MongNai(4)

img_5917.jpg

မိုးနဲရောက်ရင် သွားလည်လို့ရတဲ့ နေရာတွေထဲက မိုးနဲဈေးကတော့ ရောက်အောင် သွားလည်ကြည့်သင့်ပါတယ်။ ရှမ်းပြည် ထုံးစံအတိုင်း ငါးရက်တစ်ဈေးပါ။ အရင် စော်ဘွားတွေ နေခဲ့တဲ့ မြို့တိုင်းလိုလို ဒီစနစ်ကို ကျင့်သုံးကြပါတယ်။ ငါးရက်နေမှ ဈေးတစ်ကြိမ် ရှိတာပါ။

ကျန်တဲ့ရက်တွေကျတော့ တချို့တလေလောက်လာရောင်းတတ်ကြတာတွေ ရှိပေမယ့် ပစ္စည်းအစုံမရနိုင်ပါဘူး။ စုံစုံလင်လင် လတ်လတ်ဆတ်ဆတ် လိုချင်ရင်တော့ ဈေးနေ့မှာ လာဝယ်မှပဲ ရနိုင်မှာပါ။

အနီးနားက ရွာတွေနဲ့ မြို့ငယ်တွေက ဈေးရောင်းဈေးဝယ်တွေ အကုန်လာကြပါတယ်။ အဲ့ဒီလို စနစ်သတ်မှတ်ခဲ့တာကလဲ ပိုပြီး ရောင်းဝယ်ဖောက်ကားမှုကောင်းအောင်နဲ့ ကုန်စည်စီးဆင်းအောင် လုပ်ခဲ့တာလို့ သိရပါတယ်။ စော်ဘွားတွေ တိုင်ပင်ပြီး ဒီမြို့မှာ ဒီနေ့ဈေးနေ့ဆို နောက်တစ်နေ့ကျ အနီးနားက တခြားမြို့မှာ ဈေးနေ့ပေါ့။ နည်းနည်းလှမ်းတဲ့ မြို့တွေကျ ဈေးနေ့ချင်း တူနေတာလဲရှိတတ်ပါတယ်။

ရောင်းတဲ့သူတွေကတော့ ဈေးပတ်ရောင်းတာပေါ့။ တချို့ကျတော့လဲ ဈေးနေ့ကျမှပဲ ဈေးထွက်တာ ရှိတယ်။ တခြားမြို့ မသွားချင်လို့ပေါ့လေ။

အများအားဖြင့်တော့ ကုန်သည်နဲ့ ငွေ နည်းနည်းပါးပါးရှိတဲ့သူတွေသာ ဈေးပတ်သွားကြတာဗျ။ ယာထဲက ရတာ လာရောင်းတဲ့သူတို့ တောင်ပေါ်ရွာကနေ ဆင်းလာတဲ့သူတို့ကျတော့ ငါးရက်တစ်ကြိမ်မှ ဈေးကို လာတာများပါတယ်။ ခေါက်ဆွဲရောင်းတဲ့သူဆိုလဲ ဈေးနေ့ ဈေးထဲမှာရောင်း ကျန်တဲ့နေ့တွေကျတော့ ကိုယ့်အိမ်မှာပဲ အိမ်ဆိုင်သဘောမျိုးဖွင့်ကြတာပဲ။ ဈေးနေ့ကတော့ အနီးအနားရွာကလူတွေပါလာတော့ ပိုရောင်းရတာပေါ့လေ။

တိုင်းရင်းသားမျိုးစုံကို ဈေးထဲမှာတွေ့နိုင်တယ်ဗျ။ အဲ့တာကြောင့် ဈေးနေ့လည်သင့်တာက ပစ္စည်းဝယ်ဖို့တင် မဟုတ်ဘဲ ရွာကနေလာတဲ့ ရှမ်းတွေ၊ ယင်းနက်လူမျိုးတွေ၊ လားဟူတွေ၊ တိုင်းလွယ် (တောင်ပေါ်နေရှမ်း) တွေ၊ ရှမ်းတရုတ်တွေ ၊ဗမာ ၊ကုလား အကုန်ဈေးနေ့မှာ တွေ့နိုင်တယ်။ အနီးအနားရွာတွေကလာကြတာဆိုတော့ နွားလှည်းတွေ ထော်လာဂျီတွေနဲ့ပေါ့။

ကျွန်တော် ငယ်ငယ်က သူတို့တွေ နွားလှည်းနဲ့ လာတာများတယ်ဗျ။ အမေနဲ့ ဈေးလိုက်သွားရင် နွားလှည်းတွေ ရပ်ထားတာ အများကြီးပဲ။ နောက်တော့ ထော်လာဂျီသုံးလာကြတယ်။ သူတို့အတွက်တော့ ဈေးသွားဈေးပြန် လိုင်းကားလိုမျိုးနေမှာပေါ့။

