Cancer (ကရကဋ်ရာသီဖွား) ပင်ကိုယ်စရိုက်သဘာဝ

avatar

astrology_signs.jpg

ဇွန်လ (၂၁) ရက်မှ ဇူလိုင်လ (၂၂) ရက်အတွင်းမွေးဖွားသူများသည်
ကရကဋ်ရာသီဖွားများ ဖြစ်ကြသည်။ နက္ခတ်ရာသီ(၁၂)ပါးအနက် စတုတ္ထမြောက် ရာသီခွင်ဖြစ်သည်။ ကောင်းကင်မှ ကြယ်များ၏ပုံသဏ္ဍာန်သည် လက်မနှစ်ချောင်းထောင်ထားသော ဂဏန်းတစ်ကောင်၏ပုံ ပေါ်ထွန်းနေသော ရာသီဖြစ်သည်။ ဤရာသီခွင်ကို တနင်္လာဂြိုလ်မှ စိုးမိုးထားသည်။ ဓါတ်သဘာဝအရ အာပေါဓါတ် (ရေဓါတ်) ကြီးစိုးသည်။

ကရကဋ်ရာသီဖွားများ၏ ပင်ကိုယ်စရိုက်သဘာဝများ

ကရကဋ်ရာသီဖွားများသည် သြဇာအာဏာရှိသူများဖြစ်၏။ မိသားစုနှင့် ပတ်ဝန်းကျင်ကို လွှမ်းမိုးထားနိုင်ကြ၏။ အရည်အချင်း ပြည့်ဝ၏။ စူးစမ်းဆင်ခြင်ဉာဏ်ပြင်းထန်၏။ အသက်ကြီးပိုင်းတွင် ဘာသာတရားကို လွန်စွာ ကိုင်းရှိုင်းသွားတတ်ကြ၏။ ဉာဏ်အလွန်ထက်၏။ တစ်ခါတရံ၌ ဖြစ်လာမည့်ကိစ္စတို့ကို ကြိုသိနေတတ်သော ဉာဏ်စွမ်းပါရမီထူးရှိ၏။

ကိုယ့်ကိုကိုယ်အားကိုး၏။ မိရိုးဖလာ အစဉ်အဆက် လုပ်ခဲ့သော အလုပ်များကို ဆန့်ကျင်တတ်၏။ အသံသြဇာကောင်းပြီး အပြောအဆိုကောင်း၏။ အစစ ဦးဆောင်ဖြစ်၏။ အမျိုးဘာသာအကျိုး၊ အများကောင်းကျိုး လိုလား၏။ ဆောင်ရွက်တတ်၏။ သို့သော် ခေါင်းမာ၏။ အာဃာတကြီး၏။နာကျည်းမုန်းတီးမိက ကလဲ့စားချေရမှ ကြိုက်၏။ စိတ်ဓါတ်အားကောင်းသော်လည်း လူအားပျော့၏။ စိတ်တန်ခိုးစွမ်းအားကြီးမားသော်လည်း ကိုယ့်အစွမ်းအစ ကိုယ်မသိ။ စိတ်ဓါတ်ကျလွယ်၏။

ဘဝတွင် အပြောင်းအလဲများစွာကြုံခဲ့၏။ ဘဝတစ်လျှောက်လုံး အငြိမ်မနေ လှုပ်ရှားသွားလာနေရတတ်၏။ စိတ်ထား နူးညံ့သိမ်မွေ့၏။ ပင်ကိုယ်စိတ်ဓါတ် အေးဆေးတည်ငြိမ်သလောက် မကြာခဏ တွေဝေမိုက်မဲစွာ ပြုလုပ်တတ်၏။ အေးဆေးတည်ငြိမ်စွာ နေထိုင်လိုသလောက် စိတ်မတည်ငြိမ်ဘဲ လှုပ်ရှားပြောင်းလဲနေတတ်၏။ ဆုံးဖြတ်ချက် နောက်ကျတတ်၍ အခွင့်အရေးများစွာ ဆုံးရှုံးသွားတတ်ခြင်း မကြာခဏကြုံတတ်၏။ အလွန်အာရုံများ၏။ စပ်စု၏။ အထိမခံ ရွှေပန်ကန်များဖြစ်၏။

