Round of 16 :: 1 st Lag 1 Day

ဒီမနက်မှာ UCL Round of 16 ပထမကျော့ ပွဲစဉ်များ ထဲမှ ၄ ပွဲ ကစားခဲ့၏။ နက်ဖြန်မှာ နောက်ထပ် ၄ ပွဲ ကစားမည် ဖြစ်၏။ ဒီနေ့ ကစားခဲ့သည့် ပွဲစဉ် ၄ ပွဲမှာ EPL အသင်း ၃ သင်း ပါဝင်နေခဲ့၏။ Tottenham, New Castle, Liverpool တို့ ဖြစ်၏။ သုံးသင်းလုံး ရလဒ်အားဖြင့် အားရစရာတော့ မရှိနေခဲ့ပေ။ Tottenham က Atletico Madrid ကို အဝေးကွင်းမှာ ၅-၂ ဖြင့် ရှုံးနိမ့်သွားခဲ့၏။ Tottenham ထက်စာရင် New Castle က တော်သေးသည်ဟု ဆိုရမည်။ အိမ်ကွင်းမှာ Barcelona ကို ၁-၁ သရေ ကစားထား၏။

Liverpool အနေဖြင့်လည်း Galatasaray အသင်းကို အဝေးကွင်းမှာ ၁-၀ ဆိုသည့် ရလဒ်ဖြင့် ရှုံးနိမ့်သွားခဲ့ရလေ၏။ Tottenham ထက်စာရင် Liverpool နှင့် New Castle တို့မှာတော့ မျှော်လင့်ချက် ပို၍ ကျန်ရှိနေသေးသည်ဟု ဆိုရမည်။ ထိုသို့ ပြော၍ Tottenham အတွက် မျှော်လင့်ချက် လုံးဝ မရှိတော့တာတော့ မဟုတ်ပေ။ ဒုတိယကျော့ အိမ်ကွင်းမှာ ၃ ဂိုးနှင့် အထက် သွင်းနိုင်ဖို့တော့ လိုပေလိမ့်မည်။

သူတို့ ထက် အခြေအနေဆိုးနေတာက Atalanta ဖြစ်၏။ Bayern Munchen ကို အိမ်ကွင်းမှာ ၁-၆ ဖြင့် ဂိုးပြတ် ရှုံးနိမ့်သွားခဲ့ရ၏။ အီတလီမြေမှ တသင်းထဲသော အသင်းအနေဖြင့် ဒီအတိုင်းဆို Round of 16 အဆင့်ကနေ နှုတ်ဆက် ထွက်ခွာရတော့မယ့် ပုံပင်။ Bayern Munchen အိမ်ကွင်းကြီးမှာ Atlanta အနေဖြင့် ၅ ဂိုး ပြန်သွင်းပြနိုင်ဖို့က တကယ် မလွယ်သည့် ကိစ္စ တခုပင်။

နက်ဖြန် ပွဲစဉ်တွေမှာလည်း ထုံးစံအတိုင်း EPL မှ ၃ သင်း ပါဝင်နေသေး၏။ Leverkusen vs Arsenal, Bodo/Glmit vs Sporting CP, PSG vs Chelsea, Real Madrid vs Man City တို့ ဖြစ်ကြ၏။ PSG vs Chelsea ပွဲစဉ်ကတော့ တကယ် စိတ်ဝင်စားဖို့ ကောင်း၏။ ဖီဖာ ကမ္ဘာ့ကလပ် ဗိုလ်လုပွဲမှာ တုန်းက Chelsea က PSG ကို ၃-၀ ဖြင့် အနိုင်ရထားခဲ့၏။ PSG တို့ ရှုံးကြွေး ပြန်ဆပ်နိုင်မလား ကြည့်ရပေလိမ့်မည်။

Real Madrid vs Man City ကတော့ မကြာခဏကို ဆုံနေကြ သလိုပင်။ အဘက်ဘက်မှာ အင်အားကြီးသည့် အသင်း နှစ်သင်း Round of 16 အဆင့်မှာ ခပ်‌စောစော တွေ့နေတာက နှမြောစရာပင်။ သူတို့ နှစ်သင်းထဲက တသင်းကတော့ ကွာတားဖိုင်နယ်မှာ Bayern Munchen နဲ့ တွေ့ဖို့ များနေခဲ့၏။ Round of 16 မဲခွဲထားမှုက တဖက်ထဲမှာ ချန်ပီယံဟောင်းတွေ များနေခြင်း ဖြစ်၏။ ဘာပဲ ပြောပြော UCL ပွဲစဉ်တွေက ရင်ခုန် စိတ်လှုပ်ရှားဖို့ ကောင်းတာ ဘယ်သူမှ ငြင်းမည် မဟုတ်ပေ။

(photos from UCL page)



0
0
0.000
0 comments