What Wrong United

avatar

United က ဘာဖြစ်ချင်နေ သနည်း။ ဘာဖြစ်ချင်နေ သနည်း ဆိုတာထက် ဘာဖြစ်နေတာလဲဟုသာ မေးရပေတော့မည်။ EPL မှာ Tottenham နှင့် သရေကျပြီး ခု UCL မှာ Atletico Madrid ကို ၂-၀ ဖြင့် ရှုံးလေ၏။ အသင်း၏ ကစားပုံက ခုနောက်ပိုင်း တဖြည်းဖြည်း ဆိုးလာနေခဲ့၏။ မနှစ်က ကစားသမားတွေအပြင် ထပ်မံ ဖြည့်စွမ်းထားသည့် ကစားသမားတွေနဲ့ဆို အနေအထားတခုတော့ ရှိရမည် မဟုတ်လား။ လူတွေ ထပ်ဖြည့်ထားရဲ့နဲ့ ဘာတွေများ လွဲချော်နေသနည်း။

တခုခု ဖြစ်တိုင်း နည်းပြကို လက်ညှိုးထိုးတာတော့ မဟုတ်ပေမဲ့ အသင်းတသင်းမှာ နည်းပြက အဓိကပင်။ ရုပ်ရှင်ဒါရိုက်တာကို ရိုက်ကွင်းရဲ့ ဘုရင်ဟု သတ်မှတ်ကြရင် နည်းပြသည်လည်း မြက်ခင်းစိမ်းတို့၏ ဘုရင် မဟုတ်ပါလား။ ယာယီ နည်းပြ အဖြစ် သပ်ရပ်လှပစွာ အသုံးတော်ခံခဲ့ပြီး ခု အမြဲတမ်း နည်းပြ ဖြစ်မှ ကမောက်ကမတွေ ထထ ဖြစ်နေတာတော့ မဟုတ်သေးပေ။ Michael Carrick သည်လည်း သူ့နည်း သူ့ဟန်နဲ့ ကစားကွက် ဖော်ဆောင်နေသည် ဆိုပေမဲ့ ထူးပြီး ကောင်းလာတာမျိုးတော့ မတွေ့ရသေးပေ။

အသင်း မအောင်မြင်တိုင်း နည်းပြ လဲတာက အဖြေ မဟုတ်ပေမဲ့ အသင်း၏ စွမ်းဆောင်ရည် မတိုးတက်လာရင်တော့ နည်းပြမှာ တာဝန် ရှိသည် မဟုတ်လား။ ဒီနေရာမှာ ကွင်းအတွင်း စွမ်းဆောင်ရည် တခုထဲကိုလည်း ကြည့်လို့ မဖြစ်ပေ။ ကွင်းထဲမှာ ခြေစွမ်းပြနိုင်ဖို့ ဖိအား ကင်းဖို့နဲ့ အခြား အထောက်အပံ့ကောင်းတွေ များစွာ လိုအပ်၏။ ထို့ကြောင့် ဘုတ်အဖွဲ့နဲ့ နည်းပြ အဖွဲ့ဝင်တွေ၏ လုပ်ဆောင်မှုတွေကလည်း အရေးပါလို့လာ၏။

တဆိတ်ရှိတိုင်း အတိတ်ကိုပဲ ပြန်လွမ်းနေရတာကလည်း United ပရိတ်သတ်တွေအဖို့ သနားစရာပင်။ Sir Alex ကြီးသာ ကိုင်တွယ်နေသေးရင် ဆိုပြီး တသသ ပြန်ဖြစ်နေရတာကြီးက အဆင်မပြေပေ။ Arsenal အတွက် Mikel Arteta တာက တကျော့ပြန် Arsene Wenger တဦးဆိုရင် United အတွက် ဘယ်သူက တကျော့ပြန် Sir Alex ဖြစ်မှာပဲ။ Arsenal တောင် အောင်မြင်မှု သရဖူတွေ ပြန်ဆောင်းနေရပြီ ကိုယ်တွေ United မှာတော့ အဆင်မပြေမှုတွေနဲ့ လုံးထွေးနေရဆဲ။

လာမယ့် Sunday မှာ EPL Round 7 အဖြစ် Leeds အသင်းနဲ့ အဝေးကွင်းမှာ သွားရောက် ကစားရပေလိမ့်ဦးမည်။ လက်ရှိမှာ Leeds က ၉ မှတ်နဲ့ အဆင့် ၇၊ ကိုယ်တွေက ၆ မှတ်နဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေ၏။ ဘယ်လို ရလဒ် ထွက်ပေါ်မည်တော့ မပြောတတ်တော့ပေ။ United ပွဲတွေကို တခုတ်တရကြီး စောင့်ကြည့် ဖြစ်တာမျိုး သိပ်မရှိတော့ပေ။ ဒါပေမဲ့ တိတ်တဆိတ်နဲ့တော့ အားပေးနေဆဲပါလေ။

(photos from UEFA & Man United pages)



0
0
0.000
0 comments