တွင်ပြောရင်း ရှေ့သို့ချီတက်မြဲ ချီနေသည်။ ကျွန်တော်တို့မှာတော့ အဆိုးကြော့သံသရာ ဝင်္ကပါထဲတွင် ထွက်ပေါက်မရှိ ပိတ်မိနေလေပြီလားဟု ခံစားနေရသည်။

အချိန်ကအမှား၊ နေရာကအမှား၊ ငါတို့ဟာ မှားပြီး မွေးဖွားလာခဲ့လေသလားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိသည်။ သို့သော် ... ဝဋ်ကြွေးဟု ခေါင်းစဉ်တပ်၍ ကိုယ့်အနာဂါတ်ကို လွှတ်ချမည်တော့မဟုတ်။ ကျွန်တော်တို့၏ စိုးရိမ်ကြောက်ရွံ့မှုကြောင့် ကျွန်တော်တို့ လွတ်လပ်မှု ဆုံးရှုံးနေသလောဟုသာ ဝေဖန်ဆန်းစစ်သင့်သည်။

တောင်ထိပ်ကြာပေါက်၊ အနောက်အရပ်က နေထွက်ခြင်းသည် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ပြည်သူကို ရန်သူဟုသတ်မှတ်ထားသော ထိုအုပ်စုနှင့် မိမိတို့မှာ မည်သည့်နည်းနှင့်မျှ ပြန်လည်ပေါင်းစပ်ရန် မဖြစ်နိုင်တော့ပေ။ ဤနိုင်ငံသား ဖြစ်ရသည်မှာ လူဖြစ်ခါးလှသည်။ နိုင်ငံတော်ကို ချစ်သည်၊ သို့သော် ... စိတ်လည်းနာသည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
06.12.2021



0
0
0.000
6 comments
avatar

ပြောစရာ စကားလုံးရှာမရ
လောဘ က မျက်စိကန်း ဘီလူး မကြောက် အုပ်စုပ။
!PIZZA

0
0
0.000
avatar

လောလောဆယ်တော့ စိတ်ကိုလျှော့ထားပါ။. Ecency point 50 လက်ဆောင် အဖြစ်ပေးလိုက်ပါတယ်။

0
0
0.000
avatar

စစ် ဆိုတဲ့ အသံ၊ စကားလုံးကို မကြားချင် မမြင်ချင်လောက်အောင်ကို မုန်းနေတာ။ !PIZZA

0
0
0.000
avatar

စိတ်တိုတာတော့ အများကြီးပဲ ။

0
0
0.000