Aries ( မိဿရာသီဖွား) ပင်ကိုယ်စရိုက်သဘာဝ

avatar
(Edited)

astrology_signs.jpg

မတ်လ (၂၁) ရက်မှ ဧပြီလ (၁၉) ရက်အတွင်း မွေးဖွားသူများသည် မိဿရာသီဖွားများဖြစ်သည်။ နက္ခတ်ရာသီ(၁၂)ပါးအနက် ပထမဦးဆုံးသော ရာသီခွင်ဖြစ်သည်။ ကောင်းကင်မှ ကြယ်များ၏ပုံသဏ္ဍာန်သည် တောင်ဆိတ်တစ်ကောင် ပုံပေါ်ထွန်းနေသောရာသီဖြစ်သည်။ ဤရာသီခွင်ကိုအင်္ဂါဂြိုလ်မှ စိုးမိုးထားသည်။ ဓါတ်သဘာဝအရ တေဇောဓါတ်(မီးဓါတ်)ကြီးစိုးသည်။

မိဿရာသီဖွားများ၏ ပင်ကိုယ်စရိုက်သဘာဝများ

မိဿရာသီဖွားအများစုတို့သည် ပင်ကိုယ်စိတ်ဓါတ်အားဖြင့် အလွန်သဘောထားကြီးတတ်ကြသည်။ လွတ်လပ်ပေါ့ပါးစွာနေတတ်သည်။ အမြဲတမ်းကြည်လင် အေးချမ်းစွာနေပြီး ပြုံးပျော်ရွင်မြူးစွာ ပြောဆိုနေတတ်ကြသည်။ ဖြတ်ထိုးဉာဏ်ကောင်းသည်။ ဟာသဉာဏ်ရွင်သည်။ အပေါ်ယံအားဖြင့် ဘာမှအလေးမထားသလို ပေါ့ပေါ့တန်တန်၊ ဘာသိဘာသာအသွင်သဏ္ဍာန်နေတတ်သည်။ အရေးကြုံသောအခါတွင် ရဲရင့်ထက်မြက်စွာလုပ်ကိုင်နိုင်စွမ်းရှိကြသည်။ အရေးကြံုသောအခါတွင် ခေါင်းဆောင်နေရာမျိုး တွင်ဝင်ရောက်ကာတာဝန်ယူလုပ်ကိုင်နိုင်စွမ်းကြသည်။ ကျန်အချိန်များတွင် ကြွားဝါခြင်းကင်းလျှက် မထင်မရှားသာနေတတ်သည်။ ငါသိ၊ ငါတတ်၊ ငါသာမြတ်ဟူသော စရိုက်မရှိ။ ကိုယ့်အရည်အချင်းကို ထုတ်ဖော်ခြင်းမရှိ။ ပညာလက်သည်းဝှက် နေတတ်ကြသည်။

သို့သော် မိဿရာသီဖွားများသည် အငြိုးအတေးကြီးသည်။ ရင်တွင်းမာနကြီးမားသည်။ ဒေါသထွက်လာလျှင် ကြောက်စရာကောင်းလှအောင် ခက်ထန်လာတတ်သည်။ အလွန်ခေါင်းမာစွာ အရွဲ့တိုက်လိုသည်။ လက်စားချေလိုသည်။ လူတစ်ယောက်အပေါ် ရန်သူဟု သတ်မှတ်လိုက်ပါက မူလကသိမ်မွေ့မှု၊ လိုက်လျောမှု၊ သဘောထားကြီးမှုတို့ ပျောက်ပြက်ကာ စိတ်ရောကိုယ်ပါ အငြိုးတကြီးချေမှုန်းလေတော့သည်။ မည်သည့်အခါတွင်မှ ခွင့်လွှတ်တော့ခြင်းမရှိကာ သေတပန်သက်တဆုံး လက်တုံ့ပြန်လေသည်။

