Birthchart

avatar
(Edited)

သင်္ချာဗေဒပညာတွင် လူတဦး၏ မွေးနေ့ (ရက်၊ လ၊ နှစ်) ကို တလုံးတည်းဖြစ်အောင် ပေါင်းခြင်းဖြင့် ဘဝလမ်းကြောင်းဂဏန်း (Life path) ကို ရရှိပါသည်။ သင်၏ ဘဝလမ်းကြောင်းကို သင်ကိုယ်တိုင် တွက်ချက်ရှာဖွေပြီးနောက် သင်္ချာဗေဒကို လေ့လာရန် စိတ်ဝင်စားသည်ဟု ဆိုကြပါစို့။

Pythagoras ၏ သင်္ချာဗေဒတွင် လူတဦး၏ မွေးနေ့မှတဆင့် အားသာချက်များနှင့် အားနည်းချက်များကို ဖော်ထုတ်ပေးနိုင်သော နည်းလမ်းရှိပါသည်။ ဤနည်းလမ်းသည် လေ့လာမှတ်သားရန် လွယ်ကူသောကြောင့် စိတ်ဝင်စားဖွယ် ကောင်းပါသည်။

ဒေါင်လိုက်မျဉ်း ၂ကြောင်း၊ အလျားလိုက်မျဉ်း ၂ ကြောင်းကို ပုံတွင်ဖော်ပြထားသည့်အတိုင်း ရေးဆွဲလိုက်ပါ။ မြန်မာဗေဒင်ပညာတွင် မဟာဘုတ်တိုင်ထူခြင်းနှင့် ထပ်တူညီပါသည်။ ထိုအခါ ဂဏန်း ၉ လုံး ဖြည့်စွတ်ရန် နေရာ ရရှိလာပါမည်။

square.png

ဂဏန်း ၉ လုံးတွင် ကိုယ်ပိုင်နေရာ သတ်မှတ်ချက်များ ရှိပါသည်။ လက်ဝဲဘက်မှ စတင်၍ ထောင်လိုက်မျဉ်းအတိုင်း ၁၂၃၊ အလယ်ကွက်မှ စတင်၍ ထောင်လိုက်မျဉ်းအတိုင်း ၄၅၆၊ လက်ယာဘက်မှ စတင်၍ ထောင်လိုက်မျဉ်းအတိုင်း ၇၈၉ ဟု ရေးသားလိုက်ပါ။

ယခု ဖော်ပြထားသည့်အတိုင်း သင့်မွေးနေ့၏ ဂဏန်းတခုစီကို ၎င်းတို့၏ ကိုယ်ပိုင်နေရာ စတုရန်းကွက်တွင် ထည့်လိုက်ပါ။ သင်၏ မွေးရက်၊ လ၊ သက္ကရာဇ်တွင် သုညများ ရှိပါက ၎င်းတို့ကို ချန်ထားခဲ့ပါ။

ထိုအခါ သင်၏ ကိုယ်ပိုင်မွေးနေ့ ဇာတာငယ် (Birthchart) တခုကို ရပါမည်။ သင်၏ မွေးနေ့တွင် ဂဏန်း ၉ လုံးအပြည့် ပါဝင်နေမည်မဟုတ်သောကြောင့် ကွက်လပ်အဖြစ် ကျန်ရှိနေသောနေရာ ရှိနေပါလိမ့်မည်။

ဤဇာတာငယ်တွင် အလျားလိုက်မျဉ်း ၃ ကြောင်း၊ ထောင်လိုက်မျဉ်း ၃ ကြောင်း၊ ကန့်လန့်ဖြတ်မျဉ်း ၂ ကြောင်း စုစုပေါင်း မြှား (၈)စင်း ရှိနေပါသည်။ ဂဏန်း ၃ လုံး ပြည့်စုံပါက မျဉ်းတကြောင်း ဆွဲနိုင်ပါသည်။ သင်၏ ဇာတာငယ်တွင် မျဉ်းကြောင်းမြှား မည်မျှဆွဲ၍ရသနည်း။

သင်္ချာဗေဒပညာ ဇာတာခွင်တွင် မြှား (၈)စင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ မြှားတစင်းစီသည် သီးခြားစွမ်းရည်ကို ဖော်ပြပေးနိုင်သောကြောင့် လူတဦး၏ မွေးနေ့ကို လေ့လာဆန်းစစ်ခြင်းအားဖြင့် ထိုသူသည် မည်သို့သောသူ ဖြစ်မည်ကို မှန်းဆနိုင်ပါသည်။

1+2+3
4+5+6
7+8+9
1+4+7
2+5+8
3+6+9
1+5+9
3+5+7

မွေးနေ့တွင် မပါဝင်သော ဂဏန်းများကြောင့် အလျားလိုက်၊ ထောင်လိုက်၊ ကန့်လန့်ဖြတ် အတန်းတခုခုတွင် မျဉ်းဆွဲနိုင်ခြင်း မရှိပါက ၎င်းကို 'မြှားဗလာ' ဟု သတ်မှတ်ပါသည်။

