Canada Draw

မနေ့ မနက် ၈ နာရီမှာ South Korea vs Czechia တို့ ယှဉ်ပြိုင် ကစား၏။ မနက် ၆ နာရီ ဆွမ်းထလောင်းလှူပြီး အဆာပြေ တခုခုစားကာ ၈ နာရီလောက်ဆို ပြန်အိပ်လေ့ ရှိသူမို့ ယခု ဘောလုံးပွဲကို ကြည့်ရမလား မကြည့်ရဘူးလား ဇဝေဇဝါ ဖြစ်လို့နေ၏။ ညကလည်း ဖွင့်ပွဲ ကြည့်ထားတော့ အိပ်ရေးက သိပ်မဝနေခဲ့။ ကြည့်မလား မကြည့်ဘူးလား လွန်ဆွဲနေရင်း အိပ်ရာထဲ လှဲနေလိုက်၏။ အိပ်ပျော်သလို မပျော်သလို ဖြစ်နေရာကနေ ၈ နာရီခွဲတော့ နိုးလာပြန်၏။ ကဲ မထူးတော့ပါဘူး ကြည့်ကွာပေါ့။
ကျနော် ကြည့်တော့ ပထမပိုင်း ပြီးခါနီးနေပြီ။ ပထမပိုင်းက ဂိုးမရှိ သရေနဲ့ ပြီးသွား၏။ ဒုတိယပိုင်း ၅၉ မိနစ်မှာ Czechia က ဦးဆောင်ဂိုး စတင် သွင်းယူ၏။ Korea တို့ နောက်က လိုက်ကစားခဲ့ရ၏။ ၆၇ မိနစ်မှာ ချေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့၏။ မိနစ် ၈၀ မှာတော့ Korea တို့ ဦးဆောင်ဂိုး ရသွားခဲ့လေ၏။ ယခုပွဲ အနိုင်ရရှိခဲ့သောကြောင့် Korea အနေဖြင့် အိမ်ရှင် Mexico နှင့်အတူ ရမှတ် ၃ မှတ် ရရှိထားခဲ့ပြီ ဖြစ်၏။

ဒီနေ့ မနက် ၁ နာရီခွဲမှာ ကစားခဲ့သည့် Canada vs Bosnian and Herzegovina ပွဲစဉ်ကိုတော့ စောင့်မကြည့်နိုင်တော့ပေ။ အုပ်စုတွင်း ၁ နာရီကျော် ပွဲစဉ်တွေ မကြည့်သေးဘူးဟု တွေးထား၏။ ကမ္ဘာ့ဖလားက ၄ နှစ်မှ တကြိမ် ဆိုပေမဲ့လည်း အိပ်ရေးကလည်း အရေးကြီး၏။ နေပြန်ကောင်းစ ဆိုတော့ အရဲကိုးလို့ မဖြစ်သေးပြန်ပေ။ ရှုံးထွက် ပွဲစဉ်လို အဆင့်ရောက်မှပဲ အခြေအနေ ကြည့်ကာ အားပေးတော့မည်။
Canada ပွဲစဉ်မှာတော့ အိမ်ရှင်အသင်း အနေဖြင့် ပထမပိုင်း ၂၁ မိနစ် မှာကတည်းက ဦးဆောင်ဂိုး ပေးထားရ၏။ ထို ၁ လုံးထဲသော ဦးဆောင်ဂိုးကို ဒုတိယပိုင်း ၇၈ မိနစ် ရောက်မှသာ အိမ်ရှင်တို့ ချေပနိုင်ခဲ့၏။ နောက်ပိုင်း မိနစ်တွေမှာတော့ ဘယ်သူကမှ ဂိုးထပ် မသွင်းနိုင်ဘဲ ၁-၁ သရေ ရလဒ်ဖြင့်သာ ပွဲပြီး သွားခဲ့လေ၏။
ဒီ မနက် ၇ နာရီခွဲမှာပဲ USA vs Paraguay ပွဲစဉ်လည်း ရှိနေပြန်သေး၏။ ဒီတခေါက် ကမ္ဘာ့ဖလား ပွဲစဉ်တွေက နည်းနည်းတော့ တမျိုးပင်။ အိမ်ရှင် နိုင်ငံတွေရဲ့ စံတော်ချိန်နဲ့ ကျနော်တို့ ရဲ့ စံတော်ချိန် ကွာဟမှုကြောင့် ပွဲချိန်တွေက ညဦးပိုင်း တွေ့ရဖို့ အတော်ကလေး နည်းမည်။ ၄၈ သင်း ဖြစ်နေတာရယ် အိမ်ရှင်က ၃ နိုင်ငံ ဖြစ်နေတာကြောင့် နောက်ရက်တွေဆို ပွဲစဉ်တွေက မနက် ၄ နာရီ ဝန်းကျင် မနက် ၁၀ နာရီ ဝန်းကျင်နှင့် ညဘက် ၁၀ နာရီ ၁၁ နာရီ ဝန်းကျင် ပွဲလေးတွေ ပါလာနိုင်၏။ USA ပွဲ မတိုင်ခင် ဖွင့်ပွဲမှာ Lisa လေး သီချင်းဆိုတာကိုလည်း အားပေးရသေး၏။ USA ဖွင့်ပွဲက Mexico ဖွင့်ပွဲလို သိပ်ပြီး ခမ်းခမ်းနားနား အကျယ်မချဲ့ထားပေ။ ဒီအတိုင်း အဖြစ်လောက်သာ။
(photos from FIFA World Cup)
ကျွန်တော်တို့ အာရှသားတွေကို အားပေးတယ်ဗျို့...
Come on South Korea 🇰🇷