လွမ်းမောဖွယ် ရန်ကုန်ညများ (2)

avatar
(Edited)

img_6102.jpg

သင်တန်းလာတက်သူတွေထဲမှာ အစိုးရဝန်ထမ်းတွေပါပါတယ်။ ကျွန်တော်တို့ရောက်တုန်း ကြုံခဲ့ရတဲ့ အသုတ်က ဆေးရုံ ဓာတ်ခွဲမှုး သင်တန်းလာတက်သူတွေပါ။

သူတို့ သင်တန်းနဲ့ ဓမ္မာရုံက သိပ်မဝေးပါ။ ကား တစ်မှတ်တိုင်လား နှစ်မှတ်တိုင်လားပဲ ဝေးပါတယ်။ အဲ့တာကြောင့်လဲ သူတို့က ဒီမှာ လာတည်းတာပါ။

ကျွန်တော်သာ သူငယ်ချင်း သံယောဇဉ်နဲ့ ကားနှစ်ဆင့်စီးပြီး တစ်နာရီသာသာလောက် သင်တန်းနဲ့ ဝေးတဲ့ နေရာမှာ လာနေတာပါ။ ကျွန်တော်တို့ သုံးလေးယောက်က ရင်းနှီးပြီးသားပေမယ့် ဓာတ်ခွဲမှုး သင်တန်းလာတက်ကြသူတွေနဲ့ နောက်မှ တဖြည်းဖြည်း ရင်းနှီးလာတာပါ။

အများစုက ကျွန်တော်တို့ထက် သုံးလေး ငါးနှစ် ကြီးတဲ့သူတွေချည်းပါပဲ။ ငယ်တဲ့သူဆိုလို့ နှစ်ယောက်လား တွေ့မိပါတယ်။ ချက်စားဖို့ ခွင့်ပြုပေမယ့် မီးသွေးနဲ့ ကိုယ့်ဘာသာကိုယ် ချက်စားရတော့ အပျင်းထူတဲ့ ကျွန်တော်တို့ အများစုက ဝယ်စားကြပါတယ်။

ဘုရားအနီးနား တဝှိက်ဆိုတော့လဲ စားစရာ ထမင်းဆိုင်တွေက ပေါပါတယ်။ ဈေးနှုန်းက လူတိုင်းစားနိုင်အောင် သင့်တင့်ပါတယ်။ လက်ဖက်ရည်ဆိုင် ဘာညာကလဲ ပေါပါတယ်။

ဆိုတော့ နေ့တိုင်း မြင်နေရာက ရင်းနှီးလာကြတော့ ထမင်းဆိုင်တွေ လက်ဖက်ရည်ဆိုင်တွေ အတူသွားကြပါတယ်။ ကိုယ်က တခြားကိစ္စကြောင့် နောက်ကျနေရင် အခန်းထဲက ထမင်းသွားမစားရသေးတဲ့သူတွေ အဖော် လိုက်စပ်ပါတော့တယ်။

နောက်ပိုင်း ပိုရင်းနှီးလာတော့ စားပြီးသားတွေ ဖြစ်ကုန်ရင်လဲ ကိုယ်အိပ်တဲ့နေရာက အနီးဆုံးတစ်ယောက်ကို မရမက လိုက်ကူခိုင်းပါတယ်။ လက်ဖက်ရည်တိုက်ပါမယ် ဘာမယ်ပေါ့။

တခါတလေမိုးရွာနေတာမို့ မလိုက်ကူချင်ရင် အတင်းနှိပ်စက်ပီး ခေါ်ရပါတော့တယ်။ ကိုယ့်အလှည့်ကျ ပြန်လိုက်ကူပါမယ်ပေါ့။

တရပ်တကျေးကလာပြီး မသိကြသူတွေပေမယ့် နေတာကြာတော့လဲ သံယောဇဉ်ဖြစ်ကြပါတယ်။ တခါတလေ အတင်း ဂုတ်ကဆွဲပြီး လက်ဘက်ရည် လိုက်တိုက်ခိုင်းတာလဲ ရှိပါတယ်။

သူတို့ကလဲ လခစားပေမယ့် သိပ်ပိုပိုလျှံလျှံရှိလှတာမဟုတ်။ ကျွန်တော်တို့ကလဲ အိမ်ကနေ တစ်လတခါ ပိုက်ဆံ တောင်းသုံးနေကြသူတွေဆိုတော့ ဒကာခံမယ့်သူ တွေ့ရင်ကို ပျော်လှပြီ။

တစ်ခါတလေ သုံးလေးယောက်ပေါင်းပြီး တစ်ယောက်ကို ဝိုင်းပြီး အတင်း လက်ဘက်ရည်တိုက်ခိုင်းပါတော့တယ်။ မျက်စောင်းထိုးပြီး ပွစိပွစိ လုပ်နေပေမယ့် လိုက်တိုက်ရတာပါပဲ။ အဲ့တာကလဲ ပျော်စရာတစ်မျိုးပါပဲ။

တခါတလေတော့လဲ သုံးလေးယောက်ပေါင်းပြီး စားသောက်ဆိုင်မှာ စုစားကြပါတယ်။ နေ့တိုင်း ထမင်းဆိုင်မှာ ဆီပြန်ချည်းပဲကျ မစားချင်တော့ဘူးလေ။

ဆက်ရန်>>>>>

Image credit : pinterest
Sai Kaung Zaw Thant

22/3/22



0
0
0.000
0 comments