ဈေးကတော့ မြို့ငယ်တဲ့အတွက် ခပ်သေးသေးပါပဲ။ တောင်ကြီးဈေးလိုလဲ မစုံလင်လှပါဘူး။ သူက ပိုသာတာက ဈေးနေ့ ရွာက တိုင်းရင်းသားတွေ ယူလာရောင်းတဲ့ ပစ္စည်းတွေပါပဲ။ တချို့က တောထဲက ရလာတဲ့ ပန်းတွေ သစ်ဥသစ်ဖုတွေ၊ တချို့ကျတော့ သူတို့ လက်မှု ပစ္စည်းလေးတွေ၊ ယာခင်းထဲက အသီးအနှံတွေ ဘာတွေပေါ့။ တစ်ဈေးနဲ့ တစ်ဈေး ရတဲ့ ပစ္စည်းက မတူတတ်ဘူး။ အရင် အပတ်က အဲ့ပစ္စည်း ခု တစ်ပတ် ရချင်မှရတတ်တာမျိုး။

ထူးခြားတာ တခါတလေ တောကောင်သားရတတ်တာပါ။ ဆတ်သား ဂျီသား စသဖြင့်ပေါ့။ ပုံမှန်တော့ မရှိဘူး။ ငယ်ငယ်က ကျားသား တစ်ခါရလာလို့ အမေဝယ်လာကျွေးဖူးတယ်။ နောက်တစ်မျိုးက ဖွတ်ဥ ရတတ်တယ်။ ဆောင်းတွင်းလောက်ဆို မကြာမကြာ ဖွတ်ဥတွေ တောထဲက ရရလာတတ်ကြတယ်။

ဖွတ်ဥက အတော် ဆိမ့်တယ်ပြောရမှာပဲ။ ဖွတ်ဥလိပ်သည်းကျွဲနို့ခဲလို့တောင် အဆိုရှိတယ်မလား။ မီးသွေးနဲ့ အပူပေးထားပြီး စားရင် မီးခိုးနံ့လေးနဲ့ အတော်စားကောင်းပါတယ်။ ကျွန်တော်ကလွဲလို့ တစ်အိမ်လုံးတော်တော် ကြိုက်ကြတယ်။ ကျွန်တော်ကတော့ နဲနဲပါးပါးလောက်ပဲ စားဖြစ်တာ များပါတယ်။

အခု တောင်ကြီးရောက်နေတာတောင် တခါတလေ မိုးနဲဈေးမှာ ကြုံလို့ ဖွတ်ဥရလာရင် အမေတို့ကတောင်ကြီးကို ပို့လာပေးတတ်ပါတယ်။ အမြဲတမ်းတော့ မရတတ်ပါဘူး။ဆက်ရေးဖို့ ရှိပါသေးတယ်ဗျ။

ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

photos source: Facebook, Mongnai Township
Sai Kaung Zaw Thant
3/2/22



0
0
0.000
12 comments
avatar

စာဖတ်ပြီး သွားကြည့်ချင်လိုက်တာ။ ကိုယ်ဆိုဓာတ်ပုံတွေအများကြီးရိုက်မိမှာပဲ။ ကျားသားရဲ့အရသာကရော ဘယ်လိုရှိလဲ။ အထူးအဆန်းပဲ။

0
0
0.000
avatar

ကျားသားက အမဲသားနဲ့ဆင်တယ်ဗျ။ ဒါပေမယ့် အသားက မာတယ် ပြီးတော့ နည်းနည်း ညှီတယ်ဗျ။

0
0
0.000
avatar

ဖွတ်ဥတော့ စမ်းကြည့်ချင်သား
!PIZZA

0
0
0.000
avatar

နောက်ခါ ကြုံရင် ခွဲတမ်းပေးမယ်။

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
donjaun tipped saikaungzawthant (x1)
@kachinhenry(6/15) tipped @saikaungzawthant (x2)
princekham tipped saikaungzawthant (x1)

You can now send $PIZZA tips in Discord via tip.cc!

0
0
0.000
avatar

အဲသလို တိုင်းရင်းသားတွေရဲ့ ၅ ရက်တဈေးကို ရောက်ဖူးချင်လိုက်တာ။ တောင်ပေါ်ဒေသထွက် အထူးအဆန်းလေးတွေ ကြည့်ချင်လို့ !PIZZA

0
0
0.000
avatar

ဟုတ် တခါလောက် လာခဲ့ပါလားဗျ။

0
0
0.000
avatar

ဟုတ် လာခဲ့မယ်... ခုတော့ မဟုတ်သေးဘူး.. အေးအေးဆေးဆေး ဖြစ်သွားရင်ပေါ့... ခုတော့ လမ်းထိပ်ထွက်ဖို့တောင် အတော်လေး စဉ်းစား နေရတာရယ်..,😁😁😁 !PIZZA

0
0
0.000
avatar

ဟုတ်တော့ဟုတ်တယ် ကျွန်တော်တို့လဲ အနီးနားက အင်းလေးတို့ အောင်ပန်းတို့တောင် မသွားနိုင်ဘူး ဖြစ်နေတယ်။ 😅

0
0
0.000
avatar

စိတ်ဝင်စားစရာ ပါပဲ။ ရှမ်းပြည်အရှေ့ဘက် မြို့လေးတွေ သွားလည်ချင်သေးတာ။
!PIZZA

0
0
0.000
avatar

ဟုတ်ပါ့။ မိုင်းကိုင်တို့ ကျိုင်းတုံတို့ သွားလည်ကြမယ်လေ။ ကျွန်တော်လဲ ရောက်ချင်နေတာ။

0
0
0.000
avatar

ကောင်းတယ် သွားကြတာပေါ့
!LUV

0
0
0.000