MongNai(8)

img_5989.jpg

ဆင်တောင်ဘုရားကလဲ မိုးနဲမြို့ရဲ့ landmark လို့ ပြောလို့ရပါတယ်။ စေတီတော် တည်ထားတဲ့ ကုန်းက အတော်လေးမြင့်ပြီး မြို့ကို အပေါ်စီးကနေ မြင်တွေ့နိုင်ပါတယ်။

ဆင်တောင်လို့ ခေါ်ရတဲ့ အကြောင်းကတော့ စေတီတော် အောက်ခြေမှာ ရှိတဲ့ ကျောက်ဆောင်မှာ ဆင်ရုပ်တွေရှိလို့ပါ။ ထူးခြားတာက အဲ့ဒီ ဆင်ရုပ်ထုတွေဟာ အောက်ခံ ကျောက်ဆောင်က အက်ကွဲကြောင်းတွေကနေ တဖြည်းဖြည်း ထိုးထွက်လာတယ်လို့ ဆိုပါတယ်။

ထွက်လာတယ်ဆိုတာက ချက်ချင်းအကောင်လိုက် ထွက်လာတာမျိုး မဟုတ်ပါဘူး။ သစ်ပင်တွေ ကြီးသလိုမျိုး မသိမသာ ရှေ့ကို ထွက်လာတာပါ။ ပထမ ဦးကင်း နောက် အစွယ် အဲ့နောက်မှာ နားရွက် ကနေ တစ်ကောင်လုံး အပြင်ရောက်လာတာလို့ ဆိုပါတယ်။

တစ်ကောင် အပြင်ကို ရောက်ပြီ ဆိုမှ နောက်တစ်ကောင် တဖြည်းဖြည်းချင်း ထပ်ထွက်လာတာပါ။ ကျွန်တော် ငယ်ငယ်က တဝက်တပျက် ထွက်နေတဲ့ ဆင်ရုပ်ထုကို မြင်ဖူးပါတယ်။ ထွက်တာက နှစ်ချီပြီး ကြာနိုင်တယ်လို့ သိရပါတယ်။ ကျောက်ရုပ်ထုတော့ မဟုတ်ဘူးဗျ။ အရင်ကတည်းက ထည့်ထားခဲ့ ပြီး မြေရဲ့ လှုပ်ရွေ့မှုကြောင့် အပြင်ကို ပြန်တိုးထွက်လာသလားတော့ ကျွန်တော်လဲ မသဲကွဲပါဘူး။

ယုံတမ်းစကားလို ဖြစ်နေပေမယ့် မြို့ကလူတွေကတော့ အဲ့တာကို ယုံကြည်ကြပါတယ်။

ဆင်တောင်နဲ့ ပတ်သက်လို့ ငယ်ငယ်က ဆရာမတစ်ယောက်ပြောပြဖူးတာက ဂျပန်ခေတ်မှာ ရတနာတွေ ဆင်တောင်တဝိုက်မှာ မြုပ်ခဲ့တယ် ဆိုပြီး နာမည်ကြီးတယ်တဲ့။ ရတနာလိုချင်ရင် ဆင်တောင် မြောက်ဖက်ကို ရှာပါလို့ တဘောင်လိုလို ဘာလိုလို ထွက်တော့ လူတွေက တူးဆွပြီး ရှာကြတယ်တဲ့။

ဒါပေမယ့် ဘာမှ မတွေ့ကြတော့ လက်လျော့လိုက်ကြတာပေါ့။ နောက်တော့မှ သိရတာက တဘောင်က မြောက်ဖက်ကို ညွန်းတာ မဟုတ်ဘဲ ဆင်တောင် ဘုရား အောက်ခြေမှာ ရှိတဲ့ ရုပ်လုံးကြွ မျောက်ရုပ်ကို ညွှန်းတာတဲ့။ အဲ့ဒီမျောက်ရုပ်ရဲ့ ပါးထဲမှာ ရတနာမြုပ်ခဲ့တာတဲ့။ တဘောင်ကို သဘောပေါက်သွားတဲ့ သူဖောက်ယူသွားခဲ့တယ်လို့ ပြောပါတယ်။

ဟုတ်မဟုတ်တော့ အတည်မပြုနိုင်ပေမယ့် ကျွန်တော်ငယ်စဉ်ကတည်းက အဲ့ဒီ မျောက်ရုပ်ပါးကို ဖောက်ထားတာ တွေ့ဖူးပါတယ်။ အဲ့ဒီလို ဌာပနာ ဖောက်ခံရတဲ့ စေတီတွေ ၊ တောထဲ ပျောက်နေတဲ့ စေတီပုထိုးတွေ မိုးနဲ မှာ အတော် များပါတယ်။

img_5990.jpg

နောက်တခုက ဆင်တောင်ဘုရား တောင်ခြေနားလောက်မှာ ရှိတဲ့ နဂါး ရုပ်ထုပါ။ ခေါင်းပိုင်းပဲ မြေကြီး အပေါ်မှာ ရှိနေပါတယ်။ ကိုယ်ထည်ကတော့ မြေကြီးထဲ ဘယ်လောက်ထိမြုပ်နေလဲ ဘယ်သူမှ မသိကြပါဘူး။

ဟိုးအရင် ပြုပြင် ထိန်းသိမ်းမှု မရှိတုန်းကဆိုရင် အမှတ်တမဲ့ဆို ငုတ်တိုင်လိုလို တိုင်လုံးလိုလို ဖြစ်နေတာပါ။ သေချာကြည့်ရင်တော့ နဂါးခေါင်းမှန်း သိနိုင်ပါတယ်။ အခုနောက်ပိုင်း သေချာ ပြန်ပြုပြင်ပေးထားပြီး ပတ်လည်ကို ရေကန်ငယ်လေးပါ ဆောက်ပေးထားပါတယ်။

ဆင်တောင်အောက်ဖက် အနီးနားမှာ ပြိုကျနေတဲ့ စေတီ တစ်ဆူရှိပါတယ်။ အောက်ခံ အုတ်ပုံပဲ ကျန်တော့ ဘာဘွဲ့ အမည်လဲ မသိတော့ပါဘူး။ အဲ့နားလေးမှာပဲ ညောင်ပင်က မြိုထားတဲ့ ဆင်းတုတော်နဲ့ အဆောင်လေး ရှိပါတယ်။

ဆင်တောင်နားမှာတော့ သွားကစားလေ့မရှိပါဘူး။ အဲ့ဒီနားကို အသွားများတာက လူပျိုအရွယ်တွေပါ။ ကျွန်တော်တို့ကတော့ အဲ့ဒီတုန်းက ငယ်သေးတော့ လုပ်အားပေး သန့်ရှင်းရေးလုပ်တဲ့ အချိန်တွေလောက်သာ ရောက်ဖြစ်တာ များပါတယ်။

နောက်တစ်ပိုင်းမှ မိုးနဲမြို့ရဲ့ ထင်ရှားတဲ့ ဒေဝီ ၁၂ ပါးဂူအကြောင်း ရေးပါမယ်။

photos source: Facebook, Mongnai Township
Sai Kaung Zaw Thant
14/2/22



0
0
0.000
3 comments
avatar

စိတ်ဝင်စားစရာ ကောင်းတယ်ဗျို့... အမှန်တော့ မြို့ ရပ်ရွာ အကြောင်း အဲသလို သိရတော့... ခရီးသွားရသလိုပါပဲ... ဗဟုသုတ တိုးပါတယ်...!PIZZA

0
0
0.000
avatar

ဟုတ်ကဲ့ ကိုဟင် ကျေးဇူးပါဗျ။

0
0
0.000