ခရုအိမ်။

avatar
(Edited)

ကျွန်တော့်အိမ် ခြံဝင်းအတွင်းမှာ ယခုတလော
ခရုများကို တွေ့ရသည်။ ယခင်က အုတ်ရေကန်ဘေး
အတွင်း၌သာ တွေ့ရသည်။ ယခုအခါမှာ ခြံဝင်း
အတွင်း နေရာအနှံ့ တွေ့လာရသည်။ ညအခါမှာဆို
သူတို့က လူသွားလမ်းပေါ်ထိ တက်လာသည်။
မြေကြီးပေါ်မှာ အစာရှာနေသည်မှ ခရုတို့က
နယ်မြေချဲ့လာသည်။ သူတို့နယ်ချဲ့လာသည်က
အကြောင်းမဟုတ်ပေသိ။ ကိုယ်တွေက လမ်းလျှောက်
သည့်အခါ ညနေခင်းမှောင်သည့်အချိန် သူတို့ကို
မမြင်မိ၍ တက်နင်းမိသည့်အခါ ရှိသည်။

ခြံအတွင်း၌ လူသွားသည့်နေရာ လမ်းကလေး
ကို အုတ်ခဲများဖြင့် ခင်းထားသည်။ အုတ်ခဲ မရှိသော
မြေကြီးနေရာများက များစွာရှိသည်။ ထိုနေရာများမှာ
ခရုများအတွက် စားကျက်မြေပေါများသည်။
သို့ပေသိ ခရုတို့သည်လည်း သတ္တဝါများဖြစ်၍
လောဘ အစာအတွက် နယ်ချဲ့လာခြင်းဖြစ်ပေမည်။
ကျွန်တော့်အမေက ထမင်းစားသည့်အခါ
အစားအစာ အချို့ကို မြေပြင်သို့ ပစ်ချတတ်သည်။

"အမေ အစာတွေကို ဘာလို့ ပစ်တာလဲ၊
အမေပစ်လိုက်တဲ့ အစာတွေကို ကြွက်တွေက
လာစားမယ်။ ကြွက်တွေလာရင် မြွေတွေက
နောက်က လိုက်လာမယ်" ဟု
အမေ့ကိုပြောရသည်။ ပြောလည်း ပြောပြောပင်။
အမေသည်က သတ္တဝါတွေ စားရအောင်ဟု
ပြောတတ်ပြန်သည်။ အမေကို မြွေ ဟု ခြိမ်းခြောက်
ရသည်။ မြွေ ဖြင့်
အမေ့ကို ခြောက်ရခြင်းမှာ
အကြောင်းရှိသည်။

ကျွန်တော်တို့ ယခုနေသည့် ခြံဝင်းသို့ ရောက်စက
ခြံကို အတော်ရှင်းရသည်။ မြက်ခြုံများပေါက်နေ၍
ဖြစ်သည်။ ထိုအပြင် ခြံက မြေအနိမ့်ဖြစ်၍
ရပ်ကွက်အတွင်းရှိ ရေများက ကျွန်တော်တို့ခြံ
အတွင်းသို့ ရေကန်သဘောဖြစ်ကာ စီးဝင်သည်။
ခြံရှင်းပြီး မကြာခင် အမေသည် ခုံဖြင့်ထိုင်နေစဉ်
အမေ့အနီးသို့ လင်းမြွေကြီးတကောင်းဖြတ်သန်း
သွားဖူးသည်။ အမေသည်က ထ၍မပြေးနိုင်ပေ။
မြွေကို ဒီအတိုင်းကြည့်နေရပေသည်။ မြွေက
အမေ့ကို အန္တရာယ်မပြု၍ တော်ပေသေးသည်။

ယခုအခါမှာတော့ ခြံဝင်းက ရှင်းလင်းသည့်အပြင်
လူသံ၊ ကားသံ၊ ဆိုင်ကယ်သံများကြောင့် မြွေတို့လည်း
နေရာ ပြောင်းရှာကြပေမည်။ တခါတရံမှသာ
ထန်းမြွေနှင့် မြွေစိမ်းအချို့ကိုသာ တွေ့ရသည်။
မိုးရာသီ ရေများသည့်အခါမှာလည်း ရေမြွေများကို
မြင်ရသည်။ ကျွန်တော်တို့ခြံသည်က တိရစ္ဆာန်
ဥယျာဉ်သဖွယ်ဖြစ်နေသည်။ ကင်းလိပ်ချောများ
လည်းများစွာရှိသည်။ ကင်းလိပ်ချောများကမူ
အကြီး‌အသေး ဆိုဒ်စုံမြင်ရသည်။ ပုတ်သင်များ
ကိုလည်း အရောင်စုံမြင်တွေ့ရသည်။

စာကလေး၊ ဂျိုးငှက်၊ ကုလားငှက်ဟုခေါ်ရမည့်
အမဲရောင်ငှက်များ၊ ငှက်သေးသေးလေးနှင့်အသံ
ကျယ်သော အစိမ်းရောင်သန်းသည့်ငှက်၊
ဥဩဟု အသံပြုကာ လွမ်းဖွယ်တေးဆိုသော
ငှက်၊ ကျီးကန်းနှင့် ခိုအုပ်စုများလည်း ရှိပေသည်။
သရက်သီးချိန်မှာ တဖြုတ်ဖြုတ်ကိုက်ချသော
ရှဉ့်ငပေါများကလည်း အမြင်ကပ်စရာ။
ယခင်က ရှဉ့်ငပေါတို့ များစွာရှိပေသည်။
ယခုတော့ ရှဉ့်ပေါက်တို့ကို ကျီးကန်းများက
စားလေသလားမသိပေ။ ရှဉ့်အနည်းငယ်သာ
တွေ့ရတော့သည်။

တိရစ္ဆာန်ဥယျာဉ်အိမ်ခြံအတွင်းမှာ ယခုအခါ
ခရုများက လှိုင်လှိုင်ပေါများလှသည်။ လှိုင်လှိုင်
ပေါဆို ခရု အထီးအမများ၏ စုံတွဲများကိုလည်း
မကြာခဏ မြင်တွေ့ရသည်။ သို့ပါသောကြောင့်
အဆိုပါ ခရုတို့သည်က ခြံအတွင်း ပေါများချင်တိုင်း
ပေါကာ စည်ပင်ချင်တိုင်း စည်ပင်နေလေသည်။
ယခုဆိုပါမူ မောင်ခရုတို့က မြေပထဝီမှာပင် မနေတော့ပဲ
ခြံဝင်းထရံအပေါ်သို့ပင် တက်ရောက်ကာ
နေသည်ကို မြင်တွေ့နေရပေတော့သည်။

@htwegyi
May 27, 2025



0
0
0.000
0 comments