အမှတ်တရ ရထား။

avatar
(Edited)

တနေ့က Facebook မှာ ဓာတ်ပုံအချို့တွေ့လိုက်ရသည်။
ထိုဓာတ်ပုံများက ကိုယ်တွေ ငယ်စဉ်ဘဝ၏
အမှတ်တရ ပုံရိပ်အချို့ဖြစ်သည်။ အမှတ်တရမှ
လွမ်းဆွတ်သတိတရ အောင်းမေ့စရာ၊ အောင်းမေ့ဖွယ်ရာများဖြစ်သည်။

ထိုဓာတ်ပုံများက မန္တလေးမှ မတ္တရာသို့ ဆက်သွယ်
ဖောက်လုပ်ထားသည့် ရထားလမ်း၏ ဓာတ်ပုံများ
ဖြစ်သည်။ တိကျစွာရေးပြပါမူ မန္တလေးဘူတာနှင့်
သူရဲဈေးဘူတာကို ဆက်သွယ်ထားသည့် ရထား
လမ်းဖြစ်သည်။

မန္တလေးဘူတာကြီး မှ မနက်ခင်းခုနှစ်နာရီကျော်အချိန်ခန့်တွင်
မတ္တရာရထားကြီး ထွက်ခွါလာ
တတ်သည်။ ထို မတ္တရာရထားကြီး၏ ဥဩသံနှင့်
အတူ ကျွန်တော်သည် အိပ်ရာနိုးထတတ်ပါသည်။
မတ္တရာရထားကြီးသည် ကိုယ်တွေငယ်ဘဝ၏
အမှတ်တရများတွင် အမှတ်တရရှိစေခဲ့သည်။


Credit Image.

အမှတ်တရရှိစေခဲ့သည်မှာ နှစ်စဥ် ဝါခေါင်လတွင်ကျင်းပသော တောင်ပြုံးပွဲတော်ကြောင့်ဖြစ်သည်။
ထိုခေတ်အခါက တောင်ပြုံးပွဲတော်ကို
မတ္တရာရထားကြီး စီး၍ သွားရောက်ကြသည်။
တောင်ပြုံးပွဲတော်ရောက်တိုင်း မြန်မာ့မီးရထားမှ
မန္တလေးမှ တောင်ပြုံးဘူတာသို့ တနာရီတခါ
ရထားပြေးဆွဲပေးသည်။

မန္တလေးဘူတာကြီးမှ ရထားစထွက်သည့်အခါ
များသောအားဖြင့် ရထားများသည် ဘူတာကြီး၏
တောင်ဖက် မဟာမြတ်မုနိဘုရားကြီးရှိရာ
ရှမ်းစုနှင့် မြို့ဟောင်းဘူတာများသို့သာ ခုတ်မောင်းကြသည်။
မတ္တရာရထား တစီးသာ ဘူတာကြီး၏
မြောက်ဖက် ကျွန်တော်တို့အိမ်ရှိရာသို့ ဖြတ်သန်း
ခုတ်မောင်းသည်။

ရထားကြီးသည် ကျွန်တော့်တို့အိမ်နောက်ဖေးမှ
ခုတ်မောင်းပြီး ကျုံးပေါ်တည်ဆောက်ထားသော
ရထားလမ်းတံတားကြီးကို ဖြတ်‌သန်းရသည်။
တံတားကို ဖြတ်သန်းပြီသကာလ နန်းတွင်ဂိတ်
ပေါက်ကြီးထဲသို့ ဝင်ရောက်သည်။


Credit Image.

ထိုဂိတ်ပေါက်ကြီးက အန္တရာယ်ရှိပါသည်။
အဘယ်ကြောင့်ဆိုသော် တောင်ပြုံးပွဲတော်တွင်
ရထားစီးသူများက ရထားတွဲခေါင်မိုးပေါ်သို့
တက်ရောက်စီးကြသည်။ ထိုင်စီးသူများပင်
ထို‌ဂိတ်ပေါက်ရောက်ပါက ခေါင်းအနည်းငယ်ငုံ့
ကြရသည်။ တွဲခေါင်မိုးပေါ် ငုတ်တုတ်ထိုင်စီးပါက ပြဿနာမရှိသော်လည်း မတ်တပ်ရပ်စီးပါမူ အန္တရာယ်ရှိသည်။

တွဲပေါ် မတ်တပ်ရပ်စီး၍ နန်းတွင်ဂိတ်ပေါက်
နှင့် တိုက်မိပြီး တောင်ပြုံးပွဲတော် အတွင်း လူအသေအပျောက်
ဖြစ်တတ်သည်။ ရထားပေါ်မှပြုတ်ကျခြင်းများလည်းရှိသည်။
ရထားပေါ် ဈေးရောင်းသူများက
ရထားတွဲ တတွဲနှင့် တတွဲကူးဖြတ်ရာတွင် ကျွမ်းကျင်
ကြသည်။ ထိုသူများပင် တခါတရံ အန္တရာယ်ဖြစ်
သည်။


Credit Image.

နန်းတွင်ကို ဖြတ်ကျော်ပြီးပါက သူရဲဈေးဘူတာ
သို့ရောက်ရှိသည်။ ငယ်စဉ်က သူရဲဈေးလို့
ဘာကြောင့်ခေါ်သည်မသိပေ။ သူရဲတွေ ဈေး
ရောင်းလို့လားဟု ကလေးအတွေး တွေးမိသည်။
မြောက်ပြင်သူရဲတပ်အနီး တည်ရှိသဖြင့်
သူရဲဈေးဟု ခေါ်ဆိုကြခြင်း ဖြစ်‌ကြောင်းသိ
ရသည်။

ယခုအချိန်မှာ ကျုံးပေါ်မှ ရထားသံလမ်းတံတားကြီး
မရှိတော့ပါ။ နန်းတွင်အဝင် ဂိတ်ပေါက်ကြီးလည်း
အင်ဂတေဖြင့် ပြန်ပိတ်ထားပြီးဖြစ်သည်။
ငယ်စဉ်က နန်းတွင်သို့ ရထားစီးပြီးဖြတ်သန်းသည့်
အခါ ရထားတွဲပြတင်းပေါက်က နန်းမြို့ရိုး
နံရံကြီးဖက်သို့ ကျရောက်ပါမူ မောင်နှမတတွေ ဝေးးး ဟုသံပြိုင် အော်ခဲ့ဖူးသည်။ ငယ်စဉ်ဘဝ
အမှတ်တရများပါလေ။

@htwegyi
January 4, 2023



0
0
0.000
13 comments
avatar

ရ ရထားကြီး ပျော်ပျော်စီးကြရအောင်။
!pizza

0
0
0.000
avatar

ကြာသလားလို့။

0
0
0.000