သင်၏ ဇာတာငယ်တွင် မြှားများမရှိပါက၊ ၎င်းသည် ဆိုးရွားသည့် အရာမဟုတ်ပါ။ လိုက်လျောညီထွေရှိသော ကိုယ်ရည်ကိုယ်သွေးကို ပြသသည်။ မတူညီသော အခြေအနေများနှင့် သင့်ကိုယ်သင် ပြုပြင်ပြောင်းလဲ၍ အခက်အခဲနှင့် ပြဿနာကို ကျော်လွှားနိုင်ပါသည်။

assk.png

ယခင်ပို့စ်များတွင် ဖော်ပြထားသော ပြည်သူ့မိခင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ (19.06.1945) ကို နမူနာဇာတာအဖြစ် ဖော်ပြပေးပါမည်။ သူ၏ဇာတာတွင် 1+5+9 နှင့် 4+5+6 မြှား ၂ စင်း ရရှိကြောင်း တွေ့ရှိရပါသည်။ သူ၏ မွေးနေ့ အရ ဘဝလမ်းကြောင်းဂဏန်း (Life path) မှာ (8) ဖြစ်ပါသည်။

ဤသို့ ဇာတာငယ်တွင် ပါရှိသော မြှားများနှင့် ဘဝလမ်းကြောင်းကို ပူးတွဲ စစ်ဆေးခြင်းဖြင့် လူတဦး၏ မွေးရာပါ အားသာချက်များနှင့် အားနည်းချက်များကို ဖော်ထုတ်ပေးနိုင်ပါသည်။ မြှား ၈ စင်း၏ သီးခြားစွမ်းရည်များအကြောင်းကို နောင်လာမည့်ပို့စ်တွင် ဆက်လက်ရေးသားပေးပါမည်။

ဤပို့စ်ကို ဖတ်ရှုရာတွင် ရှင်းလင်းစွာ နားလည်နိုင်ရန်အတွက် ယခင်ပို့စ်များဖြစ်သော Modern numerology နှင့် Numerology Basic ကိုပါ ဖတ်ရှုရန် လိုအပ်ပါသည်။

မော်ဒန် သင်္ချာဗေဒသည် ပို့စ်တခုတည်းအနေဖြင့် အပြီးအပြတ် ရေးသားနိုင်သော အခြေအနေ မရှိခြင်း၊ စာဖတ်သူများ လွယ်ကူစွာ လေ့လာမှတ်သားနိုင်ရန် ရည်ရွယ်ခြင်း တို့ကြောင့် ပို့စ်များကို အခန်းဆက်သဖွယ် ရေးသားပေးသွားပါမည် ။

မော်ဒန်သင်္ချာဗေဒ၏ လေ့လာရန် လွယ်ကူသော ပထမဦးစွာ မိတ်ဆက်ရေးသားပေးခြင်း ဖြစ်ပါသည်။ မော်ဒန်သင်္ချာဗေဒအကြောင်း ပြီးစီးပါက - ဆရာကြီး ကိုင်ရို အသုံးပြုခဲ့သောစနစ်ကို ဆက်လက်ရေးသားပါဦးမည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
27.12.2021



0
0
0.000
5 comments
avatar

အဲဒီလမ်းကြောင်းတွေဘယ်လိုယူတာလဲ နားမလည်ဘူးဗျ။
Life path ကတော့ မွေးနေ့ ရက် လ ကိုတစ်လုံးထဲဖြစ်အောင်ပေါင်းတာနေမယ်။

0
0
0.000
avatar

၃လုံးတွဲ ဂဏန်းရရင် လမ်းကြောင်းဆွဲလို့ ရတယ်လေ။ ပထမပုံက ပုံသေရှိနေတာပေါ့။ အဲဒီမှာ မွေးနေ့ဂဏန်းကို နေရာတူရာ တူရာမှာ ဖြည့်လိုက်ရင် - ဒုတိယ ပုံမှာ - 4+5+6 နဲ့ 1+5+9 ဆိုပြီး လမ်းကြောင်း ၂ ခု စွမ်းရည် ရတာမျိုးပါ။ လမ်းကြောင်းတခုချင်းစီ အဓိပ္ပါယ် ဆက်ရေးသွားပေးပါမယ်။ ခုလို စိတ်ဝင်တစား ကောမန့်ရေးရင် ကျနော်လည်း ရေးအားရှိလို့ ကျေးဇူးပါ။

0
0
0.000
avatar

အော်ဟုတ်
ပြန်ကြည့်လိုက်ပါမယ်

0
0
0.000
avatar

အခုလို ဖေါ်ပြပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဒီလို ပညာရပ်ကို မလိုက်စားပေမဲ့ စိတ်ဝင်စားတာတော့ အမှန်ပဲ။!PIZZA

0
0
0.000