လပြည့်ည၏ လ အလင်းရောင်။
မနေ့က တန်ဆောင်မုန်းလပြည့်ကျော်တစ်ရက်ဖြစ်သည်။
ကောင်းကင်၌ တိမ်အနည်းငယ်သာရှိသည်။
ကြယ်တာရာများနှင့် လပြည့်ကျော် တစ်ရက်လဟာ
ခမ်းနားစွာ တောက်ပ လင်းလက်လို့နေသည်။
လပြည့်နေ့က မလင်းခဲ့ရသမျှ ပြည့်ကျော်တစ်ရက်မှာ
အစွမ်းကုန် သူ့ရဲ့ အလင်းများကို ထုတ်လွင့်နေလေသည်။
အော် သာယာပေစွ။ ကောင်းကင်ကို မော့ကြည်၍
လ၏ အလင်းရောင်ကို အပြည့်အဝ
ခံစားလိုက်သည်။

အရှေ့ကောင်းကင်ယံမှ ထိန်ထိန်သာနေသော
လကိုကြည့်ကာ ကိုယ်တွေက လပြည့်ညကို
ခံစား၍ ရနေသေးသည်။ အချို့နေရာ ဒေသများ
မှာတော့ အန္တရာယ်များ ကျရောက်လာလေမလား
ဟု စိုးရိမ်းသောက ဗျာပါဒဖြစ်နေရှာပေမည်။
သို့ပေသိ မှောင်မိုက်သော အရပ်ဒေသ၊ နေရာများ
အတွက် လ၏ လပြည့်ညအလင်းရောင်းကို
အတူတကွ ကောင်းစွာ ခံစားကြရပေမည်။
ငြိမ်းချမ်းအေးမြ သာယာမှုရသကို ပေးသော
လပြည့်ည၏ ခံစားမှုကို လူတိုက်ကိုယ်စီကိုယ်ငှ
ရချင်မှ ရပေလိမ့်မည်။ အချို့က အသက်အန္တရာယ်
အတွက် ပြေလွှားနေရသည်။ အချို့က လောကဓံ၏
ရိုက်ချက်များကြောင့် သဘာဝ၏ အလှကို
မကြည့်နိုင်အား။ အချို့ကတော့ လောဘ၏
စေစားမှုကို လိုက်နာရင်း သဘာဝ၏ အလှတရားကို
မျက်ကွယ်ပြုနေသည်။ ထိုထို ဤဤ အကြောင်း
တရားများမှ ကိုယ်တွေ ဝေးကွာသည့်ခဏ။
လမင်း၏ အလှကို ခဏခံစားမိပါသည်။

သဘာဝတရားကြီးကဖြင့် သူ့တာဝန် ဝတ္တရားရှိသည့်
အတိုင်း သွားလာနေပေသည်။ ကိုယ်တွေကသာ
လောဘ၊ ဒေါသနှင့် မောဟများကြား သဘာဝကို
မခံစားနိုင်အောင် မေ့လျော့နေမိသည်။ ယခုလို
သဘာဝ၏ ထူးခြားမှုရှိသည့်အချိန် ခဏလေးမှသာ
သူ့ရဲ့ အလှကို ယစ်မူးမိသည်။ တန်ဆောင်မုန်း
လပြည့်နေ့ နေ့ခင်းပိုင်းမှာ နေအိမ်ကောင်းကင်
ပေါ်သို့ ဖုန်းဖြင့်ရိုက်ထားသည်။ လပြည့်ကျော်
တစ်ရက်နေ့ည အိမ်ပေါ်ရှိ လမင်း၏ အလှကို
ဖုန်းဖြင့် ထပ်မံရိုက်သည့်အခါမှာ နေ့၊ ည၏ ဖုန်းရိုက်ချက်
များက ကွာခြားလွန်လှသည်။

အပြင်မှာ မျက်စိဖြင့် မြင်ရသည့် လမင်း၏ ညအလှက
ဖုန်းစခရင်းမှာ လှပမှု၊ ကြည်လင်မှုမရှိပေ။ ဒါကတော့
ကိုယ်ရဲ့ဖုန်း၏ ကွာလတိနည်းပါးမှုကြောင့်ဖြစ်သည်။
နေ့ခင်းမှာ ဖုန်းဖြင့် ရိုက်ချက်က အပြင်နှင့် ဖုန်းစခရင်း
ကွားခြားမှု နည်းသည်။ မိုးကောင်းကင်ပြာပြာမှာ
တိမ်ဖြူလွှလွှ အနည်းငယ်နှင့် ခင်လေးဆတ်ဆတ်တုန်
အညွန့်လေးများက ကောင်းကင်သို့ တိုးထွက်နေသည်
ကို မြင်ရတာ ကြည်လင်လှပေတော့သည်။
@htwegyi
November 6, 2025