ကျောင်းများ ဖွင့်လေပြီ

ကျောင်းဖွင့် ရာသီ ပြန်ရောက်ပြီ ဖြစ်၏။ ဒီတပတ် တနင်္လာမှာ ကျောင်းတွေ ပြန်ဖွင့်၏။ မချစ်သော်လည်း အောင့်ခါနမ်း ဆိုသလို မနှစ်ကစလို့ ဒီဘက်ကျောင်းမှာ ကလေးတွေကို ကျောင်းပြန်ထားလိုက်ရ၏။ အမတွေကြောင့်လည်း ပါ၏။ ကျနော့် သဘောအရဆို Online learning, home education နဲ့သာ သွားချင်၏။ သို့ပေမဲ့ ကိုယ်မွေးထားသည့် သားသမီးတွေ မဟုတ်သောကြောင့် ဆုံးဖြတ် ပိုင်ခွင့် မရှိနေပေ။ ထို့ကြောင့် သူတို့ လုပ်ချင်တာကိုသာ လိုက်လုပ် ပေးရလေတော့၏။
Online school ထားတုန်းကနဲ့ ခု အပြင်ကျောင်းက ဘာမှကို မတူ၊ မဆိုင်ပေ။ Online class တုန်းက ကလေးတွေမှာ တိုးတက်မှုတွေ တွေ့မြင်ခဲ့ရပေမဲ့ ခု အပြင်ကျောင်းမှာတော့ ယခင် ရှိနေပြီးသား တိုးတက်မှုတွေတောင် ဆုတ်ယုတ်သွားသလိုပင်။ ဟ မင်းဟာက အဲ့လောက်တောင်ဆိုးလို့လားဟု ပြောကြပေလိမ့်မည်။ မင်းပြောသလိုသာဆို အပြင်ကျောင်းထားမယ့်သူတောင် ရှိမှာ မဟုတ်တော့ဘူးဟု ပြန်ပြောကြပေလိမ့်မည်။

ယနေ့ခေတ် ကျောင်းတွေမှာက ကျနော်တို့တုန်းကနဲ့ မတူတော့ပေ။ ကလေးတွေမှာ ကိုယ်တွေတုန်းကထက် ဖိအားတွေ ပိုများလာနေသလိုပင်။ ပြီးကလေး အများစု စိတ်ထဲမှာ ဒီစာတွေကို ငါတို့က ဘယ်နား သုံးလို့ရလို့လဲ ဟု မေးခွန်းတွေ ထုတ်လာကြ၏။ အိမ်က ချန်ပီယံ နှစ်ယောက်တောင် အလားတူ မေးခွန်းမျိုးမေးလို့ သေချာ ရှင်းပြလိုက်ရသေး၏။
ကျောင်းဆိုတာ ပျော်နေရမယ့် နေရာ ဖြစ်သင့်၏။ အပျော်ချည်းချည်းသက်သက်ဆိုရင်လည်း အဆင်မပြေပေ။ ကျောင်းနေပျော်၍ ပညာတော်ရမည် ဆိုထားသည် မဟုတ်လား။ ဒီနှစ် အပိုင်းအခြားထဲ သင်ကြားရေး အတွေ့အကြုံရင့် ဆရာ၊ ဆရာမ တွေ နှုတ်ထွက်သွားပြီးနောက် အစားထိုး ဝင်ရောက်လာသည့် ဆရာ၊ ဆရာမတွေက အရည်အချင်း အနေဖြင့် အတော်လေး လိုအပ်နေသေး၏။
ဆရာ ဆိုသည့် အမျိုးက ကိုယ်တိုင် တတ်သိ ရမယ့် အပြင် မိမိ တပည့်တွေကိုလည်း ကျွမ်းကျင် လိမ္မာအောင် သင်ပြပေးရပေလိမ့်မည်။ အမယ် အဲ့လောက် သိနေရင် မင်း ဝင်သင်ပါလားဟု ပြောကြပေလိမ့်မည်။ ယခင်ကတော့ ကျနော် စာသင်ခဲ့ပါ၏။ ခု နားထားတာ အတော်လေး ကြာသွားခဲ့ပြီ။ အာဏာသိမ်းသည့် ကာလက စလို့ပေါ့။ ပြင်ပ ဆရာတယောက် ဖြစ်ပေမဲ့ ဒီကာလကြီးမှာ ကျနော် စာ မသင် ဖြစ်တော့ပေ။ သို့ပေမဲ့ ကလေးတွေကို မြင်တိုင်း ရင်ထဲ မကောင်းပေ။ လုပ်ပေးချင်ပေမဲ့ ကိုယ်တိုင်က စိတ်မပါနေသေးသဖြင့် ဒီအတိုင်း ရင်မောရင်းသာ။ ရောင်နီ နေ့သစ်တွေ ရောက်ဖို့ အရင် ကြိုးစားလိုက်ပါဦးမယ်လေ။
ပညာရေးအတွက် ရင်လေးစရာပါလေ။
!PIZZA
!MEME
$PIZZA slices delivered:
@htwegyi(1/10) tipped @donjaun
Please vote for pizza.witness!