Road to success

avatar

ခါးနာတာ သက်သာနေပြီ။ Training လည်း ပြန်လုပ်နိုင်ပြီ။ သက်သာသည် ဆိုပေမဲ့ တချို့ရက်တွေ လှုပ်ရှားရတာ များရင် နည်းနည်းပြန်နာချင်၏။ ဥပမာ မီးဖိုခန်းမှာ ချက်ရေးပြုတ်ရေး ကြာသွားသည့် ရက်မျိုးပေါ့။ တလောက အမေ နေမကောင်း။ ဇက် ကြီးပေါင်းကြောင့် မူးမူးနေတယ် ပြောလို့ တိုင်းရင်းဆေးကော၊ ဆေးရုံကော ပြ ရ၏။ ခုတော့ သက်သာနေပါပြီ။

သက်သာပြီ ဆိုပေမဲ့ ယခင်လိုတော့ ‌မဟုတ်တော့ပေ။ အသက်လည်း ရလာပြီကိုး။ အမေ့ကို မီးဖိုခန်း မဝင်စေတော့ဘဲ ကျနော်နဲ့ အမက ချက်ပြုတ်ကြ၏။ ဒါတောင် သက်သာ လာတာနဲ့ အမေက ဟိုဟာသင်၊ ဒီဟာသင်နဲ့ လာလာဝင်လုပ်နေပြန်သေး၏။ လှုပ်လှုပ်ရှားရှား မရှိရင် ပို၍ ဆိုးမည် ကြောက်လို့သာ နည်းနည်းသာ လုပ်စေ၏။ ပြီးရင် သွားနားတော့ ဆိုပြီး မီးဖိုခန်းအပြင်သို့ မနည်းကောင်း ထွက်ခိုင်းရ၏။

ခါးနာ သက်သာနေပြီဆိုမှ ဒီမနက် ထတော့ ဘယ်ဖက် လက်ပြင်နဲ့ လည်ဂုတ်က နာနေ၏။ လက်ပြင်ကြော ကျ သို့မဟုတ် နာနေပြီ ထင်ပါရဲ့။ ဘာကြောင့်ရယ် အဖြေ ရှာမရ။ ညက အိပ်တဲ့ အချိန်မှာများ တခုခု လွဲလေသလား။ အိပ်ပျော်သွားမှာတော့ ဘယ်သိမလဲ။ အနေအထား မမှန်ဘဲ တဖက်ဖက်ကို အကြာကြီး ဖိအိပ်မိသွားလို့လည်း ပါမယ် ထင်ပါရဲ့။

ဘာကြောင့်ရယ် မသိသော်လည်း နာတာတော့ နာနေခဲ့ပြီ။ ဆေးလိမ်းမှရမည်။ ညက Mobile Legends ပြိုင်ပွဲ ကြည့်ရင်း အိပ်ပျော်သွား၏။ အဲ့တုန်းက အနေအထား လွဲသွားလေ သလားပေါ့။ မြန်မာအသင်း YG အနေဖြင့် နှစ်ပွဲ ကစားပြီး နှစ်ပွဲလုံး ၂-၀ ဖြင့် Knockout အဆင့်သို့ တက်လှမ်းသွားပြီ ဖြစ်၏။

မြန်မာ့ MLBB အကြောင်းပြောရင် M2 တုန်းက BG ၏ Grand Final အဆင့်ထိ တက်လှမ်းနိုင်ပြီး 1 st Runner up ရခဲ့တာသာ ရှိ၏။ ထို့နောက်ပိုင်း နိုင်ငံတကာ ပြိုင်ပွဲတွေမှာ အောင်မြင်မှု တစုံတရာ ထပ်၍ မရ၊ မပြနိုင်ခဲ့ပေ။ ဒီတချိန် EWC, MSC ပြိုင်ပွဲမှာတော့ မြန်မာအသင်း YG အနေဖြင့် တခုခုများ လုပ်ပြ နိုင်မလားကတော့ စိတ်ဝင်စားဖို့ ကောင်းနေခဲ့၏။

(photos from YG page)



0
0
0.000
0 comments