အကိုင်းကြီးကြီးမှာ နားသော ဓမ္မ

အဲ့သည့် ငါ ဆိုတဲ့ မာန် မာန တွေကြောင့်
နောက်ဆုံးမှာ နောင်တနဲ့ နှစ်ပါးသွားကြရသည်။
နှစ်ပါးသွား ဆိုတာကလည်း ဇာတ်ပွဲရဲ့ အလယ်လောက်မှာ
ကပြကြတာကလား။ ဇာတ်ပွဲ နှစ်ပါးသားမှာ
မင်းသား မင်းသမီးတွေ ကခုန် မြုူးထူး ပြကြသည်။
ပြီးနောက် နောက်ပိုင်း အပူခန်း၊ ငိုခန်း နောက်ပိုင်းဇာတ်ဆိုပြီး
ပြသပြီးမှ ပွဲသိမ်းကြတာကလား။
ဒီလိုပါပဲ လူဘဝ ဇာတ်ခုံကြီးမှာ ရီမော ပျော်ရွှင်မှု
ပြီးဆုံးပါရင် ငိုချင်းတွေ ရောက်လာတတ်တာကလား။

တခါတလေ ရီမောလို့မှ အားမရသေးခင် ငိုချင်း
တွေက အခန်းကျော်ပြီးလည်း လာတတ်သည်။
ဘယ်အရာမှ မတည်မြဲသော လောကမှာ
ငါ့ဟာ၊ ငါ့ ဥစ္စာ ဆိုပြီး ငါဆွဲနေလို့မရပေဘူး။
တနေ့က ပြီးသွားတဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲမှာ
ကြည့်အုံး။ ဖလားကို အာဂျင်တီးနားရမည်ဟု
အများက ခန့်မှန်းကြသည်။ အာဂျင်ဘက်မှ
ဒေါ်လာ1.5 သန်းလောင်းသူပင်ရှိသည်။

ဒေါ်လာတစ်သန်းခွဲဆိုသည်က ကိုယ်တွေအဖို့
အိပ်မက်ပင် မက်ခွင့်မရှိသော ငွေကြေး။
ထိုငွေကြေးကို သုံးနာရီကျော် လေးနာရီအတွင်းမှာ
သုံးစွဲလိုက်သည့် သူဌေးက မည်မျှချမ်းသာသည်
မသိပေ။ ဥစ္စာပစ္စည်း ငွေကြေးဆိုသည်က
တခဏလေးအတွင်းမှာ မျက်လှည့်ပြသလို
ပျောက်ဆုံးသွားတတ်သည်။ မေတ္တာတရား
ဆိုသည်က မပျောက်ဆုံးနိုင်သလို တစိမ့်စိမ့်ဖြင့်
ကြည်နူးအေးချမ်းမှုကို ရစေသည်။

သဘာဝတရားကြီးက သူ့အလိုအတိုင်းသွားနေသည်။
ကိုယ့်လောဘ မပြည့်သဖြင့် သဘာဝတရားကြီးကို
အပြစ်ပြောဆိုသမှုလည်း ရှိတတ်သေးသည်။
တခါတရံကျတော့ နင်လားဟဲ့ လောကဓံ ဆိုပြီး
အံ့ခဲကြိုးစားကြသူများအဖို့ ဘဝပန်းတိုင်က
ကျေနပ်စရာကောင်းနေပေမည်။ ဘဝခရီးလမ်းမှာ
လျှောက်လှမ်းနေကြသူအမျိုးမျိုးရှိသည်။
ရိုသား ကြိုးစားသူရှိသလို၊ ဖြတ်လမ်းမှ အလွယ်နည်း
လိုက်သူများလည်း ရှိသည်။ ရိုးသား ကြိုးစားသူ
နည်းသလို၊ ချမ်းသာသူလည်း နည်းပေသည်။
ဖြတ်လမ်း အလွယ်လိုက်သူများသလို၊ ဆင်းရဲသူက
လည်း များလှသည်။

သူ့ဟာနဲ့ သူတော့ ညီညီညာညာဖြစ်နေပေသည်။
ယခုအချိန်မှာတော့ ဖြတ်လမ်းနည်းလိုက်သူတွေက
များသလို။ ထိုသူတို့ကို အားကျနေသူတွေကလည်း
အများသား။ သို့ပေသိ ဒါတွေက ရေပွက်ပမာပင်။
မကောင်းမှု၊ ကောင်းမှု စသဖြင့် ဓမ္မ၊ အဓမ္မ ဆိုကြပေသိ။
ယခုမျက်မှောက်ဘဝမှာ နေရာကျ၊ အထာကျ
နေပါရင်ဖြင့် မကောင်းမှု ကောင်းမှု၊ ဓမ္မ၊ အဓမ္မ
တွေက ခေတ်စကားနဲ့ ပြောရပါရင် အကိုင်းကြီးကြီးမှာ
နားထားပါလေဟုသာ။

@htwegyi
July 21, 2026



0
0
0.000
0 comments