မိဿဖွားတို့သည် အမြဲတမ်း လှုပ်ရှားရုန်းကန် ကြိုးစားနေတတ်ကြသည်။ တစ်ခါတစ်ရံ တွေဝေမိုက်မဲစွာ ပြုမူတတ်ကြပြန်သည်။ ကြောက်လွယ်သော ရဲလွယ်သော သဘောရှိသည်။ တစ်ခါတစ်ရံ ဘာမှ မဟုတ်တာလေးများကို တွန့်ဆုတ်နေတတ်ကြပြီး၊ တစ်ခါတစ်ရံ ရဲဝံ့ပြတ်သားစွာ ပြုမူနေတတ်ကြပြန်သည်။ အကြံအစည်ကြီးသည်။ အပြောကောင်းသည်။ အပေါင်းအသင်းဆန့်သည်။ အသွားအလာလျှင်မြန်ဖြတ်လတ်သည်။ အသီးအရွက်ကို ပိုနှစ်သက်သည်။

မိဿရာသီဖွားတို့သည် ဘဝကို အများအားဖြင့် ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းကြရသည်။ အခက်အခဲများစွာကိုလည်း ပခုံးဖြင့်ထမ်းကာ ဖြေရှင်းပေး ကြရတတ်သည်။ ကိုယ်တိုင်သော်လည်းကောင်း၊ မိသားစုဝင်တို့တွင် သော်လည်းကောင်း အခက်အခဲ၊ အကြပ်အတည်း၊ ဖိနှိပ်ချုပ်ချယ်မှုများကို တစ်ချိန်ချိန်တွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီးမှ အောင်မြင်သော ဘဝများကို ရောက်ကြသူများဖြစ်သည်။ ဘဝအစတွင် တိုက်ပွဲကဲ့သို့ ခက်ခဲကြပ်တည်းပြီးက နောက်ဆုံးမှာ အောင်မြင်တတ်သည်။

အထူးသဖြင့် မိဿဖွားတို့သည် စိတ်မြန်သည်။ ခေါင်းမာစွာ ငြင်းခုံလိုသည်။ ကိုယ်ကိုင်စွဲသောဝါဒကို တရာသေ ဆုပ်ကိုင်တတ်သည်။ အစစခေါင်းဆောင်လိုတတ်သည်။ ဘယ်တော့မှ မလိမ်တတ်။ ဗြောင်ပြောတတ်၊ ဗြောင်လုပ်တတ်သည်။ ပင်ကိုယ်စရိုက်အေးဆေးသလောက် မံချင်စိတ်ကြောင့် တဇွတ်ထိုးလုပ်ကာ ရုတ်တရက် ထိခိုက်နစ်နာတတ်သည်။

ထို့အပြင် မိဿရာသီဖွားတို့သည် မိခင်၊ အစ်မ၊ အဖွားကဲ့သို့သော ကိုယ့်ထက်အသက်ကြီးသော အမျိုးသမီးကြီးတို့၏ သြဇာလွှမ်းမိုးမှုအောက်တွင် ရှင်သန်ကြရတတ်သည်။ ဥပမာ-ဘဝသက်တာတစ်လျှောက်လုံး မိခင်စိတ်ချမ်းသာအောင်နေထိုင်ပေးတတ်သည်။ မမြင်အပ်သော နာမ်လောကပိုင်းမှ မယ်တော်ကြီး တစ်ပါးပါး၏ စောင့်ရှောက်ခြင်းကိုလည်း ခံရတတ်သည်။ မိဿရာသီဖွားတို့သည် ကိုယ်ကျင့်သိက္ခာကို ထိန်းသိမ်းပြီး ကောင်းမြတ်အောင် ပြုမူနေထိုင်ပေးပါက သူမတူအောင် အောင်မြင်ကြီးပွားတတ်ကြလေသည်။

မှတ်ချက်- ရာသီခွင်၏ အဝင်ရက်၊ အထွက်ရက်တွင် မွေးဖွားသူများသည် ရာသီခွင်၏ အာနိသင် အပြည့်အဝ မရှိချေ။ ဆက်စပ်နေသော ရာသီခွင်ကိုပါ ပူးတွဲကြည့်သင့်သည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
02.02.2022



0
0
0.000
3 comments
avatar

အခြားသော ရာသီခွင်များအားလည်း စောင့်မျှော်လျက်ပါ။!PIZZA

0
0
0.000