ဂီတအနုပညာကိုမြတ်နိုး၏။ သွက်လက်ထက်မြက်၏။ စကားများ၏။ အပျော်အပါးကြိုက်၏။ အုပ်စုဖွဲ့နေရခြင်းကိုကြိုက်၏။ မိသားစု အသိုင်းအဝိုင်းကို အလွန်ခင်တွယ်တတ်ကြ၏။ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေနေတတ်၏။ တရားမျှတမှုကို ကြိုက်နှစ်သက်သော်လည်း အောင်မြင်ကြီးပွားလိုသော ဆန္ဒနှင့် ကြိုတင်ပူပန်စိုးရိမ်မှု သောကစိတ်တို့ပြင်းထန်၏။ တစ်ခါတရံ တစ်ဖက်သတ်ဆန်ဆန် ပြုမူမိတတ်ကြ၏။အပေါ်ယံအားဖြင့် ဖြစ်သလိုနေတတ် ပြောတတ်သော်လည်း တိုးတက်ကြီးပွားမှုကို ပြင်းပြင်းထန်ထန် အလိုရှိ၏။ အလွန်ကြိုးစား၏။

ဘဝအစတွင် ခက်ခဲကြမ်းတမ်း၏။ သက်လတ်ပိုင်းတွင် ကြီးပွားတတ်၏။ လူများအပေါ် သြဇာပေးနိုင်တတ်၏။ အလုပ်ကို တစ်ခုမပြီးမီ နောက်တစ်ခုစမိသဖြင့် အောင်မြင်မှုထိခိုက်တတ်၏။ ဘဝမျိုးစုံ ကျင်လည်ရ၏။ ဖြစ်ကတတ်ဆန်း နေထိုင်ရခြင်းမျိုးကိုလည်း ကြုံရတတ်၏။ ထိုက်တန်သော စည်းစိမ်ဥစ္စာတို့ပြည့်စုံလာသောအခါ လူယုံများကြောင့်လည်းကောင်း၊ အတွင်းပစ္စည်းများ လူမသိဘဲလှိုက်စားကုန်သွားတတ်၏။ လူမသိ သူမသိဘဲကြိတ်ခံရတတ်၏။ ဆုံးဖြတ်ချက် တစ်ချက်မှားသဖြင့် အဖတ်ဆယ်မရအောင် နစ်နာခြင်းမျိုး ကြုံရတတ်၏။

ထို့အပြင် ကရကဋ်ရာသီဖွားများသည် တစ်ချို့ကိစ္စများတွင် စည်းကမ်းတကျ ကပ်စီးနှဲသလိုဖြစ်နေတတ်သည်။ တစ်ခါတရံ အဖိုးတန်ပစ္စည်းများကိုပင် ပေးကမ်းစွန့်ကြဲပစ်တတ်ကြ၏။ လူသေသော်လည်း နာမည်မသေစေရဟု နှလုံးပိုက်သူများဖြစ်၏။ မှန်သည်ထင်က တုံးတိုက်တိုက် ကျားကိုက်ကိုက်ဆိုသလို လုပ်တတ်၏။ ကိုယ်သံယောဇဉ်ကြီးသူများအတွက် အလွန်အနစ်နာခံတတ်၏။ သနားတတ်၏။ သစ္စာရှိ၏။ မဟုတ်မခံချင်စိတ်၊ သတ္တိဗျတ္တိနှင့် ပြည့်စုံ၏။

အထူးသဖြင့် ကရကဋ်ရာသီဖွားတို့သည် ဘိုးတော် မယ်တော် ပုဂ္ဂိုလ်ပိုင်းမှ အစောင့် အရှောက် ကြီးမားစွာရှိတတ်၏။ အိပ်မက်ထူးများရှိတတ်၏။ ဘာသာရေးကို စိုက်လိုက်မတ်တတ် ကျင့်လှမ်းသွားခြင်းဖြင့် လောကီအကျိုးစီးပွားပါ ပြည့်စုံလာတတ်လေ၏။

မှတ်ချက် - ရာသီခွင်၏ အဝင်ရက်၊ အထွက်ရက်တွင် မွေးဖွားသူများသည် ရာသီခွင်၏ အာနိသင် အပြည့်အဝ မရှိချေ။ ဆက်စပ်နေသော ရာသီခွင်ကိုပါ ပူးတွဲကြည့်သင့်သည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
09.02.2022



0
0
0.000
2 comments
avatar

ကရကဋ် သမားတွေက ဂဏန်းတွေ ကန့်လန့်သွားသလို တစ်ခါတစ်လေကန့် လန့်တိုက်လုပ်တတ်တာရယ် နဲ့ ဂဏန်းအတွင်းသား က နူးညံ့သလို အပြင်ပန်း မှာ မာသလောက် သူတို့စိတ်ကနူးညံ့ တယ်လို့လဲ မှတ်သားခဲ့ဖူးပါတယ်။ !LUV

0
0
0.000