နေကောင်းပြီ ဈေးတော့ မကောင်းသေး

နေမကောင်းတာ တဖြည်းဖြည်းတော့ သက်သာလာခဲ့ပြီ။ လည်ပင်းနာ၊ ချောင်းဆိုးတော့ ကျန်နေသေး၏။ ချောင်းက တော်တော်ကို ဆိုး၏။ ဒီရက်ပိုင်းမှ အနည်းငယ် သက်သာ၏။ ဆိုးနေတုန်းကများဆို မျက်ရည်တွေပါဝဲတဲ့အထိပင်။ ကော်ဖီလည်း မသောက်ရနဲ့ အတော်လေး ဆိုးလှ၏။ တရက်သားကလည်း လက်ဖက်သုပ် စားလိုက်တာ ပြန်ဆိုးပါလေရော။ သို့နှင့် လက်ဖက်သုပ်ပါ မစားရတော့ပေ။ လက်ဖက်သုပ်နှင့် ကော်ဖီက ကျနော် ကြိုက်သည့် အစားအသောက်တွေထဲမှာ ပါ၏။
ညီဝမ်းကွဲက သူ့ကားကိစ္စ လာလုပ်ရင်း နှစ်ပြန်ကြော် လက်ဆောင်ပေးသွား၏။ ကိုယ့်မှာ မြင်သာ မြင်နေရတာ မကြင်ရသည့် အဖြစ်။ အာလူးကြော်တွေလည်း ရှိသေး၏။ ကျနော်တို့ Futsal ကစားနေကြ ကွင်းက ဘောစိက အာလူးကြော် လုပ်ငန်းပါ လုပ်၏။ အာလူးကြော် အကြေအခြမ်းများကို ပိဿာချိန်နဲ့ တောင်းဝယ်ထား၏။ အထုပ်ထက်စာရင် အဲ့တာက ပိုတန်၏။ နည်းနည်းတော့ ကြေသပေါ့။ နို့ပေမဲ့ စားလို့ဖြစ်ပါ၏။ သူက အာလူးကြော်ကို အရသာ လေးမျိုးနှင့် ထုတ်၏။ လေးမျိုးလုံး စားကောင်း၏။

မြေပဲဆံလည်း ကျနော် ကြိုက်သေး၏။ မကြာခဏ ကြော်ဖြစ်၏။ တခါတလေ ဟင်းကပ်သဘောမျိုး စား၏။ ထမင်းဆီဆမ်း ကြက်ကြော်၊ အမဲကြော်၊ မြေပဲဆံ အစရှိသည်တို့နှင့် တွဲစား ဖြစ်၏။ နို့ပေမဲ့ လောလောဆယ် လက်ဖက်သုပ်ကော၊ အာလူးကြော်ကော၊ မြေပဲဆံကော ထိမရပေ။ တရက်သားက စိတ်ပေါက်ပေါက်နဲ့ မြေပဲဆံတွေ စားပစ်လိုက်၏။ အသံပါ ပျောက်သွား၏။ စကားပြောရင် အက်အက်ကြီး ဖြစ်နေတော့၏။ ကောင်းရော။ ခဏ ပြန်ငြိမ်နေလိုက်ရပြန်၏။ အရှင်းပျောက်မှပဲ ပြန်စားတော့မည်။
Hive ဈေးကလည်း မက်လောက်စရာ မရှိတော့ပေ။ မမက်လောက်လည်း မစွန့်ပစ်ရဲပေ။ ငါးမူးရရ၊ ငါးပြားရရ စုတော့ စုနေရမှာပဲ။ တချိန် ဈေးပြန်ကောင်းရဲ့ဆိုသည့် စိတ်လေးနဲ့ ကျားကန်ထားရ၏။ ဈေးကြနေတော့ ပါဝါပိုပြီး စုကောင်းတာပေါ့ဟုသာ ဖြေတွေးလေးတွေးနေရ၏။ ပြောသာပြောရတာ ယခင် BTC တက်တုန်းကတောင် လိုက်တက်လေ့ မရှိသည့် Hive ဆိုတော့ သိပ်အများကြီး မမျှော်လင့်ရဲ။ ကိုယ်ရွှေ Hive က လိုက်သာ မတက်တာ လိုက်တော့ ကျလေ့ ရှိ၏။ ထူးဆန်းပါပေ့။
Hive ဈေးကျတော့ သူ့ ecosystem ထဲက tokens တွေပါ လိုက်ကျကြ၏။ Tribaldex (Hive-engine) ထဲ မဝင်ဖြစ်အောင်သာ နေလိုက်၏။ နည်းနည်း စိတ်သက်သာရာရလည်း မနည်းဘူးမလား။ ယခင်ကတော့ မကြာခဏ ဝင်ပြီး power up တာတို့ stake လုပ်တာတို့ လုပ်ဖြစ်၏။ ခုတလောတော့ သူလည်း သူ့သူနေ၊ ငါလည်း ငါ့ငါနေ လုပ်ထားလိုက်၏။ ကျန်းမာရေး ဂရုစိုက်၊ စာ ပုံမှန်ရေး၊ ဘောလုံး မှန်မှန်ကန်ရင်း Hive ဈေး ပြန်ကောင်းလာမယ့် အချိန်ကို စောင့်ကြတာပေါ့။
ကိုဒွန်ကြီးက ချောင်းဆိုးတဲ့
အစားအစာတွေ ကြိုက်တာကိုး။
!LOLZ
!MEME
ဘယ်သူ့မှ ဆိုးမရလို့ ကိုယ့်ကိုဆိုး
😅