ခင်ခင် မင်မင်၊ ချစ်ချစ် ခင်ခင်

World Cup ပြီးသွားတော့ ငူငူငိုင်ငိုင်ကြီး ဖြစ်ကျန်ခဲ့၏။ ကြည့်ဖို့ ဘောလုံးပွဲ မရှိတော့လို့ မဟုတ်ပေ။ ရေးဖို့ မရှိတော့သောကြောင့် ဖြစ်၏။ ဘောလုံးပွဲ အကြောင်းတွေချည်း ရေးလာတာ များတော့ တခြား အကြောင်း ရေးဖို့ အစရှာရ ခက်လို့ နေခဲ့၏။ ကောင်းရော။ ယခင်ကတော့ အကြောင်းအရာစုံ ရေးဖြစ်ခဲ့ပါ၏။ နောက်ပိုင်း ဘောလုံးအကြောင်း ပို၍ ရေးဖြစ်၏။ သူက ရေးရပိုလွယ်သကိုး။ အားလည်း သိပ် စိုက်မထုတ်ရပေ။

ထို့ကြောင့် နောက်ပိုင်း ဘောလုံးပွဲ အကြောင်းတွေချည်းပဲ အရေးများလာခဲ့ခြင်း ဖြစ်၏။ ဘောလုံးပွဲက ကိုယ်တိုင် မကြည့်ဖြစ်တောင် Highlight ပြန်ကြည့်ပြီး ရေးလို့ရ၏။ Technical ဘာညာတွေ မဟုတ်ဘဲ မြင်မိ၊ တွေ့မိ၊ ခံစားမိတာကိုပဲ ရေးခြင်းမို့ မှတ်သားစရာ အသိ ဗဟုသုတတွေတော့ ပါမှာ မဟုတ်ပေ။ ကျနော်က ပညာရှင်လည်း မဟုတ်ပေ။ ဒီအတိုင်း ဝါသနာရှင် သက်သက်သာ။

ဒီနှစ် World Cup ကို အားရလား၊ စိတ်ကျေနပ်လား မေးက အား မရ၊ မကျေနပ်ဟုသာ ပြောရပေလိမ့်မည်။ အသင်း အရေအတွက် တိုးလာပေမဲ့ ကြည့်ရှု အားပေးရတာ ပေါ့နေသလိုကြီး ခံစားရ၏။ ဘာလိုလို့ လိုနေမှန်း မသိပေ။ အသင်း အရေအတွက် တိုးခြင်းနဲ့ ပတ်သက်လို့ ကြိုက်သူ၊ မကြိုက်သူတွေကတော့ ရှိနေမှာ အသေအချာပင်။ ပြီး ဒီနှစ် ကမ္ဘာ့ဖလားက တခြားနိုင်ငံ၊ ဒေသတွေမှာတော့ မသိ၊ ကျနော်တို့ ဆီမှာတော့ အတော်လေး အငြင်းအခုန် အပြောအဆိုတွေ ဖြစ်၏။

ဘယ်လောက်အထိဆို မိတ်ပျက်ဆွေပျက် မခေါ်မပြောနိုင်တွေ ဖြစ်ကုန်ကြသည် ဆို၏။ ကိုယ်နှင့် တိုက်ရိုက်ကြီး မသက်ဆိုင်သည့် အရာတခု အတွက် ကိုယ်နှင့် သက်ဆိုင်သူတွေ စိတ်ဝမ်းကွဲရတာမျိုးကြီးကတော့ မဟုတ်သေးဘူးလားလို့ပါ။ ကမ္ဘာ့ဖလားက အောင်အောင်မြင်မြင် ပြီးသွားပေမဲ့ ဒီမှာတော့ ခုထိ မပြီးနိုင် မစီးနိုင်။

Argentina ကို ပြောရင် Ronaldo fan ပဲဟု တရားသေ သတ်မှတ်ကြ၏။ Ronaldo ကို တိုက်ခိုက်ရင် Messi fan ပဲဟု တံဆိပ်ကပ်ပြန်ကြ၏။ မင်း Goat ထက် ငါ့ Goat ပိုမိုက်တယ်တွေနဲ့ စကားတွေများ၊ အငြင်းအခုန်တွေ ဖြစ်ကြနဲ့။ ဟို ၂ ယောက်က သူတို့ဟာ သူတို့ အေးအေးဆေးဆေးပင်။ Real Goat ကွဆိုသည့် ငြင်းခုန်မှုကြီးက သူတို့ ၂ ယောက် အနားယူသွားသည့်တိုင် ဆက်လက် ငြင်းခုန်နေကြဦးမယ့်ပုံပင်။ ဒါသည်ပင် ဘောလုံး ကမ္ဘာရဲ့ အရသာပဲဟု ဆိုရမည်ထင်ပါရဲ့။ ဒါပေမဲ့ မိတ်ပျက် ဆွေပျက် ထိတော့ မလုပ်ကြနဲ့ပေါ့ဗျာ။

(photos from FIFA World Cup page)



0
0
0.000
0 comments