ပွဲတော် တဲ့လား

avatar

တန်ဆောင်တိုင် ပွဲမတိုင်မီ မိုးရွာတာ ရပ်သွား၏။ ဖွင့်ပွဲက ၁၆ ရက်နေ့ ဖြစ်၏။ သို့ပေမဲ့ နေ့လွှတ် အရုပ်တွေကိုတော့ ၁၃ ရက်နေ့ ကတည်းက လွှတ်တင်နေပြီ ဖြစ်၏။ COVID-19 ပြီးကတည်းက တန်ဆောင်တိုင် မလည်ဖြစ်တော့ပေ။ ၆ နှစ် ၇ နှစ်လောက် ရှိတော့မယ်။ ပွဲတော်က ပွဲတော်နဲ့ မတူတော့တာလည်း ပါ၏။ ပွဲတော်က အပျော်ထက် အပျက်များလာ၏။ ရိုးရာ အငွေ့အသက်တွေ မရတော့ပေ။ ဘယ်အချိန် ပွဲ ပြန်လည် ဖြစ်မယ် ကျနော် မသိပေ။ တချိန်ချိန်တော့ ပြန်လည် ဖြစ်မယ် ထင်ပါရဲ့။

မရွာတော့သည့် မိုးက မနေ့ ညနေက ထပ်ရွာ၏။ နေရာစုံ ရွာတာတော့ မဟုတ်လောက်ပေ။ ကွက်ကြားမိုး ဖြစ်မည်ထင်။ ရေတော့ အနည်းငယ် ပါ၏။ ပွဲတော်နဲ့ မိုးက နောက်ပိုင်း နှစ်တွေမှာ မကြာခဏ ဆုံလေ့ ရှိ၏။ တခါတလေ ခဏတဖြုတ်ပဲ တွေ့ပေမဲ့ တခါတလေ ရက်ကြာကြာလေးလည်း တွေ့တတ်ပြန်သေး၏။ တန်ဆောင်တိုင် မိုးမလွတ်တာ ကြာခဲ့ပြီ။ ရာသီဥတုတွေကလည်း ဖောက်ပြန်နေပြီကိုး။

ညနေက ရွာပြီး ညဦးပိုင်းမှာ တိတ်သွား၏။ မနေ့က ညနေမှ ရွာပေမဲ့ တနေကုန် မိုးအုံ့၏။ နေကို ကောင်းကောင်း မမြင်လိုက်ရပေ။ ဒီနေ့ မနက်တောင် မိုးက အုံ့နေပြန်၏။ ဒီနေ့လည်း မိုးမင်းက ပွဲထပ်လည်ချင်နေသေးသည့်ပုံပင်။ ကိုယ် ပွဲမလည်ပေမဲ့ အခြား ပွဲလည်သူနဲ့ ဈေးသည်တွေအဖို့ မိုးရွာရင် အဆင်ပြေမှာ မဟုတ်ပေ။

ပွဲတော် မစခင် ရက်ပိုင်းလောက်က ပွဲတော်ကျင်းပရာ နေရာသို့ ရောက်ဖြစ်သေး၏။ ပွဲ မစခင် ရှေ့ ၃၊ ၄၊ ၅ ရက်ကတည်းက အဆိုပါနေရာက စည်ကားနေပြီ ဖြစ်၏။ ဒီကာလကြီး လည်ပတ်လို့ရသည့် နေရာကလည်း အရှားသားမလား။ တနိုင်ငံလုံး ဒုက္ခပင်လယ်ဝေနေချိန် မလား။ ဒါကြောင့်လည်း အပြောခံနေကြရတာပဲလေ။ တိုင်းပြည်က ဒီလို ဖြစ်နေတာ မင်းတို့က ပွဲလုပ်နေသလားပေါ့။ ရှေးယခင် ကတည်းက ကျင်းပလာသည့် ရိုးရာ ပွဲတော်မလား။

နောက်ပိုင်း Social media တွေကြောင့် ပွဲတော်ကို လူတွေ ပိုမို သိရှိလာပြီးနောက်မှာ ပိုမို စည်ကားလာခဲ့သည် ပြောရမယ်။ လူများလာတာ နှင့်အမျှ သေချာ ကြပ်မတ် ထိန်းသိမ်းနိုင်ဖို့လည်း လို၏။ အဖက်ဖက်က ထိန်းသိမ်း ပဲ့ပြင်မှု မရှိရင် ပွဲတော်၏ မူလ အရသာ ပျောက်သွားပေလိမ့်မည်။



0
0
0.000
0 comments